Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၃၀ရက် မြောက်နေ့ မြင်ကွင်း ...



မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၃၀ရက် မြောက်နေ့ မြင်ကွင်း ...

(မိုးမခ) မတ် ၂၊ ၂၀၂၁

ရန်ကုန် မြင်ကွင်းက လမ်းမကြီးတချို့ အုတ်ခဲတွေ ဓါတ်တိုင် ဟောင်းတွေ ကွန်ကရစ်တုံးတွေ နဲ့ ပိတ်ထားတာ ကားအသွားအလာ ဒီနေ့ တော်တော်နည်းသွားတယ်။ သတ်သတ်မှတ်မှတ် နေရာတွေမှာ ဆန္ဒပြတာဆိုတာထက် လမ်းထဲ ဖြိုခွဲဖို့ ဝင်မလာနိုင်အောင် ဂြိုဟ်တုဖမ်းတဲ့ စလောင်းဗန်းတွေ၊ ပလပ်စတစ်တိုင်ကီ ထက်ပိုင်းဖြတ်ထားတာတွေ၊ သွပ်လေးထောင့်ပြားမှာ လူထု ဆိုတဲ့ စာတမ်းဆေးနဲ့ ရိုက်ထားတဲ့ လက်လုပ်ဒိုင်းတွေ၊ ကော်ဦးထုပ်တွေ၊ ခုခံစစ်သဖွယ် ဆင်နွှဲနေကြတယ် လက်ကိုင် စပီကာနဲ့ အမိန့်ပေးသူက တက်မယ် ဆုတ်မယ် ရှောင်မယ် တိမ်းမယ် ဆိုတာမျိုးတွေနဲ့ မနက်ပိုင်း မွန်းလွဲပိုင်း ညနေပိုင်းထိ တပွဲပြီးတပွဲ ခုခံစစ်ပွဲဆင်နွှဲနေကြတယ်။

တောင်ဥက္ကလာ ဝေဇယန္တာ လမ်းမတလျောက်တော့ ရပ်ကွက်ထဲက သူတွေ မနက်စာစားပြီး ၁၁ နာရီလောက်ကတည်းက မိသားစု အလိုက်၊ မိခင်အရွယ်တွေ လူငယ် အရွယ် ကျားမ၊ ကလေးတွေပါ ခေါ်လာပြီး လမ်းမနှစ်ဘက် ၂ ချက် လမ်းလယ်ကျွန်း သစ်ပင်ပုတွေအရိပ်မှာ အခင်းတွေ ခင်း ပိုစတာတွေ ထောင်၊ လက်ကိုင် ပိုစတာ ကိုင်ပြီး ဖြတ်သွားတဲ့ကားတွေ ကို ကြွေးကြော်သံနဲ့ဆန္ဒပြကြတယ်၊ တချို့လည်း တနေ့လုံး လက် ၃ ချောင်းမြှောက်ထားရင်း တဖက်မှာ ပိုစတာကိုင်ထားရင်း သို့မဟုတ် ရင်ဘတ်မှာ ပိုစတာကို ချိတ်ဆွဲထားရင်း နာရီနဲ့ချီ ဆန္ဒပြကြတယ်၊ တချို့နေ့တွေမှာ ဒရမ်၊ ဂစ်တာ၊ စတာတွေနဲ့ လမ်းဘေး တီးဝိုင်းနဲ့ ဆန္ဒပြတဲ့ သီချင်းတွေ သီဆိုပြီး ညနေ ၆နာရီလောက်ထိ နေ့စဥ် ရက်ဆက် ဆန္ဒထွက်ပြကြတယ်။ သင်္ကြန်နဲ့လည်း တူသလိုရှိပေမယ့် တယောက်နဲ့တယောက်စတာ နောက်တာမပါ အတည်အတန့် နိုင်ငံရေး ဆန္ဒ ၊ ထောက်ခံမှုကို ပြကြတာမျိုး။ လမ်းတိုင်းလမ်းတိုင်းမှာတော့ မိတ္တူကူးစက်နဲ့ ကူးထားတဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ရုပ်ပုံ အဖြူအမဲရော ကာလာရောင်စုံပါ၊ ကတ္တရာလမ်းမပေါ် အများအပြားကပ်ထားကြပြီး လမ်းကူးသူတွေ နင်းသွားဖို့ ကားတွေ ဖြတ်နင်းသွားဖို့ လုပ်ထားကြတာပါ။

ဆန္ဒပြပွဲမှာ ပါဝင်သူတွေ အားလုံးရဲ့ ယုံကြည်မှုကတော့ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ အန်အယ်လ်ဒီအစိုးရ ပြန်အနိုင်ရရမယ်၊ ဒီပွဲမှာ စစ်အာဏာသိမ်းထားတဲ့ ဗိုလ်ချုပ်မင်းအောင်လှိုင် ရှံးကိုရှုံးမယ် အဲဒီရက်က မဝေးတော့ဘူးလို့ ယုံကြည်နေကြတာပါ။

ရန်ကုန်မြိုအပြင် နယ်တွေက မြို့ကြီး မြို့ငယ်တွေမှာ စစ်တပ်၊ ရဲ၊ အရပ်ဝတ် မဘသအဖွဲ့တွေရဲ့ အကြမ်းဖက်ဖြိုခွဲမှုက ပြင်းထန်ပါတယ်။ တက္ကသိုလ်ကျောင်းဆရာများသမဂ္ဂမှ ဆရာ​ဒေါက်တာအာကာမိုးသူကို လှိုင်မြို့နယ် MlCT အ​ရှေ့မှာ စစ်တပ်ပ အရပ်ဝတ်လက်နက်ကိုင်တွေနဲ့ အလစ်ဝင်ဖမ်းဆီးသွားပါတယ်။ ကလေးမြို့က ဆန္ဒပြသူတွေကို ရဲအင်အားနဲ့ မနှိမ်နင်းဘဲ စစ်တပ်နဲ့ ပစ်ခတ်တာကြောင့် လူ ၂ဦး ကျဆုံးခဲ့ပါတယ်။ ရန်ကုန်မြို့အနှံ့မှာ စစ်တပ်နဲ့ ရဲက လူတွေထဲကို အသံဗုံး၊ မျက်ရည်ယိုဗုံးပစ်၊ ရဲတပ်သား ၅၀ခန့် အနည်းဆုံးသုံးပြီး အတင်းဝင် ရိုက်နှက်ဖမ်းဆီးတာမျိုး ပြုလုပ်တာ ဖြစ်ပါတယ်။ ရပ်ကွက်ထဲမှာ အဓမ္မ တပ်စွဲပြီး ခြိမ်းခြောက်တာမျိုးတွေ လုပ်ပါတယ်။ ရေရှည်မှာတော့ သည်လိုမျိုးနည်းဗျူဟာက လူထုအင်အားပတ်လည်ဝိုင်းနေတဲ့ မြို့ပြတွေမှာ မအောင်မြင်နိုင်ပါဘူး။ ဖက်ဆစ်တွေက ပြည်သူတွေကို ဖြတ်လေးဖြတ် ကျင့်သုံးရင် လူထုကလည်း သူတို့ကို ဖြတ်လေးဖြတ် ကျင့်သုံးနိုင်ပါတယ်။ လက်ရှိမှာ Civil Disobedience နဲ့ Social Punishment ကို လက်ကိုင်စွဲထားပြီး အစိုးရယန္တယားတွေ မလည်ပတ်နိုင်တဲ့အပြင် consumer boycott စားသုံးသူသပိတ်ကိုလည်း ဆင်နွဲနေတာမို့ အာဏာသိမ်းအကြမ်းဖက်အုပ်စုဟာ ပြည်တွင်း ပြည်ပ ဖြတ်တောက်မှုကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ရပ်ကွက်တိုင်း မြို့နယ်တိုင်းဟာ သပိတ်စခန်း သပိတ်စစ်ကြောင်းတွေ ဖြစ်နေပြီဆိုရင် အကြမ်းဖက်စစ်အုပ်စုအတွက် ပိုပြီးကြပ်တည်းလာမှာ ဖြစ်ပါတယ်။

မတ်လ ၂ ရက်နေ့မှာပဲ CRPH က လွှတ်တော်ကော်မီတီအဆင့်ကနေ အစိုးရအဖွဲ့အထိ တိုးမြှင့်တာဝန်ယူလိုက်ပါတယ်။ ခေတ္တအစိုးရအဖွဲ့ ဝန်ကြီးအဖွဲ့ကို ကြေညာပါတယ်။ လူထုခေါင်းဆောင်တွေဖြစ်တဲ့ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၊ သမတဦးဝင်းမြင့်တို့ကို သစ္စာခံပြီး (၁) ဒေါ်ဇင်မာအောင် (နိုင်ငံခြားရေးဝန်ကြီးဌာန)၊ (၂) ဦးလွင်ကိုလတ် (သမ္မတရုံးဝန်ကြီးဌာန)၊ (ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန) ၊ (၃) ဦးတင်ထွန်းနိုင် (စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန) (ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန) (စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန) ၊ (၄) ဒေါက်တာဇော်ဝေစိုး (အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန)၊ (ပညာရေးဝန်ကြီးဌာန)၊ (ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန) တို့ကို တာဝန်ယူလိုက်ပါတယ်။ စစ်အာဏာသိမ်းကောင်စီ သိမ်းပိုက်ထားတဲ့ ပြည်ထဲရေး၊ ကာကွယ်ရေး၊ တရားစီရင်ရေး၊ နယ်စပ် စတဲ့ လက်နက်ကိုင်ထားတဲ့ဌာနတွေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ ဆက်လက်ပြီး လိုအပ်သလို တာဝန်ပေးအပ်မှုတွေ လုပ်သွားမယ် လို့ ဆိုပါတယ်။

လက်ရှိမြေပြင်မှာ လှုပ်ရှားနေတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ CDM ထောက်ပံ့ကူညီရေးအဖွဲ့များ၊ CDM ဝန်ထမ်းများ နဲ့ လမ်းပေါ်သပိတ်တိုက်ပွဲဝင် ကျောင်းသား လူငယ် ပြည်သူများကို တာဝန်ခံပေးရန် ချိတ်ဆက်ရန် အခုထွက်ပေါ်လာတဲ့ CRPH ခေတ္တအစိုးရဝန်ကြီးများက တိုက်ရိုက်ဆောင်ရွက်ကြလိမ့်မယ်လို့ မျော်လင့်ပါတယ်။ ထို့အတူ မြေပြင်ပေါ်မှာ ပြည်သူတွေနဲ့အတူ ထောက်ခံဆောင်ရွက်နေကြတဲ့ တိုင်းရင်းသားအစုအဖွဲ့တွေ အလုပ်သမား လယ်သမား လူတန်းစားစုံ စုဖွဲ့မှုတွေ နဲ့ အာဏာသိမ်းစစ်ကောင်စီကို မထောက်ခံတဲ့ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွေနဲ့လည်း လက်တွဲဖော်ဆောင် ချိတ်ဆက်မှုတွေ လုပ်လာလိမ့်မယ်လို့ ယူဆရပါတယ်။ ပြည်ပက မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံသားဟောင်းတွေကိုလည်း သူတို့ CRPH ခေတ္တအစိုးရကို ဆက်လက် ထောက်ခံပြီး နိုင်ငံတကာမှာ နည်းလမ်းမျိုးစုံသုံးပြီး ဝိုင်းဝန်းကြဖို့ ထုတ်ပြန်ကြလိမ့်မယ်လို့ ထင်ပါတယ်။

ဥပမာအားဖြင့် - အမေရိကားမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေ၊ မြန်မာနိုင်ငံသားဟောင်းတွေ၊ အမေရိကန်နိုင်ငံသားတွေက စုဝေးပြီး ပြည်သူ့ဂုဏ်ရည် အဖွဲ့ကြီးကနေတဆင့် မြန်မာပြည် CDM ကို ပံ့ပိုးကူညီမှုအတွက် ဒေါ်လာ ၁သိန်းကျော် ပြည်တွင်းပို့ ပေးပို့ပြီးကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။ အဲသည်လိုပဲ ပြည်ပရောက် မြန်မာအစုအဖွဲ့တွေက မိမိတို့ ကိုယ်ထူကိုယ်ထနည်းပေါင်းစုံနဲ့ ကူညီထောက်ခံမှုတွေ ဆောင်ရွက်နေကြပါတယ်။ အဲသည်ရဲ့ ငွေကြေး စိတ်ဓာတ် လူအင်အား ပစ္စည်းအင်အားတွေ ထောက်ခံမှုတွေဟာ အများအပြား မြန်မာပြည်တွင်းကို စီးဝင်နေသလို မြန်မာပြည်တွင်းက ပြည်သူတွေကိုယ်တိုင်ကလည်း တယောက်တလက်ဝိုင်းပြီး နွေဦးတော်လှန်ရေး အင်အားကောင်းသည်ထက် ကောင်းအောင် ကြံ့ကြံ့ခံပြီး အသက်သွေးချွေးတွေ ရင်းပြီး ဆက်တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ ဘယ်လိုနည်းနဲ့မှ ချိုးနှိမ်လို့ ရတော့မှာ မဟုတ်ပါဘူး။

Milk Tea Alliance လှုပ်ရှားမှုမှာ မြန်မာပြည်သူတွေအတွက် နိုင်ငံတကာလူငယ်တွေ ဝင်ရောက်ရပ်တည်မှုဟာ ခွန်အား ဖြစ်လာပါတယ်။ ဟောင်ကောင် တိုင်ဝမ် ထိုင်းနဲ့ တပါတီနိုင်ငံအောက်က လူငယ်တွေအတွက်လည်း မြန်မာပြည်သူတွေရဲ့ သတ္တိနဲ့ စည်းလုံးညီညွတ်မှုဟာ အားကျစရာ တွန်းအားတွေ ဖြစ်လာပါတယ်။

 မြန်မာပြည်တွင်းက အစုအဖွဲ့တွေကိုယ်တိုင်ကလည်း မိမိတို့ပြည်သူတွေအချင်းချင်း ရိုင်းပင်းကူညီဖို့ ကျဆုံ
းသူတွေ၏ ကျန်ရစ်သူတွေကို ရာသက်ပန်ထောက်ပံ့ဖို့၊ ဖမ်းဆီး ဒဏ်ရာရသူတွေကို စောင့်ရှောက်ဖို့ ရန်ပုံငွေတွေ ထူထောင်ပြီး ဆက်ချီတက်မယ်လို့ သန္နိဌာန်တွေ ချကြ၊ ကတိတွေ ပြုကြတာတွေဟာ အလွန်တရာ ဂုဏ်ယူစရာကောင်းလှပါတယ်။ နွေဦးအရေးတော်ပုံကြီးက မြန်မာပြည်တွင်းမှာကော ပြည်ပမှာပါ ကျယ်ပြန့်သွားပြီ ဖြစ်ပါတယ်။

သည်နေရာမှာ ပိုင်းဖြတ်မှုကို ဆန်းစစ်ကြဖို့ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာရဲ့ အခမ်းကဏ္ဍမှာ ပွဲကြည့်ပရိသတ်ပြည်သူတွေရဲ့ ရပ်တည်ချက် ပြတ်သားချက်ကလည်း အရေးပါပါတယ်။ အကြမ်းဖက်ခံနေရချီန်မှာ ကာယကံရှင်တွေဘက်က ခုခံပေးဖို့ ကာကွယ်ပေးဖို့ကို အရေးအကြီးဆုံးဆောင်ရွက်ရပါမယ်။ အကြမ်းမဖက်တော်လှန်ရေးဖြစ်နေလို့ စစ်တပ်က လက်နက်နဲ့ ခြေမှုန်းနေတာပါ။ လူထုက အကြမ်းဖက်ခံနေရလို့ မိမိကိုယ်ကိုယ် ကာကွယ်ခုခံနေတာဖြစ်ပါတယ်။ အကြမ်းမဖက်တော်လှန်ရေးအဖြစ်ကနေ လျောကျသွားမှာ မဟုတ်ပါဘူး။ လူထုက လူထုနည်းနဲ့ လမ်းပေါ်မှာ သပိတ်မှောက်စစ်ကြောင်းတွေဘက်က ရပ်တည်တာ၊ အင်အားပြတာ၊ ကာကွယ်တွန်းလှန်ပေးတာကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အိမ်ထဲမှာပဲ နေမယ့်သူတွေကလည်း အပစ်အခတ်တွေ နားချိန်မှာ သပိတ်တိုက်ပွဲဝင်သူတွေကို အားပေးဖို့ ကူညီဖို့ ထောက်ပံ့ဖို့ ကာကွယ်ပေးဖို့ စောင့်ရှောက်ဖို့ကိုပဲ အာရုံပြုရပါတယ်။ ဥပဒေနည်း နိုင်ငံရေးနည်းတွေ ကျွမ်းကျင်သူတွေကလည်း လက်တွေ့ကျပြီး ထိရောက်မယ့် နည်းလမ်းတွေ တိုင်ပင် ဆွေးနွေး ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ကိုယ့်ဖာသာပိုင်းဖြတ်မှု ဆန်းစစ်မှုမရှိဘဲ သူများတွေရဲ့ အကြောက်တရားဖြန့်ချိမှုတွေ အမှားတရားဖြန့်ချိမှုတွေ နောက်မှာ သာယာစီးတာ သံယောင်လိုက်နေတာ မလုပ်မိကြဖို့ လိုအပ်ပါတယ်။

ငွေတကျပ်ထည့်နိုင်သူက တကျပ်ထည့် ဆန်တဆုပ်ထည့်နိုင်ရင် တဆုပ်ထည့်၊ လက်မှတ်ထိုးရမယ်ဆို ထိုး၊ ဆန္ဒထွက်ပြကြဟေ့ဆို ထွက်၊ သံပုံးတီးကြဟေ့ဆိုရင် တီး၊ အသံကိုအကျယ်ဆုံး ဟစ်ကြွေးကြဆိုရင် ဟစ်ကြွေး ၊ CDM လုပ်ကြ၊ SPM လုပ်ကြ၊ သပိတ်မှောက်ကြ၊ တောထုတ်ကြ၊ ရန်သူအားပေး ပုဆိန်ရိုးတွေ မောင်းထုတ်ကြ ဖယ်ရှားကြ၊ … သည်လို ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုကိုးနည်းလမ်းတွေနဲ့ တိုင်းပြည်ဟာ အခုဆိုရင် တလရှိပြီ ၊ ဘယ်မှာ နောက်ဆုတ်နေရလို့လဲ။ နွေဦးတော်လှန်ရေးဟာ အားကောင်းမောင်းသန် ချီတက်နေပြီ ဖြစ်ပါတယ်။

အရေးတော်ပုံစိတ်ဓာတ်ကို အမြင့်မားဆုံးလွှင့်ထူကြ။