Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၂၉ရက် မြောက်နေ့ မြင်ကွင်း ...


lone protester on Sule street in Yangon, March 1st 2021 in front of armed regime 



မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၂၉ရက် မြောက်နေ့ မြင်ကွင်း ...

(မိုးမခ) မတ် ၁ ၂၀၂၁

ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်တပ်နဲ့ ရဲက အကြမ်းဖက်နှိပ်ကွပ်လိုက်လို့ မြန်မာပြည်သူတွေက လမ်းပေါ် ပြန်တက်မလာဘူး ထင်တာ မှားပါတယ်။ ပြည်သူတွေက လမ်းပေါ်မှာ ပြန်စုဝေးကြပြီး အာဏာသိမ်း စစ်ကောင်စီ ပြုတ်ကျရေး ၊ထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အားလုံးလွတ်မြောက်ရေး၊ ရွေးကောက်ပွဲနိုင်ရ ပြည်သူ့အစိုးရပေါ်ထွန်းရေးကိုပဲ တောင်းဆိုကြပါတယ်။ နယ်တွေမှာ ရဲနဲ့ တရားရုံးတွေက ဝန်ထမ်းတွေ လက်နက်ကိုင်တွေထဲက အချို့က ပြည်သူနဲ့ ပူးပေါင်းပြီး CDM ကို လုပ်လာကြပါတယ်။ လူထုကလည်း အကြမ်းဖက်သမားတွေနဲ့ ပတ်သက်သမျှ မိသားစုတွေ လုပ်ငန်းတွေ အိုးအိမ်စည်းစိမ်တွေကိုပါ ပစ်မှတ်ထားပြီး သပိတ်မှောက်ဖို့ ရပ်ရွာထဲကနေ မောင်းထုတ်ဖို့အထိ တိုးမြှင့်လာကြပါတယ်။ ပြည်ပက မြန်မာတွေ အထူးသဖြင့် အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေက မြန်မာတွေကလည်း မြန်မာသံရုံးဝန်ထမ်းတွေကို CDM လုပ်ကြဖို့ တောင်းဆိုနေကြပါတယ်။ သံအမတ်တွေက စစ်ကောင်စီကို အစိုးရအဖြစ် သဘောထားတဲ့အကြောင်းကို အလိမ္မာသုံးပြီး လူတွေကို ဆင်ခြေပေးနေကြပါတယ်။ သူတို့လည်း ပြည်ပသံရုံးတွေထဲ ကြာကြာနေရတော့မှာ မဟုတ်ပါဘူး။ သူတို့စစ်ကောင်စီက သူတို့ကို ပြန်ခေါ်ပြီး ဖက်ဆစ်အလိုတော်ရိတွေနဲ့ အစားထိုး လဲလှယ်တာ ခံနေရပါတယ်။

နိုင်ငံတကာက မြန်မာတွေက စစ်ကောင်စီကို အရေးယူတဲ့ဆီမှာ သံတမန်ဗီဇာနဲ့ စစ်တပ်ကစေလွှတ်သူတွေကို လက်မခံဖို့ ပြည်ဝင်ခွင့်မပေးဖို့ အချက်တွေလည်း ပါဝင်ပါတယ်။ အမေရိကန်တရားရုံးမှာ အမှုဖွင့်တိုင်ကြားနိုင်ပြီဆိုရင် မြန်မာစစ်ကောင်စီ အဖွဲ့ဝင်တွေကို အကြမ်းဖက်မှု ၊ လူထုကို သတ်ဖြတ်မှုတွေ အားပေးကူညီမှုတွေနဲ့ အမေရိကန်မြေပေါ် ခြေချတာနဲ့ အရေးယူအမှုဆိုင်နိုင်ဖို့ မျော်လင့်ထားကြပါတယ်။ Social Purnishment လူထုနည်းနဲ့ သပိတ်မှောက် တောထုတ်ခြင်း ရွာပြင်မောင်းထုတ်ခြင်း လို့ ခေါ်ဆိုနိုင်မယ့် ဖက်ဆစ် စစ်ကောင်စီနဲ့ အပေါင်းအပါတွေ အကူအညီပေးသူတွေကို ပစ်မှတ်ထား ဖော်ထုတ်ခြင်း၊ လူထုကို အသိပေးခြင်း၊ လူထုက လူ့အသိုင်းအဝိုင်းမှ ကျဉ်ခြင်း၊ လူမှုရေးစီးပွားရေးသပိတ်မှောက်ခြင်း၊ မိမိတို့ရပ်ရွာမှ မနေနိုင်သည်အထိ ဖိအားပေးခြင်းတွေ အဆင့်ဆင့်လုပ်ဖို့ ဆောင်ရွက်နေကြပါတယ်။ မြန်မာပြည်တွင်းက နယ်မြို့တွေမှာ အဲသည် လူထု၏ သံပုံးတီးတောထုတ်တာနဲ့ ရွာပြင်အထိ မောင်းထုတ်တာတွေ စတင်ဖြစ်ပွားလာတာကို မြင်တွေ့ရသလို နိုင်ငံခြားရောက် မြန်မာတွေထဲမှ စစ်အုပ်စုအသိုင်းအဝိုင်းတွေဟာ လူကြားထဲမတိုးဘဲ ရွေ့ပြောင်းနေထိုင်ကြတယ်။ မိတ်ဆွေတွေနဲ့ အဆက်ဖြတ်ပြီး နေကြတယ်လို့ သိရပါတယ်။

မတ်လ ၁ ရက်နေ့မှာ စစ်တပ်က လူစုလူဝေးတွေကို အကြမ်းဖက်နှိပ်ကွပ်ရာမှာ စစ်ကားကြီးတွေကို တားဆီးပိတ်ဆို့တာ ရှောင်နိုင်ဖို့ လိုက်ထရပ်တွေနဲ့ စစ်သား စစ်ရဲတွေ တင်ဆောင်ပြီး ရပ်ကွက်ထဲ မောင်းဝင် မဲမဲမြင် ပစ်ခတ် ရန်စ ဆဲဆို တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ စစ်တပ်က ရဲအပြင် ထောက်လှမ်းရေး အရပ်ဝတ်သတင်းပေးတွေအပြင် သူတို့စုဆောင်းလေ့ကျင့်ပေးထားတဲ့ မဘသတွေ အမျိုးသားအစွန်းရောက်တွေကိုပါ တပါတည်း ခေါ်ဆောင်ပြီး လူထုကို အကြမ်းဖက်နှိပ်စက် ဖမ်းဆီးစေတာကိုပါ လုပ်ဆောင်လာပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ မဘသတွေ အမျိုးသားရေးအစွန်းရောက်သူတွေကို အစာရေစာကျွေးမွေးခြင်း ငွေကြေးထောက်ပံ့ပေးခြင်းတို့ ပြုလုပ်နေတဲ့ လုပ်ငန်းတွေ ဌာနတွေ လုပ်ငန်းရှင်ကြီးတွေကို ပြည်သူတွေက ထုတ်ဖော်ပြီး သပိတ်မှောက် တောထုတ်ဖို့ အရှိန်မြှင့်လာကြပါတယ်။

မဘသတွေ အမျိုးသားအစွန်းရောက်တွေကို ငွေကြေးထောက်ပံ့နေတယ်လို့ ယူဆရတဲ့ ဌာနတခုကတော့ ပက်စီဦးသိန်းထွန်းပိုင်တဲ့ မြေနီကုန်းနဲ့ ဟံသာ၀တီလမ်းဆုံကြား ပြည်လမ်းမပေါ်က အဆောက်အဦဖြစ်တယ်လို့ မျက်မြင်တွေက ဆိုပါတယ်။ Myanmar Times ထုတ်ဝေသူဟာ စစ်ကောင်စီကို ထောက်ခံရေးသားရပ်တည်လိုတာကြောင့် တိုက်ကသတင်းထောက်တွေ၏ ဆန့်ကျင်မှုကို ခံရပြီးနောက် တိုက်ကို ၃ လ ရပ်နားလိုက်တာ ဖြစ်တယ်လို့ သတင်းများက ဆိုပါတယ်။ အဲသည်လိုမျိုး ပေါ်ထွန်းလာတဲ့ မဘသနဲ့ စစ်ကောင်စီဘက်တော်သားတဦးကတော့ ရွှေသံစဉ်ဝင်းမော် ဖြစ်ပါတယ်။ သူကလည်း ဖက်ဆစ်စစ်ကောင်စီထောက်ခံပွဲတွေမှာ ပါဝင်လာပြီး ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ပုတ်ခတ်စော်ကားမှုတွေ လုပ်လာပါတယ်။ စစ်တပ်နဲ့ ရဲဟာ မြို့ပြတွေက လူထုသပိတ်ကို ဖြိုခွဲဖို့ သတင်းပေးတွေ အကြမ်းဖက်သမားတွေ မဘသအမျိုးသားအစွန်းရောက်တွေနဲ့ တိုက်ခိုက်မှု အရှိန်မြင့်လာပေမယ့် လူထုကတော့ သူတို့ကို ပြတ်ပြတ်သားသား ညီညီညွတ်ညွတ်နဲ့ တွန်းလှန်နေတာကို တွေ့ရပါတယ်။

စစ်ကောင်စီ အကြမ်းဖက်အုပ်စုတွေ ပစ်မှတ်ထား တိုးချဲ့တိုက်ခိုက်လာတာကတော့ မြေပြင်က သတင်းထောက်တွေ ဖြစ်ပါတယ်။ မတ်လ ၁ ရက်နေ့အထိ အဖမ်းဆီးခံ ရိုက်နှက်နှိပ်စက်ခံရတဲ့ သတင်းထောက် ၃၀ ခန့် ရှိပြီလို့ သတင်းထောက်အသိုင်းအဝိုင်းက ထုတ်ပြန်ထားပါတယ်။ အချို့က ပြန်လည်လွတ်မြောက်လာပြီး အချို့က ဖမ်းဆီးခံထားရပါတယ်။ အမျိုးသမီးတွေ တိုင်းရင်းသားတွေ အများအပြား သတင်းထောက်တွေထဲမှာ ပါဝင်တာမို့ စစ်တပ်က မြန်မာလူမျိုးတွေအပြင် တိုင်းရင်းသားလူနည်းစုတွေကို အထူးတလည် အညိုးတကြီး သတ်ဖြတ်တဲ့ ရာဇဝင်ကြောင့် သူတို့အတွက် အများက စိုးရိမ်ကြပါတယ်။ ကေဇွန်နွေး၊ ရှင်မိုးမြင့်၊ ဆလိုင်းဒေးဗစ်တို့ဟာ အဲသည်စာရင်းထဲမှာပါတဲ့ အမျိုးသမီးတွေ တိုင်ရင်းသားတွေထဲက အချို့ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာတိုက်ပွဲကလည်း ပြင်းထန်နေပါတယ်။ ဖက်ဆစ် စစ်အုပ်စုဘက်တော်သားတွေဟာ အကြမ်းဖက်မှု အားပေးသူတွေ အမုန်းစကားဖြန့်ချိသူတွေအဖြစ် လူထုက သတင်းပို့တဲ့အတွက် ဖေ့စ်ဘွတ်ကလည်း အဲသည် မဘသတွေ စစ်အုပ်စုအပေါင်းအပါတွေကို အကောင့်ကနေ ဖယ်ရှားပစ်နေပါတယ်။ စစ်အုပ်စုထောက်ခံတဲ့ စာမျက်နှာတွေ အများအပြားကိုလည်း ဖြုတ်ချပစ်လိုက်တာကို တွေ့ရပါတယ်။ စစ်အုပ်စုဘက်က ဝါဒဖြန့်သမားတွေကြားမှာကော မြန်မာဒီမိုကရေစီအရေးလှုပ်ရှားသူတွေကြားမှာ တဖက်ကို တဖက်သွေးတိုးစမ်းတဲ့ misinformation တွေအထဲက မတ်လ ၁ ရက်အတွက် ဟစ်အဖြစ်ဆုံးကတော့ စစ်ခေါင်းဆောင်ဟောင်း သန်းရွှေ၊ သိန်းစိန်နဲ့ ရွှေမန်းတို့ ပေါင်းပြီး ထုတ်ပြန်တယ်ဆိုတဲ့ တပ်မတော်သားများသို့ ပန်ကြားစာဖြစ်ပါတယ်။ သဘောကတော့ မင်းအောင်လှိုင်တို့ နဲ့ ဒေါ်စုတို့ ပြန်လည်ရင်ကြားစေ့ပြီး စေ့စပ်ကြဖို့ တိုက်တွန်းတာပါ။ ဒါကို မြန်မာလူထုကတော့ အတုအယောင်စာအဖြစ် ပယ်ချလိုက်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေး ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းနိုင်ရေးကို သည်တခါ တသက်တာ တဘ၀စာ အပြီးအပြတ် လုပ်ကြရမယ်လို့ တညီတညွတ် သဘောထားပေးကြတာကို တွေ့ရပါတယ်။

ဖမ်းဆီးခံရသူတွေအတွက် တပြည်လုံးအနှံ့ရှိ ရှေ့နေကွန်ယက်တွေ လူ့အခွင့်အရေးကွန်ယက်တွေက လိုက်လံ ကိုယ်စားပြုဆောင်ရွက်ပေးနေကြပါတယ်။ မတ် ၁ မှာ နေပြည်တော်မှာ ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို အွန်လိုင်းစနစ်နဲ့ ရုံးထုတ်တယ်၊ စွဲချက်တင်တယ်၊ ပြီးတော့ ရမန်ထပ်ပေးတယ်လို့ သတင်းများက ဆိုပါတယ်။ ရှေ့နေတွေက သူတို့နဲ့ တွေ့ဖို့ကြိုးစားပေမယ့် တွေ့ခွင့်မရပါဘူး။ သူတို့ ၂ဦးလုံးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ) နဲ့ ထပ်မံစွဲဆိုလိုက်တယ်လို့ သိရပါတယ်။ စစ်တပ်က သူတို့ဘက်က ဥပဒေနည်း၊ နိုင်ငံရေးနည်း၊ လက်နက်သုံးအကြမ်းဖက်နည်း စတဲ့ အစွမ်းကုန်နည်းမျိူးစုံဖြင့် ၂၀၂၀ ရွေးကောက်ပွဲနိုင် လွှတ်တော်နဲ့ အစိုးရကို ဖျက်သိမ်းဖို့ ကြိုးပမ်းနေသော်လည်း နိုင်ငံတကာကလည်း လက်မခံဘဲ ဆန့်ကျင်ကန့်ကွက်မှုတွေ တိုးပြီး ရင်ဆိုင်နေရပါတယ်။ စစ်အုပ်စုမျော်လင့်တဲ့ တရုတ်နဲ့ အာဆီယံကလည်း စစ်တပ်ဘက်က ဗြောင်ရပ်တည်ထောက်ခံပေးဖို့ ငြင်းဆန်နေတာကို ရင်ဆိုင်နေရပါတယ်။

စစ်တပ်က CRPH ကို ဖြိုခွဲနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေချိန်မှာ မတ်လ ၁ ရက် ရက်စွဲနဲ့ လွှတ်တော်ကိုယ်စားပြုကော်မီတီက အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာပြည်သူလူထုကို သတ်ဖြတ်စော်ကားနေတဲ့ အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြောင်း ကြေညာလိုက်ပါတယ်။ ဒါကို ပြည်ပရောက်နေတဲ့ CRPH ကိုယ်စားပြု ဒေါက်တာဆာဆာတို့အဖွဲ့က ထောက်ခံဆွေးနွေးတဲ့အပြင် စစ်ကောင်စီ အကြမ်းဖက်က်အုပ်စုကို တားမြစ်အရေးယူဖို့ နိုင်ငံတကာကို ထပ်ဆင့်တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတကာရောက် မြန်မာတွေကလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာတပ်ဖွဲ့များ စေလွှတ်ပြီး မြန်မာပြည်သူလူထုကို အမြန်ဆုံး ကာကွယ်စောင့်ရှောက်ပေးရန် ပန်ကြားကြောင်း - R2P - အရေးယူမှု လုပ်ဆောင်ပေးလိုကြောင်း ဝိုင်းဝန်းတောင်းဆိုနေကြပါတယ်။ CRPH ကို ထောက်ခံပြီး မြန်မာပြည်တွင်းမှာ CDM အရှိန်တိုးမြင့်လာတာ၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို စစ်ကောင်စီအကြမ်းဖက်က်အုပ်စုနဲ့ အစွန်းရောက် မဘသတွေ လက်မှ ကာကွယ်ဖို့ ကြိုးစားလာကြတာတွကိုလည်း တိုးပြီး မြင်ကြရမှာ ဖြစ်ပါတယ်။