Breaking News

မိုးမခမှ ရှာဖွေတင်ဆက်သည်- အောင်ဝေး၊ ကိုရွေး၊ အေးမင်းစော၊ မင်းငြိမ်းအေးတို့၏ နွေဦးတော်လှန်ရေးကဗျာများ


မိုးမခမှာ ရှာဖွေတင်ဆက်သည့် နွေဦးတော်လှန်ရေးကဗျာများ
(မိုးမခ) မတ် ၃၊ ၂၀၂၁

''န န်း သိ မ်း တို က် ပွဲ''
အောင်ဝေး

လမ်းပေါ်မှာ
စစ်ဖြစ်နေတယ်။
စစ်ပွဲဟာ
လမ်းပေါ်မှာ
ဖြစ်နေတယ်။
စစ်တပ်နဲ့ရဲတွေက
မျက်ရည်ယိုဗုံးနဲ့ ပစ်တော့
ငါတို့က
အသက်တွေကိုဗုံးလုပ်ပြီး
ပြန်ပစ်လိုက်တယ်။
ငှက်တွေ ပျံသန်းလာသလို
မီးခိုးလုံးတွေကြားမှာ
ကျည်ဆန်တွေ ပျံသန်းလာတယ်။
လမ်းပေါ်က စစ်ဟာ
လမ်းပေါ်က ခေတ်ပဲ။
မြစ်တွေ စီးဆင်းသွားသလို
စစ်ဖြစ်နေတဲ့
လမ်းပေါ်မှာ
ခေတ်ကလည်း ကြီးပြင်းလာတယ်
ငါတို့လည်း ကြီးပြင်းလာတယ်။
ရဲနဲ့စစ်တပ်က
ငါတို့ကိုသတ်တယ်
ရှင်ရက်နဲ့ သေသွားတာက
သူတို့ဘဝပဲ။
ငါတို့ဟာ
လမ်းနဲ့ သွေးသားတော်စပ်ပေမဲ့
လမ်းပေါ်မှာ
ငါတို့အနာဂတ် မရှိဘူး။
တို့လွမ်းစရာ
တို့ အနာဂတ်က
နန်းတော်မှာ။
လမ်းပေါ်ကစတဲ့
တိုက်ပွဲ
နန်းတော်မှာ အဆုံးသတ်ရမယ်။
ရဲဘော်တို့
နန်းတော်ကို ချီတက်ကြ။     ။
-
(မတ်၂၊ ၂၀၂၁)
...
" နွေဦးလက်ဆောင် "
ကိုရွေး 

တကယ်ပါ
နွေဦးကို ရဘေူးလေးထဲအသာထည့်
လက်ဆောင်ပါးလိုက်ရဲ့။
၂၅.၀၂.၂၀၂၁
...

'' လမ်း ''
အေးမင်းစော

အိမ်ဝမှာအမေ့ကိုထားခဲ့
သရဏဂုံသုံပါးကိုသယ်ခဲ့
ဒီမျက်နှာ
နောက်တစ်ခါ ပြန်မြင်ချင်မှမြင်ပါလိမ့်မယ်အမေ
ဒီအသံ နောက်တစ်ခါပြန်ကြားချင်မှ ကြားပါလိမ့်မယ်အမေ။
နေမြင့်လေ အရူးရင့်လေ
အဖူးအပွင့်တွေလည်း ကန်းခဲ့တာကြပြီမို့
ညှို့နေတဲ့ လမ်းမပေါ်ပြေးထွက်
သွေးစက်လက်ဆိုလည်း
စိုရွှဲရလိမ့်မယ် အမေ
နေမညိုခင်
သြော်   နေမညိုခင်ပေါ့။           ။
...
'' အရှိမဲ့မျက်လုံးများ ''
မင်းငြိမ်းအေး

သူ့ရှေ့ မှာ
အဖြစ်၊အပျက်တွေက
တန်းစီလို့
ဓမ္မနဲ့အဓမ္မကြား
အော်သံနှစ်ခု
ဆုတောင်းနဲ့ကျိန်စာ
မျက်ရည်ခန်းတဲ့အထိ
ညှီဟောက်နေတဲ့သွေးနံ့က
အမြင်နဲ့မကပ်တော့ဘူး ။
ချွတ်ချလိုက်ရုံနဲ့
အရှက်တရားကကုန်မလား
တောင်တန်းတွေလည်းဒူးတုန်လို့
တောအုပ်တွေလည်းအမျှင်ကျွတ်လို့
ကလေးတစ်ယောက်တောင်းနေတဲ့အစာက
ကိုယ်တိုင်ငတ်မွတ်ခဲ့လေပြီ ။
လမ်းပေါ်မှာ
ကားတက်ကြိတ်ထားတဲ့မျက်လုံးတွေ
အမြင်တွေပိပြားခဲ့
ငကန်းမသေခင်
ငစွေပေါ်လာခဲ့ ပြီ ။
...
- ဖော်ပြပါ ကဗျာ ပန်းချီများအတွက် ဆရာများအားလုံးကို Credit ပေးပါသည်။