မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁လ နဲ့ ၂၃ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၁လ နဲ့ ၂၃ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) မတ် ၂၅၊ ၂၀၂၁ရက်စက်ကြမ်းကြုတ်မှု ၊ ဖျက်ဆီးမှုများဖြင့် ပြည့်နှက်နေတဲ့ နေ့ရက်များ
ရန်ကုန်မြို့မှာ မနက်ခင်း ဖြစ်ဖြစ် နေ့ခင်းဖြစ်ဖြစ် ညပိုင်းဖြစ်ဖြစ် သေနတ်သံကြားရုံနဲ့ မြို့မှာနေထိုင်သူတွေ အထူးတလည် ထိတ်လန့်ခြောက်ခြားမှု မဖြစ်ကြတော့ပါဘူး။ ဘယ်ဘက်မှာ ဖြစ်တာလဲ၊ ဆန္ဒပြသူတွေကို ဖြိုခွဲတာလား ၊ ရပ်ကွက်ထဲ ဝင်ဖမ်းလို့ လူအုပ်စု ဝိုင်းလာလို့ သေနတ်နဲ့ပစ်တာလား စသဖြင့် တွေးမိကြပြီး လူငယ်တွေ တက်ကြွလှုပ်ရှားသူတွေက အဲဒီဖြစ်နေတဲ့ နေရာကို အားဖြည့်ဖို့ သွားကြမယ် စည်းရုံးကြမယ်၊ နှိုးဆော်ကြမယ်၊ ရပ်ကွက်နေလူထုကတော့ ကိုယ့်ရပ်ကွက်ကို သတင်းအသိပေးထားကြပီး အသင့်နေကြမယ်ဆိုတာမျိုး။
ရန်ကုန်ဆိုတာ သေနတ်သံ၊ လမ်းပိတ်ဆို့ထားတဲ့ အတားအဆီးတွေ၊ တာယာဟောင်းတွေ မီးလောင်နေတာကလည်း ရန်ကုန်မြို့အဖို့ အထူးအဆန်းကြီးမဟုတ်တော့ပြီ။ ပြူတင်းပေါက်က ကြားလိုက်တဲ့ ဖောင်းဆိုတဲ့ သေနတ်သံက ဘယ်လမ်းလောက် ဘယ်ရပ်ကွက်လောက် ဖြစ်မလဲဆိုတာ တွက်ချက်ပြီး အာဏာသိမ်းကာလနောက်ပိုင်း နေ့တွေကို ဖြတ်သန်းနေကြတဲ့ သဘောဖြစ်လာပါတယ်။
ဘော့စနီးယား ပြည်တွင်းစစ်ကာလက ဆရာယေဗိုမြို့တော်မှာ ၄ နှစ်နီးပါး မြို့ကိုစီးထားပြီး တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်၊ ပြည်တွင်းစစ်အတွင်း ဆရာယေဗိုမြို့တော်ရဲ့ လမ်းတစ်လမ်းကို စနိုက်ပါလမ်းကြား လို့ ခေါ်ဆိုကြတဲ့အကြောင်း စစ်ပွဲနဲ့ပတ်သက်တဲ့ ရေးသားမှုတွေမှာ ဖတ်ခဲ့ဖူးပါတယ်။ စနိုက်ပါလမ်းကြားမှာ ဖြတ်သန်းသွားတဲ့သူတွေကို စနိုက်ပါနဲ့ လှမ်းပစ်ကြတယ်ဆိုတဲ့အကြောင်း၊ သတင်းထောက်တွေကလည်း လက်နက်ကိုင်အဖွဲ့တွေ စီးထားပြီး တိုက်ပွဲတွေဖြစ်နေတဲ့ မြို့ထဲက ဟိုတယ်တစ်ခုမှာ စုစည်းပြီးနေကြတယ်လို့ ဆိုပါတယ်၊ စနိုက်ပါလမ်းကြားကို အမြဲ စောင့်ကြည့် တစုံတခု ပစ်ခတ်ကြတာဆို ကင်မရာ ရိုက်ယူဖို့ အသင့်ပြင်ဆင်ပြီး သတင်းယူကြတယ်လို့လည်း ကြားဖူးပါတယ်။
ဆရာယေဗိုဟာ ရှေးဟောင်း သမိုင်းဝင် ဗိသုကာလက်ရာ အဆောက်အဦတွေ ရှိခဲ့တဲ့မြို့ တောင်ကုန်းတွေ စမ်းချောင်းတွေနဲ့ လျှို ချိုင့်ဝှမ်းထဲမှာ တည်ထားတဲ့မြို့၊ မူဆလင်ဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်တွေ ၊ မတူညီတဲ့လူမျိုးစုတွေ၊ ဘာသာစကားတွေ၊ ကိုးကွယ်ရာဘာသာတွေ နဲ့ လူ အမျိုးမျိုး စုစည်းနေထိုင်ကြတဲ့မြို့ပါ။
ခု ရန်ကုန်မြို့၊ မန္တလေးမြို့ အခြေအနေကို ဆရာယေဗိုနဲ့ မနှိုင်းယှဥ်သာပါဘူး။ သို့ပေမယ့် တရက်တရက် အကြမ်းဖက်စစ်လက်နက်ကိုင်တွေ ပစ်လို့ သေဆုံးရတဲ့သူ၊ ဒဏ်ရာရသူတွေ အရေအတွက်ကိုပဲ စောင့်နားထောင် မှတ်တမ်းတင်နေရတဲ့ အဖြစ်၊ အဖမ်းခံရတဲ့ သူတွေရဲ့ အရေအတွက်ကိုပဲ စောင့်ပြီးမှတ်တမ်းတင်ကူညီဖို့ နှိုးဆော်၊ မြန်မာနိုင်ငံကအဖြစ်ကို ကမ္ဘာကသိအောင် လုပ်ရတဲ့အဖြစ်ထက်ကို ပိုပြီး ထိရောက်တဲ့ အလုပ်မျိုး လုပ်နိုင်ဖို့ စိတ်ထဲဖြစ်ပေါ်မိပါတယ်။
မတ်လ ၂၅ ရက်နေ့ ကြာသာပတေးနေ့ မှာ ရန်ကုန်၊ တောင်ကြီး၊ မော်လမြိုင်၊ မန္တလေး အစရှိတဲ့ မြို့တွေက သတင်းအစအနတွေ နာရီအလိုက် ဆိုရှယ်မီဒီယာပေါ် တက်လာနေပါတယ်။ ကလေး ကို အဖေရင်ခွင်ထဲ ဖက်ထားရင်းကနေ သေနတ်နဲ့ ပစ်သတ်လိုက်တဲ့ သတင်း၊ တလမ်းဝင် တလမ်းထွက် လူငယ်တွေ ဆန္ဒပြရာမှာ ပါတယ်လို့ယူဆတဲ့ လူငယ်တွေကို သဲကြီးမဲကြီး ကြမ်းတမ်းစွာ ရက်စက်စွာ ဖမ်းဆီးဖို့ လုပ်နေတဲ့ ဗီဒီယို ကလစ်တွေ အွန်လိုင်းပေါ်တက်လာနေကြတယ်။
ဗီဒီယိုတွေမှာ လူနေရပ်ကွက်ထဲက နေအိမ်တွေကို ဒေါသတကြီး ဆဲဆိုကာ ခဲနဲ့ပစ်ပေါက်တာတွေ အရိုင်းစိုင်းဆုံး စကားလုံးတွေနဲ့ သိမ်းကြုံးဆဲဆိုပြီး ကြိုးချည်ထားရာကလွှတ်လိုက်လို့ ကိုက်ဖို့ ပြေးသွားတဲ့ ခွေးတွေလို အစွယ်တဖွေးဖွေးနဲ့ ခြိမ်းခြောက်ဟိန်းဟောက်သံတွေနဲ့ လုံထိန်းရဲ စစ်သားတွေက ရပ်ကွက်နေလူထုကို ပြုမူနေပုံမြင်တွေ့ နေရပါတယ်။ တော်ရုံစိတ်မာသူတွေ အဖို့ တချို့သော ဗီဒီယို ကလစ်တွေကို အဆုံးထိကြည့်ဖို့တောင် မလွယ်လှပါ။ ဒါတွေ တကယ်ဖြစ်နေတာလား သူတို့ကိုယ်သူတို့ အစိုးရလို့ ခေါ်ဆိုသူတွေက ဒီလောက် ရက်စက်ယုတ်မာမှုတွေကို တာဝန်ခံပြီး ခိုင်းစေနေတာလား ဆိုတာကို အံ့အားသင့်ခြင်းနဲ့ အတူ စက်ဆုပ် ရွံ့ရှာခြင်းတွေ ခံစားရလို့ဖြစ်ပါတယ်။ အခုလို သတ်ဖြတ်၊ ရိုက်နှက်၊ ဆဲဆိုတာတွေ အပြင် ပုဂ္ဂလိကပိုင် ပစ္စည်းတွေဖြစ်တဲ့ ဆိုင်ကယ်တွေ ယူဆောင်သွားတာ၊ စတိုးဆိုင်တွေက စားသောက်ကုန်တွေ လုယက် သွားတာ ၊ ကားတွေ ဖျက်ဆီးတာတွေဟာ အစိုးရလို့ သူတို့ကိုယ် သူတို့အမည်တပ်ထားပေမယ့် ဓမြဆန်တဲ့ လုပ်ရပ်တွေသာဖြစ်ပါတယ်။
ဒီလို လုပ်ဆောင်မှုတွေက ခုမှ မြို့ကြီးပြကြီးပေါ်မှာ ပေါ်ပေါ်ထင်ထင် လုပ်နေကြတာတွေ့ရလို့ မြို့ပေါ်မှာ နေထိုင်သူတွေအဖို့ ထူးဆန်းနေပေမယ့် ဒီစစ်တပ်တွေ ၊ လုံထိန်းရဲတွေ ရခိုင်မှာ၊ ရှမ်းပြည်နယ်မှာ၊ ကရင်ပြည်နယ်မှာ ၊ ကချင်ပြည်နယ်မှာ ၊ ကယားပြည်နယ်မှာ ဆယ်စုနှစ်နဲ့ချီ ကျင့်သုံးခဲ့လို့ ပြုလုပ်သူတွေက လက်ယဥ်နေကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ ခုမှ မြို့ပြမှာ ကင်မရာတွေ မှတ်တမ်းမှတ်ရာတွေ နဲ့ မှတ်တမ်းတင်ထားပြီမို့ လူထုနဲ့ စစ်တပ်၊ ရဲတွေအကြား သင်ပုန်းချေဖို့ အတော်ခက်ခဲလိမ့်မယ်လို့ ထင်မြင်မိပါတယ်။
ရန်ကုန်မှာ ခုမနက် ဆန္ဒပြကြတဲ့ အသံတွေကို နေထိုင်တဲ့ အိမ်ကနေတောင် မနက်ခင်းစောစောပိုင်း ကြားလိုက်ရပါသေးတယ်။ ဆန္ဒပြသူတွေက မနေ့က တရက်တာ အပြင်မထွက်ဖို့ နှိုးဆော်ထားခဲ့လို့ ဒီနေ့မှ ပြန်ဖွင့်တဲ့ စတိုးဆိုင် ဆူပါမားကက်တွေမှာလည်း လူတွေ တိုးဝှေ့ဝယ်ယူနေကြတာတွေ့ရပါတယ်။
နေ့ခင်းမှာတော့ သုဝဏ္ဏ၊ ရန်ကုန်သစ်ဘက် ကမာကြည်ဘက်မှာ စစ်တပ်နဲ့ လုံထိန်းတွေ ဝင်ဆွဲတာတွေ ရိုက်နှက်တာတွေ ပစ်တာတွေ ၊ တပြိုင်နက်ထည်း မနက်ခင်းနဲ့ နေ့ခင်းမှာ မော်လမြိုင်မြို့ရဲ့ အရှေ့ပိုင်း ရပ်ကွက်တွေမှာ ဆန္ဒပြသူတွေကို လိုက်လံပစ်ခတ် လူစုခွဲနေတဲ့ သတင်းတွေ တပြိုင်နက်ထဲ တက်သလို တောင်ကြီးမြို့မှာလည်း ကြမ်းတမ်း ရိုင်းစိုင်းတဲ့ ဖြိုခွင်းမှုနဲ့ လူငယ်ထုရဲ့ ရှိတဲ့အင်အားနဲ့ ပြန်တိုက်မယ်ဆိုတဲ့ ဗီဒီယို မှတ်တမ်းတွေ ဆိုရှယ်မီဒီယာမှာ တက်လာတာတွေ့ရ ပါတယ်။
ခုလို တနေ့တနေ့ ပစ်ခတ်၊ ရိုက်နှက်၊ ပစ်သတ်၊ ဖမ်းဆီးတာတွေကို ကြည့်ပြီး မခံမရပ်နိုင်တော့တဲ့ လူငယ်တွေလည်း အစိုးရကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် ဧရိယာတွေကို သွားဖို့ ကြံစည်လုပ်ဆောင်နေကြပြီဆိုတဲ့ သတင်းးတွေလည်း ဖတ်ရှုနေရပါပြီ။
CRPH ကတော့ ပြည်ထောင်စုတပ်မတော်ကြီးအတွက် ဝိုင်းဝန်းထည့်ဝင်ကြဖို့ ပြောဆိုပါတယ်။ တွက်ချက်မှုအရ အင်းအားတောင့်တင်တဲ့ ကာကွယ်ရေးယန္တယာကြီးတစ်ခုအဖြစ် ဂုဏ်သိက္ခာရှိရှိဝင့်ထည်စွာ ပေါ်ပေါက်လာဖို့ တစ်လ ဒေါ်လာသန်း(၂၀)လောက်ဆိုလျင် ရပေပြီ … လို့ CRPH က ဦးလွင်ကိုလတ်က သူ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။ ဒေါက်တာဆာဆာက ရခိုင်သတင်းမီဒီယာအင်တာဗျူးတခုမှာ ဖယ်ဒရယ်တပ်မတော် ထူထောင်ဖို့ လက်ရှိပြည်နယ်တွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြည်နယ်တပ်တွေ အဖြင့် ပါဝင်နိုင်တယ်လို့ အကြံပြုတာကို တွေ့ရပါတယ်။ KNU ခေါင်းဆောင်ပြောခဲ့သလို (ယခင်မိုးမခမှာ ဖော်ပြခဲ့ပြီး) တပ်၊ ဝါဒ၊ ပြည်သူနဲ့ နယ်မြေဆိုတဲ့ သဘောထားကို CRPH က သူတို့၏ နိုင်ငံရေးလုပ်ငန်းစဉ်များမှာ အကျယ်တဝင့်မဖော်ပြသေးပါ။ တိုင်းရင်းသားဆိုတဲ့စကားလုံးထက် လူမျိုးစုံ ဆိုတဲ့စကားကိုလည်း သပိတ်တိုက်ပွဲဝင်နေသူတွေက အသုံးပြုလာတာကို တွေ့ရပါတယ်။ လူမျိုးစုံနဲ့ ထူထောင်တဲ့ပြည်ထောင်စုကြီး ဖြစ်ပေါ်ဖို့ လူမျိုးစုအသိးသိးကလည်း သူတို့လူမျိုးတွေအတွက် ရပ်တည် တိုက်ပွဲဝင်နေတဲ့အဖွဲ့အစည်းတွေကို ကူညီထောက်ခံနေကြတာကို တွေ့ရပါတယ်။ လက်ရှိမှာ ဘဏ္ဍာရေးအရ လိုအပ်ချက်တွေကို ကြည့်ရင် - သပိတ်တိုက်ပွဲများ၊ CDM ထောက်ပံ့မှုများ၊ CRPH support၊ CDM Diplomat Support များကို လူထုက ဝန်းယံပေးကြပါတယ်။ တိုင်းရင်းသားလူမျိုးစုံတွေကို အသီးသီး ထောက်ခံကူညီကြဖို့နဲ့ အခု ပြည်ထောင်စုတပ်မတော်အတွက် တိုးချဲ့ကူညီအားပေးဖို့လည်း တောင်းဆိုမှုတွေ ဖြစ်ပေါ်လာပါပြီ။
မြန်မာပြည်တွင်းက သပိတ်တိုက်ပွဲတွေမှာ လမ်းတွေပေါ်မှာ ကျောင်းသားလူငယ်တွေ ပြည်သူလူထုတွေကတော့ ခုချိန်ထိ ကိုယ့်အားကိုယ်ကိုး ကိုယ်ထူကိုယ်ထ အချင်းချင်း ချိတ်ဆက်ပြီး တနေ့ချင်း တနေ့ချင်း တလှမ်းချင်း တလှမ်းချင်း တလက်မချင်း သပိတ်တိုက်ပွဲ အရှိန်မကျဘဲ ဆက်မြှင့်တင်နိုင်အောင် တောင့်ခံခုခံတိုက်ပွဲဝင်နေကြတာကတော့ လက်တွေ့မြင်ကွင်းပဲ ဖြစ်ပါတော့တယ်။
#MoeMaKaMedia
#WhatsHappeningInMyanmar