Breaking News

ဆားပုလင်းသာပိန် - သာဝဒိုင်ယာရီ (၂)



ဆားပုလင်းသာပိန် - သာဝဒိုင်ယာရီ (၂)

(မိုးမခ) မတ် ၂၊ ၂၀၂၁ 

တကယ်တော့ ကောင်းကွက်တစ်ကွက်မှ မရှိသောသာဝအကြောင်းရေးနေရသည်မှာ အလွန်တရာ စိတ်ပင်ပန်းဆင်းရဲလှပါတယ်။ အထူးသဖြင့် အခုလိုသာဝနဲ့ နောက်လိုက်များ မိုက်မဲရမ်းကား နေကြတာ မြင်ရ ကြားရချိန်မှာ ပိုလို့ဆိုးပါတယ်။ စမိခဲ့တဲ့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ကာ ရေးသားခြင်းအမှု့ပြုရပါအုံးမယ်။ ဒီ တစ်ခါတော့ သာဝအကြောင်းသာမက သာဝရဲ့တပည့်ကျော် ”မဲလူး” အကြောင်းလဲထည့်ရေးပါအုံးမယ်။ နံမည်မှားရေးမိတာ မဟုတ်ပါဘူး၊ သာဝပေးထားတဲ့ နံမည်အတိုင်း ရေးလိုက်တာပါ။ မူရင်းသာဝဒိုင်ယာရီ ထဲ မှာလည်း ဒီလိုပဲခေါ်ဝေါ်ထားတာပါ။ ဒီနံမည်မှာ ဇာတ်လမ်းရှိပါတယ်။ သာဝရဲ့”သတင်းမှားပြန်ကြားရေး” အဖွဲ့ အတွက် လူ ရွေးချယ်ပွဲက စရပါလိမ့်မယ်။ သိတဲ့အတိုင်းပါပဲ လက်နက်ကိုင်သူအချင်းချင်း တိုက်ခိုက်ရမှာတော့ အသေအကြေ ကြောက်လန့်ကြသူများက နေပြည်တော်မှာခိုနေဖို့၊ အလုံးးအရင်းနဲ့ လျှောက်လာပါတယ်။

သာဝတစ်ယောက် လျှောက်လွှာတစ်ထပ်ကြီး ကို ကြည့်ပြီး စိတ်လေသွားတယ်။ သူ့ရဲ့တပ်ဟာ သူ့လိုပဲ တိုက်ရည်ခိုက်ရည်ကမရှိ၊ တိုက်ရခိုက်ရမှာ လည်း ကြောက်တတ်တဲ့သူတွေနဲ့ ချည့်ပါလား လို့ စဥ်းစားမိလို့ပါ။ အဲ့ဒီအထဲကမှ ထုံးစံအတိုင်း အနင်းအနှိပ်ကောင်းသူ၊ အမြဲတမ်း မြန်မာပြက္ခဒိန် တလွဲကြည့်ကာ လတိုင်းကို သီတင်းကျွတ်လဟုထင်ပြီး ခဏခဏလာ ကန်တော့တတ်သူ၊ စတဲ့သူများ ကို အရင်ရွေးလိုက်ပါတယ်။ ပြီးတော့ သာဝကိုယ်တိုင် မီဒီယာများ မေးခွန်းထုတ်သလို မေးမြန်းပြီး စစ်ဆေးအကဲဖြတ်ပါတော့တယ်။ သာဝစိတ်တိုင်းကျ မဖြေနိုင်သူကအကုန်နီးပါးပါပဲ၊ ဆိုပါတော့ သာဝကစမေး လိုက်တယ် “ဦးပိုင်က တရားဝင် ထုတ်ပြန်ထားတဲ့ သာဝတစ်ယောက် ၂၀၁၁ ခုနှစ် အတွက် အမေရိကန်‌ ဒေါ်လာ ၂သိန်းခွဲ ရခဲ့တယ်ဆိုတာ မှန်ပါသလား”ပေါ့၊ ဖြေတဲ့သူက မှားပါတယ် လို့စဖြေလိုက်ရင် သာဝ အတော်ကြီးကျေနပ်သွားတာပေါ့၊ သာဝကဆက်မေးပြန်တယ်၊ ဘာ့ကြောင့် မှားတယ်လို့ ပြောနိုင်ရတာလဲပေါ့၊ ဘာ့ကြောင့်လဲဆိုတော့ ဒါကတရားဝင် ထုတ်ပြန်ထားတဲ့ ပမာဏမို့ပါ၊ တရားမဝင်ရသွားတာနဲ့ ပေါင်းရင်ဒီထက်များနိုင်တာကြောင့် မှားတယ်လို့ပြောရတာပါ လို့ ဆက်ဖြေမိသူများကတော့ သာဝရဲ့ဒေါသသင့်ကာ၊ ရခိုင်သို့ အပြောင်း ခံရပါတော့ တယ်။

ဒီလိုနဲ့ အခု လက်ရှိပြန်ကြားရေးတာဝန်ရှိပုဂ္ဂိုလ်၊ ပြည်သူများရဲ့ မေတ္တာတုံး အလှည့် ရောက် လာတယ်။ သူ့အရှေ့က အင်တာဗျူးဖြေဆိုသူအားလုံးနီးပါး ရခိုင်ရှေ့တန်း အပို့ခံရတော့ အစက မလျှောက်မိခဲ့ရင် အကောင်းသားဆိုပြီး၊ ကတုန်ကယင် နဲ့ကြောက်စိတ်လွန်ကာ ဒူးတုန်နေပါတော့ တယ်။ သာဝက သူ့ရဲ့ပထမမေးခွန်းကို ဘယ်လိုပြန်ဖြေမလဲ စောင့်ကြည့်နေတုန်း အဖြေကိုကြားရ မယ့်အစား၊ ဝုန်းကနဲ မူးလဲကျသွားတာကို မြင်လိုက်ရတယ်။

တစ်သက်လုံး အလွဲအမှားတွေနဲ့ ယဥ်သားကျနေတဲ့ သာဝရဲ့ ဦးနှောက်က ဒီတစ်ကြိမ်လည်း ဆက်လွဲချော်နေတုန်းပါပဲ။ ဒီကောင်တစ်ယောက်ပဲ ပရိယာယ်ကြွယ်ကြွယ်နဲ့ မီဒီယာမေးခွန်းကို တုန့်ပြန်နိုင်တယ်၊ “ကြည့်ပါအုံး ဘာတစ်ခွန်းမှ ပြန်မဖြေပဲ မူးလဲချင်ယောင်ဆောင် လှဲချလိုက်တယ်၊ သိပ်နပ်တဲ့ကောင်” ဆိုပြီးကျေနပ်နေလေရဲ့။ ပြီးတော့ ကဲ ငါမင်းကိုရွေးလိုက်ပြီ၊ ရာထူးအသစ် အပြင် မင်းကို ငါနံမည်အသစ်ပေးလိုက်မယ်၊ မဲလူး”လို့၊ ဘာကြောင့်လည်းဆိုတော့၊ မင်းက အိုက်တင်အ ပြည့်နဲ့ ”မူးလဲ” ပြတာမို့လို့ ဆိုပြီးပြောလိုက်သေးရဲ့။ ရာထူးရော နံမည်ပါ အသစ်ရသွားတဲ့“ဗိုလ်မဲလူး” ခမျာလည်းအဲဒီတော့မှသက်ပြင်းချပြီး၊ အဘတပည့်ပဲလေ၊ ဒီမီဒီယာတွေလောက်တော့ ပျင်းတောင် ပျင်းပါသေးတယ်ဆိုပြီး ရူးချင် ယောင်ဆောင်နေလိုက်တယ်။ တစ်နိုင်ငံလုံး ဝိုင်းခေါ်နေတဲ့ နံမည် ကတော့ ရုပ်အသွင် အပြင်ကြောင့်လား၊ နားကြားလွဲသွားလို့လားမသိ၊ ”လူး” အစား “လုံး” သွား လေ ရဲ့။ 

ဆားပုလင်း သာပိန် ကတော့ မူရင်းဒိုင်ယာရီ ထဲမှာပါတဲ့ အတိုင်း၊ သာဝတို့ဆရာတပည့် နှစ်ယောက်ကြား သုံးလေ့ရှိတဲ့ “ဗိုလ် မဲလူး” ဆိုတာကိုပဲ ဆက်သုံးသွားပါမယ်။ စာနယ်ဇင်းသမားတို့ စောင့်ထိန်းအပ်သော၊ ရုပ်ရည်အဆင်း၊ အသား အရောင် စတာတွေကို ထိပါးရေးသားခြင်း မပြုလိုသော စိတ်ဆန္ဒကြောင့်လဲပါပါတယ်။ တကယ်တမ်းကတော့ သာဝတို့လို ဆရာတပည့်ကို ဘယ်လောက်ပဲ မှိုချိုးမျှစ်ချိုး၊ ပိုးစိုးပက်စက်၊ နစ်နစ်နာနာ၊ ဆဲရေးတိုင်းထွာပါစေ၊ တရားပါတယ်၊ နည်းတောင်နည်းပါသေးတယ်၊သူ့တို့အပြစ်နဲ့သူတို့ပါပဲ။

ဗိုလ်မဲလူးကို သာဝရဲ့သတင်းမှားပြန်ကြားရေးမှာ ခန့်ပြီးတဲ့နောက်သာဝတစ်ယောက် စဉ်းစားခန်း ဆက်ဝင်နေရတုန်းပါပဲ။ဘာ့ကြောင့်လဲဆိုတော့ ဗိုလ်မဲလူးတစ်ယောက် မီဒီယာတွေရဲ့ မေးခွန်းတွေ အောက်မှာ အလူးအလဲဖြစ်နေတာ သတိထားလာမိလို့ပါ။ သူ့ကိုချည့် အပြစ်တင်လို့မရတာ သာဝ နားလည်ပါတယ်။

ဘာကြောင့်လဲဆိုတော့ သာဝတို့တစ်တွေဟာ သဘောသဘာဝအရ စကားကြွယ်ကြွယ်ဝဝ သိပ်မ​ပြောရတဲ့ သူတွေမို့ပါ။ ပြောရ မယ်ဆိုရင် “ဟုတ်” တစ်လုံး ပြောတတ်၊ နားထောင် တတ်ရင်ပဲ၊ တပ်ထဲ ဝင်တဲ့အချိန်ကစပြီး တပ်ထဲက ပြန်ထွက်တဲ့အထိ လုံလောက်သွားပါပြီ။ ဆိုလိုတာက ရာထူးငယ်တုံး မှာ အထက်ကဘာပဲပြောပြော ကိုယ်က “ဟုတ်” ပဲ ပြန်ပြောရတယ်။ ရာထူးကြီးလာ ပြန် တော့ လည်း ငယ်တဲ့သူတွေ ပြောတဲ့ “ဟုတ်” ကိုမကြားချင်အဆုံး နားထောင်ရတဲ့အတွက်ပါ။ ဒါတွေကိုနားလည်ထားတဲ့ သာဝက ဗိုလ်မဲလူး ကိုဘဲ အပြစ်မဆိုချင်တာပါ။ ဒီအတိုင်းဆက် သွားလို့မရဘူး ဆိုတာကိုတော့သဘော ပေါက်လိုက်တယ်။ ဒီနောက်သာဝအကြံတစ်ခုရလာတယ်၊

မဒမ်သာဝက တက္ကသိုလ်မှာတောင် မြန်မာစာပြခဲ့သူပဲ။ စကားကြီး ကိုးမျိုး ဆိုလား၊ စကားကျယ် ဆယ်မျိုးဆိုလား မြန်မာစာမှာရှိတယ်လို့သာဝကြားဘူးနားဝရှိခဲ့တယ်။  အခုနောက်ပိုင်း သာဝလည်းသတင်းမီဒီယာတွေနဲ့ တွေ့လာရတော့၊ သာဝတို့ဆရာတပည့် နှစ်ယောက်လုံး အဲဒါတွေသိထားသင့်တယ်၊သင်ထားရမယ်၊ မဒမ်သာဝကို သင် ပေးဖို့ပြောမယ်ပေါ့။

အဲဒီမှာ မဒမ်သာဝ ပြဿနာတက်တော့တာပါပဲ၊စာတွေမေ့နေလို့တော့မဟုတ်ဘူး၊ကိုသာဝပြောတဲ့ စကားကြီး စကားကျယ်တွေဆိုတာအခု ချက်ချင်းသာသတိမရတာ၊ ပြန်ရှာဖတ်ရင် မှတ်မိမှာပါ။ မှားပြီးသင် လိုက်ရင်လည်း သူတို့ဆရာတပည့်နှစ်ယောက် သိတောင်သိလိုက်မှာ မဟုတ်ဘူး၊ အမှားတွေကို အမှန်၊ အမှန်တွေကို အမှား လို့ ထင်လေ့ရှိ ကြသူတွေဆိုတော့၊ ဒါက သိပ်အရေးမကြီးဘူး။ တကယ့် ပြဿနာအစစ်က ကိုသာဝ ကိုစာသင်ပေးရမယ်ဆိုတဲ့ကိစ္စ၊ ပြောရမယ်ဆိုရင် ကိုသာဝက သိပ်မပြေးဘူး၊ တစ်ထွာမြင်ဖို့ တစ်လံ ပြရုံနဲ့တောင်မရဘူး၊ တစ်မိုင်လောက်ပြရတယ်၊ အဲဒီလို လူမျိုး။ အမှန်က အပြောလည်းကောင်း၊အရေးလည်းကောင်းတဲ့ ဂျက်(ကွမ်းခြံကုန်း) ဖန်တီးရှင် မြန်မာစာပါမောက္ခကို သင်ပေးဖို့ ပြောသင့်တာ၊ ဘာကိုမျက်စိစပါး မွှေးစူးနေ လည်းမသိပါဘူး၊ အရင်ဆုံးဆွဲထည့်မယ့် လူတွေစာရင်းထဲထည့်ထားတယ်တဲ့။ ရည်းစားလုဖက်တွေလား မသိပါဘူး၊ ကိုယ်နဲ့တော့မပတ်သက်ပါဘူး၊ တစ်ခြားအမျိုးသမီးတွေနဲ့များလားလို့ထင်မိတာပါ။

စောစောက ကိုသာဝက သိပ်ပြေးတဲ့သူမဟုတ်တဲ့အကြောင်းပြောရင်း၊ ခေါင်းထဲ အဖြစ်အပျက်တစ်ခု ဝင်လာတယ်။ ရယ်ရမလို ငိုရမလိုပါပဲ၊ အဖြစ်ကဒီလို၊ လွန်ခဲ့တဲ့ ၁၁ နှစ် ၁၂နှစ် လောက်ကပေါ့။ ကိုသာဝက အခုရာထူးမရသေးဘူး၊ အဘရွှေလက်ထက်၊ အဘရွှေက ဘယ်သူ့ကိုလွှဲခဲ့ရမလည်း ဆိုပြီးစဉ်းစားနေတဲ့ အချိန်ပေါ့။ ကိုသာဝ အထက်မှာ စီနီယာသမားတွေ ရှိတယ်၊ ဒါပေမယ့် အဘရွှေက ရိပ်ဖမ်းသံဖမ်းနဲ့ ကိုသာဝ လည်းအလားအလာ ရှိကြောင်း ပြောထားတော့ ကိုသာဝက အဘရွှေတို့ စိတ်အလိုကျဖြစ်အောင် ကြိုးစားပြနေတာပေါ့။ တစ်နေ့ အဘရွှေ နဲ့ မယ်မယ်ကြိုင် ကိုသာဝအကြောင်းပြောနေကြတုန်း ကိုသာဝက အိမ်ထဲတိတ်တိတ်လေးရောက်သွား တယ်၊ သူတို့ အာရုံနဲ့သူတို့ဆိုတော့ ကိုသာဝ အသာလေးချောင်းနားထောင် နေတာမသိလိုက်ဘူး။ အဘရွှေက “ဒီ ကောင် လေးက သိပ်မပြေးဘူး ဖြစ်ပါ့မလား” ဆိုတော့ “ပြေးတာ မပြေးတာထက် ကိုယ့် စကား နားထောင်ဖို့က ပိုအရေးကြီးတယ်၊ အင်း ပြေးရင်တော့ ပိုကောင်းတာပေါ့ “လို့ မယ်မယ်ကြိုင်က ဝင်ပြောသတဲ့။

နောက်တစ်နေ့ကစပြီး အိပ်ရာစောစောထလေ့မရှိတဲ့ ကိုသာဝဟာ အားကစားဝတ်စုံဝတ်ပြီး အဘရွှေတို့ အိမ်ရှေ့ က နံနက်တိုင်း အခေါက်ခေါက် အခါခါ ဖြတ်ပြေးပါလေရော။ ဒီရာထူးရတော့ လည်း သူပြေးတာအဘရွှေတို့ သိသွားလို့တဲ့။ ကဲ ဒီလိုလူမျိုးကို စာသင်ပေးရမှာ မဒမ်သာဝ ခေါင်းစားမယ် ဆိုလည်း စားစရာပဲ၊စဉ်းစားသာကြည့်ကြပါတော့။

(ဆားပုလင်းသာပိန်)