Breaking News

မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁၇ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ တပ်မတော်ကအာဏာသိမ်းပြီး ၁လ နဲ့ ၁၇ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မတ် ၁၉၊ ၂၀၂၁

ဒီနေ့အတွက် သတင်းသမားတွေအတွက် နောက်ထပ်သတင်းဆိုးကတော့ နေပြည်တော်က သတင်းထောက်တွေထဲက ဘီဘီစီကတဦးနဲ့ မစ္ဇျိမကတဦးကို စစ်ကောင်စီက အကြောင်းပြချက်မရှိ ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ အဲသည်အတွက် သတင်းအဖွဲ့အစည်းတွေက ကန့်ကွက်ထားကြပြီး အာဏာသိမ်းစစ်ကောင်စီက ဘာမှ ထုတ်ပြန်ခြင်း မရှိပါဘူး။ သတင်းမီဒီယာတွေနဲ့ စစ်အုပ်စုကြား ဆက်ဆံရေးတင်းမာနေတာက သူတို့သတင်းစာရှင်းလင်းပွဲတွေမှာ တွေ့နေရသလိုမြေပြင်ပေါ်က ဆန္ဒပြပွဲတွေ စစ်အုပ်စုတွေ၏ အကြမ်းဖက်တိုက်ပွဲတွေမှာ သတင်းသမားတွေကို ပစ်မှတ်ထား ဖမ်းဆီးခဲ့တာတွေက ထင်ရှားပါတယ်။ မနေ့ကလည်း NLD ပါတီက ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးနဲ့ အဖွဲ့ဝင်တဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီက လမ်းပေါ်သပိတ်တိုက်ပွဲတွေကို အကြမ်းဖက် ခြေမှုန်းရုံသာမက ဆေးရုံဆေးခန်းများကို ပစ်ခတ်ခြင်း၊ ကျောင်းနှင့် လူနေအိ်မ်များကို ကျူးကျော်ဝင်ရောက် ဖျက်ဆီးခြင်း၊ ငွေကြေးပစ္စည်းများ လုယက်ခိုးယူခြင်း၊ လမ်းသွားလမ်းလာများကို တားဆီးပြီး အကြမ်းဖက်ခြင်း အဓမ္မခိုင်းစေခြင်း စတာတွေကိုလည်း ကျုးလွန်နေပါတယ်။ သတင်းဌာနများကို ချိုးဖျက်ဝင်ရောက် ဥပဒေမဲ့ ကျုးကျော်ခဲ့တဲ့အပြင် လူမှုအဖွဲ့အစည်းအများအပြားရဲ့ ရုံးခန်းတွေ (နာရေးကူညီမှုအသင်း ရန်ကုန် သာမက) နိုင်ငံတကာနဲ့ ဆက်သွယ်တဲ့ INGO, NGO & Civil Society ဆိုင်ရာ ရုံးခန်းတွေကို ကျူးကျော်မှုတွေ လုပ်ခဲ့ပြိး ဖြစ်ပါတယ်။ ငွေကြေးစိးဆင်းမှုတွေကိုလည်း သူတို့သိသလောက် တားဆီးခြင်း သိမ်းယူခြင်းတွေ ပြုလုပ်ပါတယ်။ သပိတ်တိုက်ပွဲ၊ CDM လှုပ်ရှားမှု၊ သတင်းစာနယ်ဇင်းအလုပ်များ နှင့် စစ်ကောင်စီဆန့်ကျင်ရေးအလုပ်များ ထောက်ပံ့နေမှုများကို နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်ဖို့ ကြိုးစားနေတာကြောင့် သာမန်ပြည်သူလူထုနဲ့လည်း စစ်အုပ်စုတွေဟာ တင်းမာပြတ်တောက်တဲ့ ဆက်ဆံရေးဖြစ်နေပါတယ်။ မြို့ပြတွေကနေ နေထိုင်ဖို့ ခဲယဉ်းတဲ့ ပြည်သူတွေကလည်း ဘေးကင်းရာဒေသတွေကို စတင်ထွက်ခွာ တိမ်းရှောင်နေကြတာကို တွေ့ရပါတယ်။ သည်အရေးတော်ပုံမှာ စစ်ကောင်စီအနေနဲ့က ယခင်တုန်းကလို သာမန်ပြည်သူတွေနဲ့ ပိုနေမြဲ ကျားနေမြဲ ဆက်ဆံရေး ပြန်ရဖို့ မဖြစ်နိုင်တော့ပါဘူး။

မြေပြင်အခြေအနေတွေအရကတော့ မြို့ရွာတော်တော်များများမှာ ပြည်သူတွေအားလုံးက လမ်းတိုင်းအိမ်တိုင်းကနေ စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေဆဲဖြစ်ပါတယ်။ အင်တာနက်ရှိရှိ မရှိရှိ သပိတ်တိုက်ပွဲလှုပ်ရှားမှုတွေကို လူတွေက လက်ဆင့်ကမ်းသတင်းပို့နေကြဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီ၏ ဝါဒဖြန့်မှုတွေ စည်းရုံးမှုတွေကလည်း ပြည်သူတွေမျက်စိရှေ့မှာ ရက်စက်စွာဖြင့် လက်နက်မဲ့ပြည်သူတွေကို ပစ်သတ် ရိုက်သတ်တာတွေ မြင်ထားခဲ့ပြီမို့ ထိရောက်ခြင်း မရှိပါဘူး။ စစ်ကောင်စိ၏ စိတ်ဓာတ်စစ်ဆင်ရေးအလုပ်တွေကတော့ ဆိုရှယ်မီဒီယာမှာ အတော်ကို ပြန့်နှံ့တာ ရှိပါတယ်။ အဲဒါတွေကို အဟုတ်ထင်ပြီး ဖြန့်ချိသူတွေ အတော်များများက မြေပြင်၏ လက်တွေ့အခြေအနေကို ကိုယ်တိုင်မတွေ့ကြုံဖူးသူတွေ များတာမို့ စစ်ကောင်စီ၏ စိတ်ဓာတ်စစ်ဆင်ရေးက ထိရောက်တယ်လို့ မဆိုနိုင်ပါဘူး။ သူတို့ဖြန့်ချိတဲ့ အဓိကအကြောင်းအရာတွေထဲမှာ ကြောက်စိတ်ကို ရိုက်သွင်းတာ သံသယတွေ ဖြစ်လာအောင် လုပ်တာ၊ သတင်းမှားတွေကို အမှန်ထင်အောင် ဆက်ဖြန့်ခိုင်းတာမျိုးတွေ ဖြစ်ပါတယ်။

မတ်လ ၁၉ မှာတော့ CRPH က သူတို့ကော်မီတီဝင်တွေ၊ အစိုးရဝန်ကြီးတွေနဲ့ ၈၈ ပွင့်လင်းအပါအဝင် လူစုံတက်စုံ အစည်းအဝေးလုပ်ကြတဲ့အကြောင်း သတင်းထွက်လာပါတယ်။ အဲသည်နေ့မှာပဲ ဒေါ်ဇင်မာအောင်က သတင်းအင်တာဗျူးမှာ ဖယ်ဒရယ်ပြည်ထောင်စု နဲ့ ဖယ်ဒရယ်တပ်မတော် ဖွဲ့စည်းဖို့ ၈၀% ဆွေးနွေးမှုတွေ ပြီးစိးနေပြီလို့ ဆိုလိုက်ပါတယ်။ သူတို့ဆွေးနွေးတဲ့ဆီမှာ အရပ်ဖက်အဖွဲ့အစည်းတွေ သပိတ်ကော်မီတီတွေလည်း ပါဝင်တယ်။ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့လည်း တခုချင်းစီ အစုလိုက်ဖြစ်စေ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုထားပါတယ်။

ပြည်ပရောက် မြန်မာတိုင်းရင်းသားတွေကတော့ လက်လှမ်းမီရာ အစုအဖွဲ့တွေကနေတဆင့် CRPH နဲ့ CDM အတွက် ဝိုင်းဝန်း လှူဒါန်းမှုတွေ ဆက်လက်ဆောင်ရွက်နေကြပါတယ်။ အပတ်စဉ်ဆန္ဒပြတာတွေအပြင် သက်ဆိုင်ရာအစိုးရနဲ့ အမတ်တွေဆီကို လက်မှတ်ထိုးတောင်းဆိုတဲ့ ကင်ပိန်းတွေလည်း လုပ်ကြပါတယ်။ မတ် ၂၀ မှာ အမေရိကန်အောက်လွှတ်တော်က မြန်မာပြည်နဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီကို ရှုတ်ချကြောင်းအဆို အမှတ် ၁၃၄ အောင်မြင်စွာ မဲခွဲနိုင်ခဲ့ပါတယ်။ အဆိုကို တင်သွင်းထားသော်လည်း လွှတ်တော်ကြမ်းပြင်မှာ မဲခွဲဖို့ အချိန်ဆွဲနေရာက အခုတော့ အောင်မြင်သွားပါပြီ။ နောက်ခြေလှမ်းအဖြစ် အထက်လွှတ်တော်မှာ အဆိုပြုချက် ၁၀၅ နဲ့ မဲခွဲဆုံးဖြတ်ပြီး စစ်ကောင်စီကို တဦးချင်းပစ်မှတ်ထား အရေးယူရန်၊ လက်နက်ပိတ်ပင်ရန် စတဲ့ အရေးယူမှုများ တိုးမြင့်ဖို့ လုပ်ကြရပါဦးမယ်။

အထစ်အငေါ့တခုကတော့ CRPH အတွက် ရန်ပုံငွေ ကောက်ခံနေတဲ့ အမေရိကန်က ပြည်သူဂုဏ်ရည်အဖွဲ့ကြီး၏ GoFundMe လှုပ်ရှားမှုမှာ အလှူငွေ ဒေါ်လာ ၆ သိန်းကျော် ရရှိထားပေမယ့် အခုလို လူအများအပြားက ရက်အနည်းငယ်အတွင်း တခဲနက် လှူဒါန်းနေကြတာကို GoFundMe အဖွဲ့က ရုံးလုပ်ထုံးလုပ်နည်းများနဲ့ စိစစ်မှုတွေ လုပ်နေလို့ စောင့်ဆိုင်းနေရတာ တခုရှိတယ်လို့ တွေ့ရပါတယ်။ ပြည်သူ့ဂုဏ်ရည်အဖွဲ့ကြိး၏ မြန်မာပြည်အရေးအတွက် အခြားအစီအစဉ်များနဲ့ လှူဒါန်းနေမှုတွေကတော့ ဆက်လက် စိးဆင်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဖယ်ဒရယ်ပြည်ထောင်စုကြိးကို ထူထောင်ဖို့ တိုင်းရင်းသားအသီးသိးက မိမိကြမ္မာ မိမိဖာသာ ဖန်တီးကြဖို့ ဆုံးဖြတ်ထားကြတာမို့ တိုင်းရင်းသားနယ်မြေအသီးသိးက တိုင်းရင်းသားလက်နက်ကိုင်တွေကိုကောတိုင်းရင်းသားအဖွဲ့တွေကိုကော မြန်မာပြည်သူတွေအားလုံးက ဆက်ပြီး ဝိုင်းဝန်းကူညီ ထောက်ခံအားပေးကြဖို့လည်း ပြင်ဆင်နေကြပြီ ဖြစ်တယ်လို့ တင်ပြလိုက်ရပါကြောင်း။


#MoeMaKaMedia 
#WhatsHappeningInMyanmar