Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၊ ၂၀၂၁

ယနေ့ကျဆုံးသူပေါင်း - ၁၀ ဦး
မင်္ဂလာတောင်ညွန့် - ၁ ၊ တောင်ဒဂုံ - ၂ ၊ မုံရွာ - ၁ ၊ မန္တလေး - ၂၊ မြင်းခြံ - ၁၊ ကလေး - ၃

ဧပြီလ ၁ ရက်နေ့ဆိုတာ ပုံမှန်ဆိုရင်တော့ ဆိုရှယ်မီဒီယာမှာ အချင်းချင်း နောက်ကြစကြတဲ့ သတင်းတွေ တင်လေ့ရှိကြပေမယ့် ဒီနှစ် မှာတော့ စစ်အာဏာသိမ်းမှုကြောင့် စိတ်ဒဏ်ရာရနေကြတဲ့ သူချည်းမို့ နောက်ပြောင်တာတွေ မတွေ့ရသလောက်ပါ။ အဲဒီအချိန်မှာ စစ်တပ်ဦးပိုင်ရဲ့ ဂန္ဒမာလက်ကားကုန်တိုက်နဲ့ ရူဘီမတ်တို့မီးလောင်တယ် ဆိုတဲ့ သတင်းက မနက်အိပ်ယာနိုးတဲ့အချိန် ပို့စ်တွေမှာတွေ့လိုက်ရတော့ ပထမတော့ အေပရယ်ဖူးလ် လုပ်တာလားလို့ ထင်ပေမယ့် ဓါတ်ပုံတွေနဲ့ တပြိုင်နက်ထဲ တင်ထားကြတာမို့ တကယ်ကြီးဖြစ်တဲ့ အဖြစ်အပျက်ပဲလို့ ယုံကြည်လိုက်ရပါတယ်။

ဧပြီလ ၁ ရက်နေ့ စီအာရ်ပီအိတ်ချ်က စီဒီအမ် စာရင်းပိတ်ပြီးနောက်တနေ့၊ ဖက်ဒရယ် ပဋိဉာဏ်ထုတ်ပြန်ကြေညာတဲ့နေ့၊ တချို့သော ရွှေ့လျားယူဆောင်သုံးလို့ရတဲ့ အင်တာနက်နက်ဝေါ့ခ်တွေပါ ဖြတ်ဦးမယ်ဆိုတဲ့ သတင်းထွက်တဲ့နေ့၊ မန္တလေး၊ မုံရွာ၊ ကလေးမြို့တွေမှာ ပစ်ခတ်ဖြိုခွဲမှုတွေရှိပြီး သေဆုံးမှုပါရှိတယ်ဆိုတဲ့နေ့ ၊ ကရင်ပြည်နယ်မှာ တပ်စခန်းသိမ်းခံလိုက်ရလို့ အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေဆက်လက် လုပ်နေတဲ့နေ့ အစရှိတဲ့ အဖြစ်အပျက်တွေက ဧပရယ်ဖူးလ် မဟုတ်ပဲ တကယ့်ကို မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေ ပါ။

ဂန္ဒမာလက်ကားကုန်တိုက်နဲ့ ရူဘီမတ်တို့ မီးလောင်တယ်ဆိုတဲ့ အချိန်က ညသန်းခေါင် နံနက် ၂ နာရီနဲ့အဲဒီနောက် အနည်းငယ်နောက်ကျတဲ့အချိန် အသီးသီးမို့ ဘယ်သူမှ အပြင်ထွက်ခွင့်မရှိ စစ်တပ်တွေ လုံထိန်းတွေသာ ကင်းလှည့်နိုင်တဲ့အချိန်ဖြစ်လို့ ခု မီးလောင်တဲ့အဖြစ်ကို စစ်ကောင်စီရဲ့ ပဥ္စမံတပ်သားလိုမျိုးကသာ လုပ်တာဖြစ်မယ်လို့ ယူဆကြတာပါ။

အခုလို အခင်းအကျင်းတွေဟာ စစ်အာဏာမသိမ်းခင်ကတည်းက ၊ အကြောင်းပြဖို့အတွက် ခိုင်းစေပြီးလုပ်ခိုင်းတဲ့ အမျိုးသားရေးအစွန်းရောက်တွေနဲ့ ပါးကွက်သားတွေရောနှောပြီး လုပ်ခိုင်းတဲ့ ဆန္ဒထုတ်ဖေါ်မှုတွေ၊ အာဏာသိမ်းပြီးနောက်ရက်တွေမှာလည်း အာဏာသိမ်းတာကို ဆန့်ကျင်သူတွေကဆန္ဒမပြခင်ရက်တွေမှာ ရန်ကုန်မြို့တွင်းကားတွေနဲ့ လှည့်လည် အောင်ပွဲခံဆန္ဒပြစေတာတွေ ကိုလည်း စစ်တပ်က စီစဥ်ခိုင်းစေခဲ့တယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။ အာဏာမသိမ်းမီကတည်းက အဲဒီဆန္ဒပြမှုတွေဟာ အာဏာသိမ်းဖို့ ရာအတွက် အကြောင်းပြဖို့ စီစဥ်တာတွေဖြစ်နိုင်ကြောင်း မှန်းဆချက်တွေက ဖေဖေါ်ဝါရီလ ၁ရက်နေ့မှာ မှန်ကြောင်း သက်သေပြခဲ့ပါပြီ။

ခုလည်း အကြမ်းဖက်မှုတွေဖြစ်စေအောင် ရဲလုံထိန်းတွေ၊ စစ်သားတွေကို ရက်စက်ကြမ်းကြုတ်စွာ ပြုမူနှိမ်နှင်းစေပြီး ဆန္ဒပြသူတွေဘက်က ၊ အရပ်သားတွေက မခံနိုင်လို့ လက်တုံ့ပြန်မှုတွေကို မင်းမဲ့စရိုက် ဖြစ်နေပြီဆိုတဲ့ အကြောင်းပြချက်နဲ့ အပြင်းအထန်ဖိနှိပ် ဖြိုခွဲဖို့ စီစဥ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ခု မီးလောင်မှုကလည်း ဆန္ဒပြသူတွေဘက်ကို ပြစ်တင်ဖို့ရာအတွက် စီစဥ်တဲ့ဟာတစ်ခု အဖြစ်ကောက်ချက်ချရုံကလွဲလို့ အခြားသံသယဖြစ်စရာ မရှိပါဘူး။ တနေရာနဲ့ တနေရာ ၈ မိုင်၊ ၉ မိုင်လောက်ဝေးတဲ့ နေရာနှစ်ခု ညမထွက်ရ အမိန့်ကြောင့် မည်သူမျှ ထွက်ခွင့်မရှိချိန်မှာ ဖြစ်တာကြောင့် စစ်တပ်၏လုပ်ကြံမှုတစ်ခုထက်မပိုဘူးလို့ဆိုရမှာပါ။

ဒီနေ့ဟာ ရန်ကုန်မြို့မှာတော့ စစ်ကားတွေလှည့်နေဆဲ မြို့ရဲ့ နေရာအချို့မှာလည်း လမ်းမပေါ် ကားတာယာတွေ မီးတင်ရှို့တာတွေ ရှိနေဆဲဖြစ်ပြီး မန္တလေးမြို့နဲ့ မုံရွာမြို့တို့မှာတော့ ပစ်ခတ်ဖြိုခွဲမှုတွေ၊ ခုခံမှုတွေ နဲ့ အရပ်သားတွေဘက်က သေဆုံးမှုအချို့ရှိတယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ ခွင့်ပြုမှုနဲ့ မြန်မာနိုင်ငံရောက်နေတဲ့ စီအန်အန် သတင်းသမားအဖွဲ့က လှိုင်သာယာက မီးလောင်ခဲ့တဲ့ စက်ရုံအချို့၊ မနက်အာရုံမတက်မီလောလောလတ်လတ်လောင်တဲ့ စစ်တပ်ပိုင် ကုန်တိုက်တို့ကို သွားသတင်းယူတယ်လို့ ဆိုရှယ်မီဒီယာပို့စ်တွေ အရသိရပါတယ်။

ပုဂ္ဂလိကဘဏ်တွေလည်း အရင်သီတင်းပတ်တွေလောက် ဖွင့်လှစ်နိုင်တာမတွေ့ရပဲ အေတီအမ်အချို့ သတ်မှတ်ပြီး ငွေဖြည့်ပေးတာမျိုးပဲ တွေ့ရပါတယ်။ မနေ့က ညနေ ကားထဲထိုင်နေရင်း သေနတ်နဲ့အပစ်ခံရလို့ ဘဏ်ဝန်ထမ်းအမျိုးသမီးခေါင်းမှာ ကျည်ထိသွားတဲ့ အဖြစ်ကလည်း ရုံးတက်မယ့် ဘဏ်ဝန်ထမ်းတွေအဖို့ စိုးရိမ်စရာ အခြေအနေမျိုး ဖြစ်စေပါလိမ့်မယ်။

စစ်ကောင်စီ အနေနဲ့ ဆန္ဒပြတဲ့အကြောင်းအရင်းကို တုံ့ပြန်ဖို့ ရှောင်လွှဲပြီး ခု ဆန္ဒပြမှုတွေဟာ အင်တာနက်ဆက်သွယ်မှုပေါ်က လှုံဆော်မှုတွေကြောင့်လို့ အပြစ်တင်ပါတယ်။ ပြဿနာရဲ့ အကြောင်းရင်းကို မျက်ကွယ်ပြုထားကာ အင်တာနက်ဆက်သွယ်မှုကို အပြစ်ရှာပြီး နောက်တမျိုးဖြတ်တောက်ဖို့ ပြင်ဆင်တဲ့သတင်းထွက်လာပြန်ပါတယ်။ ဘရော့ဘန်းလို့ခေါ်တဲ့ သယ်ဆောင်သွားနိုင်တဲ့ အင်တာနက်ဝိုင်ဖိုင် စနစ်ကို ပိတ်ဖို့ ဝန်ဆောင်တဲ့ကုမ္ပဏီတွေကို ဖုန်းနဲ့ ဆက်သွယ်ပြောဆိုတယ်ဆိုတဲ့ သတင်းထွက်လာပါတယ်။ ဘဏ်တွေ၊ ရုံးတွေ ကုမ္ပဏီတွေနဲ့ အိမ်တွေမှာ တပ်ဆင်ထားတဲ့ ဖိုင်ဘာကြိုးစနစ်နဲ့ အင်တာနက်၊ ဘဏ်လို လုပ်ငန်းကြီးတွေလို တပ်ဆင်တဲ့ Direct Internet Access တွေကလွဲရင် ကျန်တာတွေကို ပိတ်ဖို့ ထပ်ညွှန်ကြားလိုက်တဲ့ သဘောလည်းဖြစ်ပါတယ်။

နကိုကတည်းက အင်တာနက် ဖြတ်တောက်မှုကြောင့် စီးပွားရေးနယ်ပယ်ကို ထိခိုက်မှုတွေက ခုလို နောက်အမျိုးအစားတမျိုးကိုပါ ပိတ်ဖို့ ဆုံးဖြတ်လိုက်တာက ပိုပြီးဆိုးရွားစေမယ် ဖြစ်ပါတယ်။

နိုင်ငံတကာမျက်နှာစာမှာ မြန်မာပြည်အရေးဟာ ရှေ့တန်းကို ရောက်နေပါပြီ။ အခုကုလသမဂ္ဂလုံခြုံရေးကောင်စီက စစ်ကောင်စီကို အရေးယူနိုင်ဖို့ ဆွေးနွေးနေကြရာမှာ တရုတ်က တားဆီးမှုတွေ လုပ်နေလို့ ကြန့်ကြာနေပါတယ်။ စစ်ကောင်စီအတွက် ငွေစက္ကူရိုက်ဖို့အတွက် ဂျာမဏီကုမ္မဏီက ကုန်ကြမ်းမပေးဘူးလို့ ဆိုလိုက်ပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်တို့ကလည်း မြန်မာစစ်ကောင်စီနဲ့ စီမံကိန်းတွေ ဆက်လုပ်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ ပြည်ပရောက်တိုင်းရင်းသားအဖွဲ့အစည်းတွေအချင်းချင်း ချိတ်ဆက်မှုတွေ ဆွေးနွေးတိုင်ပင်မှုတွေ တိုးတက်လာပါတယ်။ စစ်ဘေးသင့်တိုင်းရင်းသားနယ်မြေတွေကို ကူညီဖို့ ပြည်ပရောက်မြန်မာတွေက တက်ကြွလှုပ်ရှားလာတာ အားရစရာပါ။ မြန်မာပြည်အတွက် အဓိကလိုအပ်နေတဲ့ အကူအညီတွေ အားပေးကူညီမှုတွေရဲ့ မျက်နှာစာတွေ ကဏ္ဍတွေ တိုးလာတယ်လို့လည်း ပြောနိုင်ပါတယ်။ သပိတ်တိုက်ပွဲ၊ စီဒီအမ်၊ စာနယ်ဇင်းနဲ့ ဆက်သွယ်ရေးထောက်ကူ၊ စီအာရ်ပီအိတ်ချ်၊ ထိခိုက်ကျဆုံးနာကျင်သူများ ကူညီရေး၊ တိုင်းရင်းသားအင်အားစုများ၊ စစ်ဘေးရှောင်များအပြင် CDM Diplomat ကူညီရေး စတဲ့နယ်ပယ်အသီးသီးအတွက် အကူအညီအထောက်အပံ့များ၊ နည်းပညာပိုင်းဆိုင်ရာ၊ အကြံဉာဏ်၊ ကြိုတင်ပြင်ဆင် သိစရာများတွေကို မြန်မာပြည်သူတွေကော နိုင်ငံတကာကပါ စိတ်ဝင်တစား ဆွေးနွေးနေကြတာကို တွေ့ရပါတယ်။ နိုင်ငံရေးအပြောင်းအလဲအတွက် CRPH နဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်များကို အားလုံးက အာရုံစိုက် စောင့်ကြည့်နေကြပါတယ်။ ပြည်ပရောက်မြန်မာတွေရဲ့ Action Items တွေထဲမှာ Boycott Made in China လည်း တခု တိုးလာပါတယ်။ 

#MoeMaKaMedia
#WhatsHappeningInMyanmar