Breaking News

GSCC အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီက နိုင်ငံရေးလုပ်ငန်းစဉ် တင်ပြ



GSCC အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီက နိုင်ငံရေးလုပ်ငန်းစဉ် တင်ပြ

(မိုးမခ) မတ် ၂၁၊ ၂၀၂၁

၂၀၂၁ ဖေဖော်ဝါရီ နွေဦးတော်လှန်ရေးအတွင်း သပိတ်အဖွဲ့များနဲ့ ချိတ်ဆက်ထားသည့် အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မီတီက စာအမှတ် ၁၁၊ (မတ် ၂၁) ထုတ်ပြန်ချက်အရ -

(၁) ၂၀၂၀ ရွေးကောက်ပွဲနိုင် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအင်အားစုများနှင့် နိုင်ငံရေးအင်အားစုများပါဝင်သော အမျိုးသားညီညွတ်ရေးအစိုးရကို အမြန်ဆုံး  ဖွဲ့စည်းရန်၊

(၂) ဖယ်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံဥပဒေအမြန်ဆုံးရေးဆွဲရန်၊ အရေးတော်ပုံ တိုက်ပွဲကို ဦးဆောင်ရန်၊

(၃) ဖယ်ဒရယ်တပ်မတော် အမြန်ဆုံးထူထောင်၍ အောင်ပွဲရသည်အထိ ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

လက်ရှိအခြေအနေတွင် CRPH ဥိးဆောင်သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက ယာယီဒုသမ္မတ၊ ယာယီဝန်ကြီးများ၊ နိုင်ငံတကာ သံကိုယ်စားလှယ်များနှင့် လည်ပတ်နေပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းအသီးသိးနှင့်လည်း တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသားအဖွဲ့အစည်းများနှင့်လည်း ညှိနှို်င်းမှုများလည်း ရှိသည်။ လက်ရှိတွင် ဖယ်ဒရယ်ပြည်ထောင်စုဆိုင်ရာအကောင်အထည်ဖော်ဆောင်မှုများအတွက် ၈၀% ပြီးစီးနေပြီဖြစ်ကြောင်း CRPH၏ ယာယီနိုင်ငံခြားရေးဝန်ကြိး ဒေါ်ဇင်မာအောင်က သတင်းဌာနအင်တာဗျူးတခုတွင် ဖြေကြားခဲ့သည်။

အခု ထုတ်ပြန်သော GSCC၏ ထုတ်ပြန်ချက်မှာ CRPH ကို ပြတ်ပြတ်သားသား မြန်မြန်ဆန်ဆန်ဖြင့် ရှေ့က ဦးဆောင်ရန် တိုက်တွန်း ထောက်ခံထားသော သဘောဆောင်သည်ဟု ဆိုနိုင်သည်။ မတ်လ ၅ ရက်နေ့က CRPH ၏ နိုင်ငံရေးရည်မှန်းချက်ထွက်လာပြီးနောက်တွင် ပြည်ထောင်စုတွင်းရှိ အင်အားစုအားလုံးလွှမ်းချုံသော ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးသည် အားလုံးအရေးအဖြစ် တော်လှန်ရေးလှိုင်းတဆင့်မြင့်တက်ခဲ့ပြီ ဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရတရပ်၏ တာဝန်ယူမှု ဦးဆောင်မှု၊ ထို့နောက် ဖယ်ဒရယ်အခြေခံဥပဒေ၊ ဖယ်ဒရယ်တပ်မတော်များ ဖြင့် ပြည်ထောင်စုထူထောင်ရန်အတွက် ဆက်ချီတက်ကြရန်ကို မီးမောင်းထိုးပြလိုက်သည်ဟု ဆိုနိုင်သည်။

၎င်းတို့ထုတ်ပြန်ချက်အပြည့်အစုံကို အောက်မှာ ဖော်ပြလိုက်သည်။


မြန်မာ့နွေဦး လူထုအရေးတော်ပုံ နိုင်ငံရေးလုပ်ငန်းစဉ် တင်ပြချက်
စာအမှတ်။ ။ ၀၁၁/၂၀၂၁
ရက်စွဲ။ ။ ၂၁-၃-၂၀၂၁

၁။ အကြမ်းမဖက် ငြိမ်းချမ်းစွာ သပိတ်မှောက်ဆန္ဒပြခြင်းဖြင့် အာဇာနည်ပြည်သူအပေါင်း ရာချီ အသက်စတေးခဲ့ပြီး၊ ထောင်ချီ ဖမ်းဆီးခံခဲ့ရပြီဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် အတိုင်းအထက်အလွန် တာဝန်ကျေပွန်စွာ တိုက်ပွဲဝင်ခဲ့ကြသည် မှာ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းတွင် ကမ္ဗည်းမော်ကွန်း ရေးထိုး မှတ်တမ်းတင်လိုက်နိုင်ပြီဖြစ်သည်။

၂။ လူထုအရေးတော်ပုံကြီးကို ပြည်သူတို့၏ပုံသဏ္ဍာန်မျိုးစုံအထွေထွေသပိတ်တိုက်ပွဲများ၊ ဝန်ထမ်းများ၏ CDM တိုက်ပွဲများ၊ CRPH အပါဝင် နိုင်ငံရေးအင်အားစုများ၏ နိုင်ငံရေးမျက်နှာစာလှုပ်ရှားမှုများ၊ သံတမန်ရေးမျက်နှာစာလှုပ်ရှားမှုများ နှင့် တော်လှန်ရေးလက်နက်ကိုင်အင်အားစုတချို့၏ စစ်ရေးတိုက်ပွဲများဖြင့် ပါဝင်ဆင်နွှဲနေကြသည်။

၃။ စစ်အုပ်စုသည် ပြည်သူလူထုအပေါ် အလွန်တရာရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်သတ်ဖြတ်သည့်လမ်းကြောင်း ကို ပြန်လမ်းမရှိ ရွေးချယ်လိုက်ပြီဖြစ်သည်။ အကြမ်းဖက်ဖိနှိပ်မှုများကြားတွင် ဝန်ထမ်းများ၏ CDM တိုက်ပွဲများ၊ ပြည်သူ တို့၏ အထွေထွေသပိတ်တိုက်ပွဲများသည် ပုံစံမျိုးစုံဖြင့် ဆက်လက်လှုပ်ရှားနေမည်ဖြစ်သော်လည်း၊ ယနေ့အခြေအနေ တွင် နိုင်ငံရေးအင်အားစုများနှင့် နိုင်ငံရေးဦးဆောင်မှု၏ နိုင်ငံရေးလုပ်ငန်းစဉ်သည် လူထုအရေးတော်ပုံကြီး၏ အဓိက တိုက်ပွဲလမ်းကြောင်း ဖြစ်လာသည်။

၄။ ထို့ကြောင့် ယနေ့ မြန်မာ့နွေဦး လူထုအရေးတော်ပုံကြီး အောင်ပွဲရသည်အထိ လျှောက်လှမ်းနိုင်ရန် သပိတ်တိုက်ပွဲများကို အခြေခံ၊ သံတမန်ရေးတိုက်ပွဲကို အရံထားပြီး၊ ပြည်တွင်းတိုက်ပွဲပုံသဏ္ဍာန်အမျိုးမျိုးဖြင့် အောင်ပွဲရသည်အထိ ညီညီညွတ် ညွတ် ဟန်ချက်ညီလှုပ်ရှားနိုင်ရေးအတွက် ဖော်ပြပါ နိုင်ငံရေးလုပ်ငန်းစဉ်ကို အကြံပြုတင်ပြပါသည်။

(က) ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူက ရွေးချယ်တာဝန်ပေးအပ်ထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များကို အခြေခံလျက်၊ တိုင်းရင်းသားအင်အားစုများ၊ နိုင်ငံရေးအင်အားစုများ ပါဝင်သော အမျိုးသားညီညွတ် ရေးအစိုးရ အမြန်ဆုံး ဖွဲ့စည်းရန်။

(ခ) အမျိုးသားညီညွတ်ရေးအစိုးရက ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံးရေးဆွဲရန် နှင့် လူထုအရေးတော်ပုံကြီး၏ နည်းသဏ္ဍာန်ပေါင်းစုံဖြင့် တိုက်ပွဲလမ်းကြောင်းကို တာဝန်ယူ ဦးဆောင်ရန်။

(ဂ) အမျိုးသားညီညွတ်ရေးအစိုးရဦးဆောင်မှုဖြင့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် အမြန်ဆုံးတည်ထောင်၍ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည်အထိ အောင်ပွဲရယူရန်။

စစ်အာဏာရှင်စနစ် လုံးဝ ချုပ်ငြိမ်းရမည်၊ လူထုအရေးတော်ပုံ မုချ အောင်ရမည်။

အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ

#MoeMaKaMedia 
#WhatsHappeningInMyanmar