မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁၈ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁၈ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) မတ် ၂၀၊ ၂၀၂၁နှလုံးသားနဲ့ ရေးတဲ့စာ၊ မျက်ရည်နဲ့ရေးတဲ့စာ
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၂ ရက် အာဏာသိမ်းပြီးနောက် ၅ ရက်ပြည့်ပြီးတဲ့ နံနက်ခင်း၊ နယ်စပ်တနေရာကို ထွက်ခွာဖို့ ဆုံးဖြတ်ထားတဲ့ သားဖြစ်သူက အမေကို ကန်တော့နေတဲ့ မြင်ကွင်း၊ စစ်ကားတွေ နေ့စဥ် မြို့ထဲ စက်သေနတ်ကိုကားခေါင်းခန်းခေါင်မိုးပေါ်ထောက်တင်ပြီး လှည့်နေတဲ့ မြင်ကွင်းတွေ၊ ရက်စက်စွာပစ်သတ်နေတဲ့ သတင်းတွေရေဒီယိုထဲ နေ့စဥ်ကြားနေရတော့ အမေက သားဖြစ်သူကို တားဖို့စကားလည်း နှုတ်ကမပြောရက်၊ မသွားဖို့တားလိုက်ပြီးနောက်ကျမှ အဖမ်းခံရတာ နှိပ်စက်ခံရတာ သတ်ဖြတ်ခံရတာမျိုး ဖြစ်ရင်လည်း ကိုယ့်ကြောင့်လို့ တသက်လုံးရင်ထဲကောင်းမှာ မဟုတ်တော့။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတင် စစ်တပ်စခန်းတခုကို ညဘက်ဆေးနဲ့ ပက်ခြင်းခံပြီးနောက်တရက်မှာ စျေးထဲက အလုပ်သမားတယောက်ကို ဆေးပက်တယ်ဆိုတဲ့ မသင်္ကာမှုနဲ့ ဖမ်းဆီးပြီးနောက်တရက်မှာ အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်လည်း မြို့တမြို့လုံးသိရှိတဲ့ အဖြစ်မို့ အဲလိုအဖြစ်မျိုး ကိုယ့်ရင်သွေးဖြစ်သူကို မကြုံတွေ့စေချင်ပါ။
အဲလိုရွေးချယ်ရခက်ခဲတဲ့ ရွေးချယ်မှုနဲ့ အမေက သားဖြစ်သူ လက်အုပ်ချီကန်တော့တာကို မျက်ရည်ဝဲနေရင်းဆုပေးပြီး ခွင့်ပြုလိုက်ခဲ့ရတယ်။
သားဖြစ်သူက သူနေတဲ့မြို့ကနေ ထိုင်းမြန်မာနယ်စပ်မြို့ဆီ ဦးတည်သွားဖို့ အိမ်လှေခါးကို တလှမ်းချင်းဆင်းပြီး ရှေ့ဆက်ခဲ့တယ်။ စိတ်မှာတော့ ချီတုံချတုံဖြစ်မှာစိုးတာနဲ့ နောက်မှာချန်ရစ်ခဲ့တဲ့ မွေးဖွားကြီးပြင်းရာ နေအိမ်ကို တချက်တောင်ငဲ့မကြည့်လိုက်တော့ပဲ ရှေ့သွားမယ့်ခရီးကိုသာ ဦးတည်ပြီးထွက်လာခဲ့ပါတော့တယ်။
နယ်စပ်ကို ဦးတည်ပြီး သူထွက်လာခဲ့တဲ့လမ်းတလျှောက် တိုင်းရင်းသားဒေက ကျေးရွာတွေ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။ သီတင်းပတ် ၂ ပတ်လောက်အကြာ ထိုင်းမြန်မာ နယ်စပ်ကိုရောက်ရှိတော့ သူထွက်ခွာခဲ့စဥ်က စိတ်ကူးထဲကလို နယ်စပ်မှာ တောခိုလာမယ့် ကျောင်းသားအဖွဲ့တွေကို လက်နက်က အဆင်သင့်၊ တပ်ဖွဲ့ပြီး စစ်အာဏာသိမ်း ငြိမ်ပိအစိုးရကို ပြန်တိုက်ဖို့ လုပ်ကြတော့မယ်ဆိုတာမျိုး အခြေအနေမဟုတ်တာကို တွေ့ရပါတယ်။ လက်နက်ကိုင် တိုက်ပွဲလမ်းစဥ်ကို နိုင်ငံတကာ အကူအညီပေးသူတွေက အားမပေးတာက အဓိကအကြောင်းအချက် ဖြစ်ပြီး လက်နက်ကိုင် တော်လှန်ဖို့ တောခိုလာသူတွေအဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့မှာ ပါဝင်တိုက်ခိုက်တာက နေ့ချင်းညချင်းအကောင်အထည်ပေါ်ဖို့ မလွယ်ကူတာ သိလိုက်ရပါတယ်။
နယ်စပ်ကိုထွက်လာခဲ့စဥ် စိတ်ကူးအတွေးထဲမှာတော့ နယ်စပ်မှာ လက်နက်က အဆင်သင့်၊ တောခိုတဲ့ ကျောင်းသားတွေအဖို့ တပ်ဖွဲ့ဖွဲ့ပြီး နောက် ၆ လ အများဆုံးတနှစ်အတွင်း ကိုယ့်ဇာတိမြို့ရွာတွေကို လာသိမ်းမယ်ဆိုတဲ့ တက်ကြွတဲ့အတွေးနဲ့။
လက်တွေ့မှာ လက်နက်ကိုင်တော်လှန်ရေးဆိုတာ ရေရှည်ဗျူဟာတခု ဖြစ်တယ်ဆိုတာ ရောက်ပြီးကာလအတန်ကြာမှာ သဘောပေါက်ခဲ့သည်။ တနိုင်ငံလုံး အုံးအုံးကြွက်ကြွက် ဆန္ဒပြခဲ့ တောင်းဆိုခဲ့သည့် ဒီမိုကရေစီအရေး၊ ခေတ်ပြောင်းတော်လှန်ရေးသည် လအနည်းငယ်အတွင်း၊ နှစ်အနည်းငယ်အတွင်း ရလဒ် ပေါ်ထွက်လာရမည်ဟူသည့် မျှော်လင့်ချက်များဖြင့်။
ဆယ်စုနှစ် သုံးခုကျော်အကြာ၊ အဖေဖြစ်သူမျိုးဆက်က လက်နက်ကိုင်တော်လှန်ရေး နည်းလမ်းမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ အရပ်ဖက်အဖွဲ့အစည်းများရဲ့ ကဏ္ဍ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ရဲ့ လိုအပ်ချက် တထောင့်တနေရာမှာ ပါဝင်နေကြချိန်။
၂၀၂၁ ခု ဖေဖေါ်ဝါရီ ၁ ရက်နေ့ မြန်မာ့နိုင်ငံရေး မှာ မိုးမှောင်ကျခြင်း တပတ်ပြန်လည်လာခဲ့ပြီဟု ဆိုရမည်ထင်သည်။ မိုက်မဲသူ၊ ဗီလိန် မြန်မာ့စစ်တပ်ခေါင်းဆောင်များ၏ လက်ချက်ဖြင့် လအနည်းငယ်က လုံးဝ မျှော်လင့်မထားသည့် နိုင်ငံရေးအခြေအနေ၊ အခင်းအကျင်းကျရောက်ပြီး နိုင်ငံက ကံဆိုးမိုးမှောင်ကျခဲ့ပြန်ပါပြီ။
နံနက် အာရုံမတက်မီ နံနက် ၃ နာရီခန့်ကတည်းက မြန်မာနိုင်ငံ၏ အချို့မြို့နယ်များမှာ အန်အယ်လ်ဒီ ဥက္ကဌများကို ဖမ်းဆီးသည့် သတင်းက ဖေ့စ်ဘွတ်ပို့စ် အဖြစ်မြင်တွေ့ခဲ့ရပြီးနောက် မိနစ်အနည်းငယ်အတွင်း ဒီလက္ခဏာက စစ်အာဏာသိမ်းသည့် ဖြစ်ရပ်ဖြစ်သည်ဆိုသည်ကို သံသယဖြစ်ဖွယ်မရှိတော့။
ဖေဖေါ်ဝါရီ ၁ ရက်နေ့၏ နံနက်မိုးလင်းလာသည်နောက် မြို့ခံတွေ၊ ရပ်ကွက်သူရပ်ကွက်သားတွေ ဆန်ဆိုင် ၊ ဆီဆိုင်မှာ တန်းစီကာဆန်၊ ဆီဝယ်နေကြတာ၊ ဘဏ်ရှိ အေတီအမ်စက်မှာ တန်းစီနေတာတွေ၊ မြို့နယ်စျေး၊ ရပ်ကွက်စျေးထဲက ဆိုင်ခန်းထဲမှာရှိတဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို သယ်ထုတ်နေကြတာတွေ မြင်တွေ့နေရပြီး ၃၂ နှစ်အတွင်း ဒုတိယအကြိမ် ထပ်ကြုံရတဲ့ စစ်အာဏာသိမ်းမှုကို ဘဝအတွေ့အကြုံများဖြင့် မှတ်ဥာဏ်ထဲက အတွေ့အကြုံများနဲ့ တုံ့ပြန်နေကြတာတွေ့ရပါပြီ။
အဲဒီနောက် ရက်သတ္တပတ်တွေမှာတော့ ဆန္ဒပြမှုတွေ ပုံစံအမျိုးမျိုး စိတ်ကူးပုံဖေါ်မှုအမျိုးမျိုး၊ ကြွေးကြော်သံအမျိုးမျိုး ၊ ကိုယ်စားပြုတဲ့ အလွှာအမျိုးမျိုးက အာဏာသိမ်းမှုဆန့်ကျင်တဲ့ သပိတ်တွေ သီတင်းပတ်နဲ့ချီ ဖြစ်ပွားခဲ့ပါတယ်။ အရှိန်က တဖြည်းဖြည်းမြင့်တက်လာခဲ့ရာကနေ မတ်လဆန်းမှာ ပစ်ခတ်ဖြိခွဲမှုတွေ အရှိန်မြင့်တက်ပြီး အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လူအများစုကြီးရဲ့ နိုင်ငံရေးတောင်းဆိုချက် ပြည့်ဝဖို့အတွက် အနုနည်းနဲ့ မရခဲ့ရင် ဆိုတဲ့အထိ စိတ်ဓါတ်ပြင်းပြလာခဲ့ကြပါတယ်။ တချို့သော လူငယ် ဂျန်ဇီတွေက အကြမ်းမဖက်တဲ့ နည်းနဲ့ ဆန္ဒပြမှုကို ကျည်အစစ်သေနတ်နဲ့ ရက်စက်စွာပစ်သတ်တာ၊ အညှိုးတကြီးဖြိုခွဲတာ ၊ ဖမ်းဆီးတာ ၊ အသက်ဆုံးရှုံးတဲ့အထိ ရိုက်နှက်သေဆုံးရတာတွေ ဆက်တိုက်ဖြစ်လာတဲ့အချိန်၊ ရန်ကုန်မြို့ရဲ့ လမ်းများပေါ်မှာ အတားအဆီးတွေချ၊ အသက်ဆုံးရှုံးခံ ခုခံကာကွယ်လာကြတဲ့နောက် တခြားနည်းလမ်းဆိုတာမျိုးကို စဥ်းစားလာကြပါပြီ။
ခုလို နှစ် ၃၀ ကျော် သမိုင်းတပတ်လည်လာချိန်မှာ လက်နက်မဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ မရတော့ဘူး။ လက်နက်ကို လက်နက်နဲ့ တိုက်မှရမယ်ဆိုတဲ့ အတွေး၊ အယူအဆတွေက ဆန္ဒပြသူအချို့ရဲ့ နှလုံးသားနဲ့ ဦးနှောက်ကို ဆုပ်ကိုင်မိကြပြီထင်ပါတယ်။
နှစ် ၃၀ ကျော်က အတိတ်ရဲ့ ရုပ်ပုံလွှာက အတွေးထဲ မနေ့တနေ့က လိုပြန်ပေါ်လာခဲ့ပါတယ်။ ခုချိန်မှာ လူငယ်အရွယ်ရောက်နေတဲ့ နောက်ဂျန်ဇီမျိုးဆက်ထဲက သမီးဖြစ်သူသာ ၁၉၈၈ ခုရဲ့ စက်တင်ဘာလ နံနက်ခင်းတခုတုန်းကလို မိဘနေအိမ်က ထွက်ခွာဖို့ ကန်တော့လာခဲ့မယ်ဆိုရင်ဖြင့်၊ အဲဒီအချိန်မှာ ဟိုးအနှစ် ၃၀ ကလို ကိုယ့်သားသမီးကို မတားဆီးရက်တဲ့ မိဘတယောက်အဖြစ် တွေးတောမိတဲ့အခါ ဒီစာကို နှလုံးသားနဲ့ ရေးရမှာလား မျက်ရည်နဲ့ ရေးရမှာလား ဆိုတဲ့အတွေးက ပေါ်လာခဲ့ပါတော့တယ်။ ။\
(အယ်ဒီတာအဖွဲ့တွင်းက ပုဂ္ဂိုလ်ရေးဆိုင်ရာခံစားချက်တွေကိုလည်း တင်ဆက်လိုက်ပါတယ်)
#MoeMaKaMedia
#WhatsHappeningInMyanmar