Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၉ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၉ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မတ် ၁၁၊ ၂၀၂၁

မတ်လ ၁၁ ရက်နေ့အတွက် အဓိကသတင်းကတော့ NLD ပညာရေးကွန်ယက်က ဦးဇော်မြတ်လင်း (၄၆နှစ်) မတ်လ ၉ ရက်နေ့ သေဆုံးကြောင်း မိသားစုကို စစ်ကောင်စီက အကြောင်းကြားရာကနေ သေဆုံးသူရုပ်အလောင်းဟာ ပုတ်ပွပျက်စီးနေတာကို မိသားစုက တွေရတယ်လို့ ထုတ်ပြန်တာ ဖြစ်ပါတယ်။ စစ်ကောင်စီက ဖမ်းဆီးထားသူတွေ သူတို့လက်ထဲမှာ သေဆုံးပျက်စီးကြရတာ များပြားလာပြီ ဖြစ်ပါတယ်။ အဲသည်အတွက် စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုမြောက်ပြီး ခုံရုံးတင်စစ်ဆေးရမယ့်အမှုတွေ ဖြစ်လာပါတယ်။

နောက်ထပ်အရေးကြီးတဲ့ သတင်းကတော့ မြိုင်မြို့မှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ မြန်မာပြည်သူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ်လို့ လူ ၆ ဦးသေဆုံးတယ်ဆိုတဲ့သတင်း။ မြောက်ဒဂုံ၊ ပဲခူး၊ ထားဝယ်၊ မန္တလေးစတဲ့ မြို့နယ်တွေမှာ စစ်တပ်က ပစ်ခတ်လို့ တမြို့မှာ လူ တဦး အနည်းဆုံးသေဆုံးတယ်ဆိုပါတယ်။ မတ်လ ၁၁ ရက်နေ့မှာတင် သေဆုံးသူ အနည်းဆုံး ၁၀ ဦး ရှိခဲ့ပါတယ်။ မြိုင်လို မြို့လေးတခုတည်းမှာ လူ ၆ ဦး ပစ်သတ်ခံရတယ်ဆိုတာလည်း စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု လူ့အခွင့်အရေးပြစ်မှုကြီးတွေ ဖြစ်ပါတယ်။

စစ်တပ်၏ သတင်းစာရှင်းလင်းပွဲမှာ ဖက်ဆစ်တွေ၏ မူလရုပ်ကို ထင်ထင်ရှားရှား ထုတ်ပြတယ်လို့ ကောက်ချက်ဆွဲတာကလွဲလို့ အခြား ဘာမှ ပြောစရာမရှိပါ။ သတင်းစာရှင်းလင်းပွဲမှာ မေးခွန်းမေးသူတွေအပေါ်ဆက်ဆံ တုန့်ပြန်ပုံတွေသည် အလွန်ကို ရိုင်းစိုင်း ကြမ်းတမ်းသော လူမိုက်အကြမ်းဖက်သမားတို့၏ စရိုက်တွေ ဖုံးဖိလို့မရအောင် ပေါ်လွင်နေတာကို တွေ့ရပါတယ်။

မြိတ်မြို့က ရှေ့နေ ကဗျာဆရာ ဦးလွင်အောင် ခေါ် နရီမြိတ်ကို စစ်တပ်က နေအိမ်ကနေ ဥပဒေမဲ့ ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ သတင်းရရှိပါတယ်။ ထို့အတူ မြန်မာပြည်အနှံ့မှာ CDM ဝင်နေသူများ ဆရာဆရာမများ ဝန်ထမ်းများကို လိုက်လံပြီး သတင်းပေးများကနေတဆင့် စုံစမ်း ဖမ်းဆီးတာတွေ ဆက်ပြီး ကျုးလွန်နေပါတယ်။ ဖမ်းဆီးခံထားရသူတွေကို နှီပ်စက်ညှင်းပန်းပြီး ခြိမ်းခြောက်ဖိအားပေးပြီး စစ်ကောင်စီကို ထောက်ခံကြောင်း အတင်းအဓမ္မလက်မှတ်ထိုးခိုင်းနေတယ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်။ CRPH ကတော့ အဲသည်လိုဝန်ခံချက်တွေ စစ်ကောင်စီက ထုတ်ပြန်တာကို လက်မခံဘူးလို့ တုန့်ပြန်ထားပါတယ်။

စစ်ကောင်စီက ရခိုင်တပ်တော်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတာကနေ ရုပ်သိမ်းကြောင်း ထုတ်ပြန်ပါတယ်။ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခံထားရတဲ့ စစ်ကောင်စီက အဲသည်လို ထုတ်ပြန်တော့ ဆိုရှယ်မီဒီယာမှာလည်း ဂယက်ရိုက်ပါတယ်။ AA တပ်တော်ကို စစ်ကောင်စီနဲ့ ရပ်တည်တယ်ဆိုပြီး ဝေဖန်ကြသလို၊ CRPH ကလည်း AA တပ်တော်ကို စစ်ကောင်စီမတိုင်ခင်ကတည်းက အကြမ်းဖက်အဖွဲ့အဖြစ်ကနေ ပယ်ဖျက်ကြောင်း ဦးအောင် ကြေညာသင့်တယ်လို့ ဝေဖန်ကြသူတွေ ရှိပါတယ်။ အမျိုးသားညီညွတ်ရေးနဲ့ တပ်ပေါင်းစုတွေ ဖော်ဆောင်ပြီး မဟာမိတ်တွေ တိုးချဲ့နေရမယ့် အချိန်မှာ ရခိုင်တိုင်းရင်းသားတွေ၊ ရခိုင်၏ AA တပ်တော်တွေကိုပါ အပြုသဘော တုန့်ပြန်သင့်တယ်လို့ ပြောဆိုတွေလည်း ရှိပါတယ်။ ရိုဟင်ဂျာ တွေကတော့ လက်ရှိမြန်မာပြည်နွေဦးတော်လှန်ရေးကို သူတို့ခံစားခဲ့ရတဲ့ အကြမ်းဖက်ဖြစ်ရပ်တွေ အတွေ့အကြုံတွေ ခံစားချက်တွေကနေ ကိုယ်ချင်းစာပြီး ရပ်တည်ကြောင်း ဒုက္ခသည်စခန်းတွေကနေ ထုတ်ပြန်ခဲ့ကြပါတယ်။ ပြီးတော့ ရန်ကုန်မှာလည်း ရိုဟင်ဂျာသပိတ်စစ်ကြောင်းတခု ချီတက်ခဲ့ဖူးပါတယ်။ ရခိုင်အမျိုးသားတွေကိုယ်တိုင်ကလည်း နွေဦးတော်လှန်ရေးမှာ ရခိုင်တိုင်းရင်းသားအလံလွှင့်ပြီး ချီတက်နေကြတာတွေ့ရပါတယ်။ အများပြည်သူလူထုတွေရဲ့ မြေပြင်မှာ လူသားတွေက အတူတူ ခံစားရပ်တည်ပါတယ်။ အဖွဲ့တွေ အုပ်စုတွေ ခေါင်းစီးတွေ ဖြစ်လာတဲ့အခါမှာတော့ တမျိုးတမည် ဖြစ်လာကြတာကို တွေ့နိုင်ပါတယ်။ မြန်မာပြည်မသားတွေထဲက အချို့စစ်ကြောင်းတွေမှာလည်း တိုင်းရင်းသားတွေကို စစ်တပ်က အသံတိတ်သတ်ဖြတ်ခဲ့ရတာတွေအတွက် မိမိတို့ နှုတ်ဆိတ်နေမိတာ တေင်းပန်ကြောင်း ဆိုင်းဘုတ်တွေ ကိုင် ချီတက်ကြတာကို တွေ့ခဲ့ရပါတယ်။ အချို့အစုအဖွဲ့တွေ တိုင်းရင်းသားအဖွဲ့တွေက ထောက်ပြတဲ့အချက်ကတော့ NLD-CRPH က ၎င်းတို့ (၂၀၁၅-၂၀၂၀) အစိုးရလက်ထက် အဖိနှိပ်ခံတွေအပေါ် နှုတ်ပိတ်နေမှုအတွက် ဘာပြောမလဲ ဆိုတာ ဖြစ်ပါတယ်။

သပိတ်အဖွဲ့တွေကတော့ မတ်လ ၁၂ ကိုလည်း ဆက်ချီတက် ကန့်ကွက်ကြဖို့ တိုက်ပွဲခေါ်ထားပါတယ်။ စစ်အုပ်စုဘက်က မည်သို့ပင် နင်းခြေသတ်ဖြတ်နေပါစေ လမ်းပေါ်သပိတ်တိုက်ပွဲတွေကတော့ နည်းမျိုးစုံနဲ့ ဆက်ဖော်ဆောင်နေဦးမှာ ဖြစ်ပါတယ်။ အဲသည်တပြိုက်တည်းမှာပဲ အပစ်ရပ်အဖွဲ့တွေထဲက PPST အဖွဲ့ဝင်တွေ ထပ်မံဆွေးနွေးနေကြပါတယ်။ နာကျင်နေတဲ့ ပြည်သူတွေဘက်က ရပ်တည်ဖို့ အဓိကဖြစ်တယ်လို့ သူတို့အစည်းအဝေး အဖွင့်မှာ ပြောကြားပါတယ်။ လူအချို့၏ပြင်းပြင်းထန်ထန်ဝေဖန်ခြင်းခံနေရတဲ့ GSC နဲ့လည်း PPST ဆွေးနွေးမှုတွေ ရှိတယ်လို့ မြန်မာနောင်းသတင်းမှာ တွေ့ရပါတယ်။ မြန်မာနောင်းသတင်းထဲက ပြောကြားချက်အချို့ထဲက စိတ်ဝင်စားစရာ PPST ပြောစကား ကောက်စာကတော့ - (အသိအမှတ်ပြုခြင်း၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းက ခဏထားအုံး။ ကြားကျကျ Coordination လောက်တော့ ဆက်သွယ်ဆက်ဆံတာ တွေတော့ ရှိမယ်။ ဒါပေမဲ့ တစ်ဖက်ဖက်ကို ဇောင်းပေးပြီးတော့ တကယ် အလေးအနက် ပါသွားတဲ့ ပုံစံတော့ မရသေးဘူးလို့ အကြမ်းဖျင်းသတ်မှတ်တာပေါ့)။

CRPH ကတော့ နိုင်ငံတကာက အစိုးရတွေအပြင် ဥပဒေရေးရာအဖွဲ့အစည်းတွေ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ တိုးမြှင့်ပြီး လုပ်နေတယ် ဆိုပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ ပြည်သူတွေနဲ့ ပြည်သူ့ရွေးကောက်ခံကိုယ်စားလှယ်တွေအပေါ် လက်နက်ကိုင် အကြမ်းဖက်ခဲ့မှုတွေမှာ တာဝန်ရှိတဲ့ ဖွဲ့စည်းပုံနဲ့မညီဘဲ တရားမဝင်အာဏာရယူခဲ့တဲ့စစ်အုပ်စုကို နိုင်ငံတကာဥပဒေကြောင်းအရ တရားစွဲဆိုနိုင်ဖို့ နိုင်ငံတကာဥပဒေကုမ္ပဏီ Volterra Fietta နဲ့ တရားဝင်ဆွေးနွေးတာတွေလုပ်နေပြီလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က သတင်းထုတ်ပြန်ပါတယ်။

အခုချိန်မှာတော့ လူထုက ရရာလက်နက် အတွေးအခေါ် သဘောထားတွေ ကိုင်စွဲပြီး တူရာ သန်ရာ လက်တွဲလို့ စစ်အာဏာရှင်ဆန့်ကျင်ရေးကို အကြမ်းမဖက်ဘဲ တွန်းလှန် တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။ လူထုက လူထုအချင်းချင်းကိုပဲ အားပေး ကူညီ ဖေးမပြီး တိုက်ပွဲဝင်နေကြတာဆိုတော့ ကျောင်းဆရာတယောက်ပြောသလို R2P မဟုတ်ဘူး၊ P2P - People to People ဖြစ်နေပါတယ်။ ခေါင်းဆောင်လို့ မျော်ခဲ့ကြသူတွေက ခေါင်းဆောင်တွေ ဖြစ်မလာဘဲ မမျော်လင့်ထားသူတွေက ခေါင်းဆောင်တွေ ဖြစ်လာပြီး ဦးဆောင်နေကြတာ ဖြစ်ပါတယ်။ အခုချိန်မှာ တိုက်ပွဲထဲမှာပဲ သင်ကြား ၊ တိုက်ပွဲထဲကပဲ သင်ခန်းစာယူပြိး လူထုသည် လူထုနဲ့ လက်တွဲပြီး စစ်အာဏာရှင်ကို တွန်းလှန်နေတာကို ဆိုနိုင်ပါတယ်။ လူထု၏ တိုက်ပွဲအရွေ့ကနေ တိုင်းပြည်တဝှမ်းလုံး အကျိုးရှိမယ့် နိုင်ငံရေးအရွေ့ကတော့ နိုင်ငံရေးသမားများပေါ်မှာ မူတည်နေဆဲ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။


#MoeMaKaMedia #WhatsHappeningInMyanmar