ဇာနည် - အာဇာနည်တွေနေတဲ့တိုင်းပြည် (သို့မဟုတ်) ကြွေလွင့်ခဲ့သောနွေဦးပန်းတပွင့်
အာဇာနည်တွေနေတဲ့တိုင်းပြည်
(သို့မဟုတ်)
ကြွေလွင့်ခဲ့သောနွေဦးပန်းတပွင့်
ဇာနည်
(မိုးမခ) မတ် ၁၂၊ ၂၀၂၁
(၁၁-၃-၂၀၂၁) မနေ့ကမြောက်ဒဂုံ (၃၅) လမ်းမှာ သေနတ်ကျည်ဆံနားထင်ကိုဖောက်မှန်ပြီး ကျဆုံးသွားတဲ့ရဲဘော်လေး "ချစ်မင်းသူ" (အသက်၂၅ နှစ်) ဟာ ငါတို့အတွက် စံပြပြည်သူ့သူရဲကောင်းဖြစ်တယ်...
စစ်ဖက်ဆစ်တွေက သေနတ်နဲ့တရစပ်ပစ်နေတာကိုထွက်မပြေးဘဲ...နောက်ကသူတွေမထိအောင်ရှေ့ဆုံးကနေ ဒိုင်းတလက်နဲ့ကာကွယ်ပေးရင်း သူ့ရဲ့သံဒိုင်းကိုသေနတ်ကျည်ဆံဖောက်မှန်ပြီး ကျဆုံးခဲ့ရတာဖြစ်တယ်...
သူ့မှာ (၂) နှစ်အရွယ် သမီးလေးတယောက်နဲ့ သူ့မိန်းမမှာကိုယ်ဝန် (၂) လ ကျန်ခဲ့တယ်..
အဲ့ဒီနေ့က သူ့မိန်းမကမသွားဖို့တားခဲ့သေးတယ်...
"ငါ့မသွားလို့ ငါ့လိုလူတွေများလာရင် ဒီမိုကရေစီတိုက်ပွဲမအောင်မြင်မှာစိုးရိမ်ရတယ်.."လို့ပြောပြီး မိသားစုကိုကျောခိုင်းပြီး ဆန္ဒပြပွဲကိုထွက်လာခဲ့တယ်...
ဒီစကားကိုကြားလိုက်ရတော့..တခါက ဆရာဗန်မော်တင်အောင်ရဲ့ "မြိုင်" ဝတ္ထုထဲကဇတ်ကောင် "ကိုတင်ဦး" ပြောခဲ့တဲ့စကားလေးကို ပြန်သတိရလိုက်မိတယ်...
" မြိုင်ရယ်... ဖမ်းဆီးနှိပ်စက်ခံရလို့ပဲဖြစ်ဖြစ်၊ အသတ်ဖြတ်ခံရလို့ပဲဖြစ်ဖြစ်...အမှန်တရားဘက်ကရပ်တည်ပေးမဲ့သူတွေမရှိခဲ့ဘူးဆိုရင်..ဒီလောကကြီးဟာလဲ ဘယ်တော့မှလဲမတိုးတက်နိုင်သလို ကြီးနိုင်ငယ်ညှဉ်းတိရတ္ဆန်သာသာလောကကြီးပဲဖြစ်နေတော့မှာပေါ့..." တဲ့။
သူ့အမေဆီက ငွေ (၁၀၀၀) တောင်းသွားပြီး..သူသမီးလေးကိုနမ်းရင် း"အဖေပြန်လာခဲ့မယ်.." လို့ နှုတ်ဆက်သွားခဲ့သေးသတဲ့...။
ခုတော့...သူဟာ သူ့ချစ်ဇနီးနဲ့သူသမီးလေးဆီကိုပြန်မလာနိုင်ခဲ့တော့ပါဘူး...
လူလောကထဲကိုရောက်မလာသေးတဲ့ သူရဲ့ (၂)လအရွယ် ရင်သွေးလေးကိုလဲ မတွေ့မြင်ခဲ့ရတော့ပါဘူး...
သူ့အလောင်းကို လူတွေကပြန်ဆွဲယူပြီး သူ့အိမ်ကိုပို့ပေးခဲ့တယ်...
(စစ်ဖက်ဆစ်တွေဟာ သူ့အလောင်းကိုအတင်းအဓမ္မပြန်သိမ်းသွားကြတယ်လိုသိရတယ်...)
ဒါဟာဘာကိုပြသလဲဆိုတော့...
"ချစ်မင်းသူ" ကိုရက်ရက်စက်စက်သေနတ်နဲ့ပစ်သတ်ခဲ့တဲ့စစ်ဖက်ဆစ်တွေဟာ..
အသက်မရှိတော့တဲ့ သူရဲကောင်း "ချစ်မင်းသူ" ရဲ့အလောင်းကိုတောင် ကြောက်နေတယ်ဆိုတာပြတာပါပဲ...
ဖက်ဆစ်တွေရဲ့ရက်စက်ယုတ်မာမူ့တွေကို သူရဲကောင်း "ချစ်မင်းသူ" ရဲ့အသက်မဲ့ခန္ဓာကိုယ်ကတောင် ကမ္ဘာ တခုလုံးသိအောင်ပြသသွားနိုင်ခဲ့ပါတယ်...
နိုဗယ်ဆုရကမ္ဘာကျော် ချီလီကဗျာဆရာကြီး"နီရူဒါ" ရဲ့ ကဗျာလေးတပိုဒ်ရှိတယ်...
"You can cut all the flowers,
But you can not keep spring from coming..."
"ပန်းပွင့်တွေကိုသာ
ဖြတ်တောက်ပစ်လို့ရနိုင်ပေမဲ့...
ပန်းတွေပွင့်စေတဲ့နွေဦးကိုတော့
တားဆီးထားလို့မရနိုင်ပါဘူး.." တဲ့
တကယ်တော့...
"ချစ်မင်းသူ"ဟာ
နွေဦးမှာကြွေလွင့်ခဲ့ရတဲ့ပန်းတပွင့်ပါ...
စစ်ဖက်ဆစ်တွေဟာ...
နွေဦးပန်းတပွင့်ဖြစ်တဲ့
ချစ်မင်းသူဘဝကိုချိုးခြေဖျက်ဆီးပစ်နိုင်ပေမဲ့...
ချစ်မင်းသူ လို
နွေဦးပန်းပွင့်ပေါင်းများစွာကိုဖူးပွင့်ဝေစေမဲ့...
"နွေဦးတော်လှန်ရေး" ကိုတော့
ဘယ်လိုအရာနဲ့မှပိတ်ဆို့တားဆီးလို့မရပါဘူး...
နောက်ဆုံးတနေ့မှာတော့...
ဒီ..နွေဦးတော်လှန်ရေးဟာ
နွေဦးပန်းပွင့်ပေါင်းများစွာကိုဖူးပွင့်ဝေစေပြီး...
လွတ်လပ်လှပတဲ့လောကသစ်တခုကို
ဖန်းဆင်းယူဆောင်ပေးမှာမလွဲပါဘူး...။
"ငါတို့ရဲ့နွေဦးတော်လှန်ရေးမုချအောင်ခံရမယ်.."
ဇာနည်
(၁၁-၃-၂၀၂၁)
- စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှ ယူပါသည်။