Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၂၊ ၂၀၂၁

ယနေ့ကျဆုံးသူပေါင်း - ၁
ဗဟန်း - ၁
စုစုပေါင်း ယနေ့အထိ - ၅၉၆။

ဧပြီဖူးလ် အပြီးနေ့ရက်မှာတော့ သပိတ်ဆန္ဒပြပွဲတွေ ပုံစံအမျိုးမျိုးထဲက flower strike လို့အမည်ပေး ခေါ်ဆိုထားတဲ့ ကျဆုံးသူတွေအတွက် ပန်းစည်း၊ ပန်းခွေချပြီး ဂုဏ်ပြုကြတဲ့ သပိတ်နေ့လည်းဖြစ်ပါတယ်။ ရန်ကုန်မြို့မှာတော့ သေနတ်သံ ဟိုနားသည်နား တချက်တလေတော့ ကြားရဆဲပါ။ လမ်းဆုံလမ်းခွတချို့မှာ စစ်သားတွေ စစ်ကားတွေ သေနတ်လွယ်ပြီး စောင့်နေကြပါတယ်။ ကားတာယာမီးရှို့ထားတဲ့ ပြာမဲမဲ တာယာအတွင်းက သွပ်ကြိုးတွေက ကားလမ်းမလယ်မှာ ဟိုနားသည်နား တွေ့နေရဆဲပါ။ ရန်ကုန်က ထုနဲ့ထည်နဲ့ ခုခံတာမဟုတ်ပေမယ့် မရှုံးဘူးဆိုတာကို ပြဖို့ အာခံမှုရဲ့လက္ခဏာတွေ ပြနေကြဆဲဖြစ်ပါတယ်။

ဒီနေ့တော့ လမ်းမပေါ်မှာ အရင်နေ့တွေထက် ကားတွေပိုတွေ့ရပြီး အသွားအလာများလာတာ တွေ့ရပါတယ်။ သွားလာတဲ့သူတွေအထဲ ငွေထုတ်ဖို့ ဘဏ်ရှိတဲ့ နေရာ အေတီအမ်ရှိတဲ့နေရာ ကို သွားနေကြသူတွေလည်း ပါဝင်ပါတယ်။ ရုံးအများစုက မဖွင့်လှစ်ကြသေးပါဘူး။ ရန်ကုန်မြို့က မန္တလေးမြို့ အပါအဝင် အချို့သောမြို့တွေလိုပဲ စစ်အာဏာသိမ်းကောင်စီကို တတ်နိုင်သမျှ အာခံပြီး ဆန္ဒပြနေ၊ ခုခံနေဦးမယ့် မြို့ဖြစ်ပါတယ်။

အထက်က ဖေါ်ပြတဲ့မြို့နေသူတွေ အဖို့ သေနတ်သံကြားရင် တနေရာရာမှာ လမ်းပိတ်ဆို့တာကို ပစ်ခတ်တာလား၊ ဆန္ဒပြတာကို ပစ်ခတ်တာလားလို့ စောကြောကြမယ်၊ ပြီး လုပ်စရာ ဆက်လုပ်ကြမယ်၊ ညကျရင် သံပုံးတီးကြမယ် စသဖြင့် တနေ့တနေ့ကို ပုံစံအသစ် New Normal နဲ့ ဖြတ်သန်းနေကြတာ တွေ့ရပါတယ်။ နယူးနော်မယ်က သွားသုတ်သုတ်၊ လမ်းထွက်ရင် လမ်းထိပ်ကို ကြည့် ၊ စစ်ကား၊ ရဲကားကို ကြည့်ပြီး ထွက်ကြမယ်ဆိုတဲ့ ဘဝနေထိုင်မှုပုံစံ ဖြစ်နေကြတာတွေ့ရပါတယ်။

ရန်ကုန်မြို့ကို လှည့်ပတ်ကြည့်မယ်ဆိုရင် ကားတွေတန်းစီရပ်ထားတဲ့နေရာတွေက ပုဂ္ဂလိကဘဏ်၊ တပ်ပိုင် မြဝတီဘဏ်တွေဖြစ်ပြီး လူထုတွေကြားထဲ မြန်မာငွေကြေး တန်ဖိုးကျဆင်းနေတာ၊ ဘဏ်တွေမှာ အပ်နှံထားတဲ့ငွေ လိုသလောက် ထုတ်ခွင့်မရှိဘူးဆိုတဲ့အချက်ကြောင့် စိုးရိမ်စိတ်တွေ ဖြစ်နေကြပြီး နေ့စဥ်ဘဏ်မှာ ငွေထုတ်ဖို့ တန်းစီနေကြတာပါ။ ဒေါ်လာနဲ့ မြန်မာငွေလဲနှုန်း တက်လာ၊ စက်သုံဆီစျေးတက်လာ၊ နယ်စပ်ကတင်သွင်းလာတဲ့ ကုန်စျေးနှုန်းတက်လာတာတွေ ကြားသိနေရပါတယ်။

နိုင်ငံရေး အရမတည်ငြိမ်တာ အစိုးရလို့ ကြေညာထားတဲ့ စစ်အာသိမ်းကောင်စီရဲ့ အနေအထားမရေရာတဲ့ အခြေအနေ ၊ ထင်ရာလုပ်နိုင်တဲ့ အလားအလာတွေက စီးပွားရေး ကိုဂယက်ကြီးကြီးမားမား ရိုက်ခတ်ပြီး တနိုင်ငံလုံးအပေါ်မှာ ဆိုးရွားတဲ့ အကျိုးဆက်သက်ရောက်မယ့်အနေအထားလည်း မှန်းဆနိုင်ပါပြီ။

စစ်အာဏာသိမ်းမှုကြောင့် ထိခိုက်မှုတွေကို တိုင်းတာမယ်ဆိုရင် ထိပ်ဆုံးက လူ့အသက်ဆုံးရှုံးမှုက တိုင်းတာမရနိုင်တဲ့ ဆုံးရှုံးမှု ဖြစ်ပြီး အဲဒီဆုံးရှုံးမှုပြီးရင် စီးပွားရေး ထိခိုက်မှု၊ နိုင်ငံရေး စနစ်နောက်ပြန်ဆုတ်သွားမှုတွေက ထင်သာမြင်သာ ရှိတဲ့ ဆုံးရှုံးမှုတွေပါ။ ဒါ့အပြင် တိုင်းတာရခက်ခဲတဲ့၊ ထင်သာမြင်သာမရှိတဲ့ ဆုံးရှုံးမှုတစ်ရပ်က စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရမှု၊ စိုးရိမ်သောက၊ ပူပန်မှု ဒေါသဖြစ်ရခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်ပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက်နေ့နောက်ပိုင်း လူတိုင်းရဲ့ စိတ်ထဲ ပျော်ရွှင်မှု ပျောက်ဆုံးသွားခဲ့ကြပြီး တဦးချင်း တဦးချင်းရဲ့ စိတ်ထိခိုက်မှုတွေကို တိုင်းတာနိုင်ခဲ့မယ်ဆိုရင် အလွန်ကြီးမားတဲ့ ပမာဏ ဖြစ်မှာသေချာပါတယ်။ စစ်အာဏာသိမ်းမှုက ဖျက်ဆီးလိုက်တဲ့အရာက နိုင်ငံရေး၊ စီးပွားရေး ၊ ပညာရေး၊ လူမှုရေး တန်ဖိုးချည်းပဲ မဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုတွေလည်းပါဝင်တာဖြစ်ပါတယ်။

အထက်ကရေးပြတာတွေတင်မက အနုပညာလောကရဲ့ ဖန်တီးမှုတွေလည်း ပျက်စီးသွားရတဲ့အထဲပါဝင်ပါတယ်။ ခုည စစ်ကောင်စီသတင်းထုတ်ပြန်ချက်ထဲမှာ ဆိုရှယ်မီဒီယာ မှာ လူသိများသူနဲ့ အနုပညာရှင် စုစုပေါင်း ၂၀ ကို ပုဒ်မ ၅၀၅ (က) နဲ့ ဝရမ်းထုတ်လိုက်တယ်လို့ ကြေညာသွားပါတယ်။ နိုင်ငံရေးသမားတွေကို တင်ဖမ်းတာမဟုတ်တော့ပဲ မီဒီယာသမား၊ အစိုးရကို မထောက်ခံတဲ့ ပြည်သူ့ဝန်ထမ်းတွေကို ဖမ်းဆီးရာက ခုတော့ အနုပညာရှင်တွေကိုလည်း ဖမ်းဖို့ ဝရန်းထုတ်လိုက်တာဟာ အနုပညာနယ်ပယ်ကိုလည်း ပျက်စီးအောင် လုပ်ဆောင်သလိုဖြစ်ပါတယ်။ ထင်ရှားတဲ့ အနုပညာရှင်တွေထဲ ခင်ဝင့်ဝါ၊ အိန္ဒြာကျော်ဇင်၊ ချမ်းချမ်း၊ ရဲတိုက်၊ ပိုပို၊ Rဇာနည်တို့ပါဝင်တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လက်ပါးစေတွေကိုယ်တိုင်ကလည်း အကြမ်းဖက်လုပ်ကြံမှုတွေ ဆက်လုပ်နေတုန်းပါပဲ။ မန္တလေးမှာ မီးတွေ လောင်ပါတယ်။ မီးကွင်းပစ်ခံရတာလို့ ဆိုတယ်။ ရန်ကုန် ဗဟန်းက ဒေါက်တာဇော်ဝေစိုးအိမ်ကို မီးကွင်းပစ်ပါတယ်။ ရပ်ကွက်က လက်ဦးလို့ မီးမလောင်ပါ။ ကမ္ဘာစစ်ကာလတုန်းကတော့ တောကြောင်တွေလို့ ခေါ်ပါတယ်။ စစ်အကြမ်းဖက်၏ လက်ပါးစေ တောကြောင်တွေကိုလည်း လူထု၏ လုံခြုံရေးနည်းနာများနဲ့ ဖြေရှင်းရဦးမှာ ဖြစ်ပါတယ်။ စစ်ဘက်ထောက်လှမ်းရေးတွေ သတင်းပေးတွေကိုယ်တိုင်ကလည်း CNN သတင်းထောက်နဲ့ တွေ့ဆုံစကားပြောတဲ့ ပြည်သူတွေကို နောက်ကွယ်မှာ ဖမ်းဆီးတယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ စစ်ကောင်စီဟာ အကြောက်တရားကို သွတ်သွင်းဖို့ အစွမ်းကုန် ကြိုးစားနေတာ ထင်ရှားပါတယ်။

ဒီနေ့က အင်တာနက်ဖြတ်ခံထားရတဲ့ အဆိုးဆုံးနေ့လည်း ဖြစ်ပါတယ်။ ပြည်သူတွေထဲက အင်တာနက်ရသေးတဲ့သူတွေက ဖရီးဝိုင်ဖိုင်တွေ ပေးထားကြတယ်။ ဒါကလည်း CDM ပဲ။ အာဏာဖီဆန်နေကြတာပဲ။ စစ်ကောင်စီက ဘယ်လိုနည်းနဲ့ ပိတ်ဆို့ပိတ်ဆို့ ပြည်သူလူထု၏ လွတ်မြောက်လိုစိတ်ကို ပိတ်လို့ မရတော့ပါဘူး။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၀၈ နာဂစ်မုန်တိုင်းကပ်ဆိုးတွေအောက်မှာ စစ်အစိုးရပိတ်ဆို့ ဖမ်းဆီး နင်းခြေသတ်ဖြတ်မှုကို ပြည်သူက ခံခဲ့ရပြီးပါပြီ။ ၂၀၁၀-၂၀၁၅ ကာလ ဗိုလ်သိန်းစိန်တို့ ကြံ့ဖွတ်တပါတီစစ်အာဏာရှင်အောက်မှာလည်း ပြည်သူတွေ အစော်ကားခံ မတရားကျင့်ခံခဲ့ရပြီးပါပြီ။ အဲသည် ပိတ်ဆို့ထားတဲ့ကြားက ပြည်သူလူထုအုံကြွမှုကို စစ်အစိုးရ ဖိနှိပ်လို့ မရခဲ့ဘူး။ အခုလည်း သူတို့၏ ပိတ်ဆို့ဖြတ်တောက်နည်းနာတွေက စစ်ကောင်စီကိုယ်တိုင်က မိမိကိုယ်ကိုယ်မိမိ နေသလို ဖြစ်ပါတယ်။ လူထုကို ပိတ်ဆို့ထားတာထက် ဆိုးဝါးတဲ့ မိမိကိုယ်ကိုယ် ပိတ်ဆို့ ချောင်ပိတ်ထားမှုကို ခံစားနေရတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာပြည်ကို ပြင်းထန်စွာ အရေးယူနိုင်ဖို့ စည်းဝေးကြပါတယ်။ စိုးရိမ်မှုကြီးစွာဖြစ်ကြောင်း၊ ပြင်းထန်စွာ ရှုတ်ချကြောင်းပဲ ထုတ်ပြန်နိုင်ပြီး အရေးယူမယ့်ဆုံးဖြတ်ချက်တော့ တရုတ်ကန့်ကွက်လို့ မပါလာပါဘူး။ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေက သံတမန်နည်း နိုင်ငံရေးနည်းဖြင့် ဖိအားပေး ဆောင်ရွက်ရန် ခရီးစဉ်တွေအဖြစ် အာရှကို ချီတက်မယ် ချဉ်းကပ်ကြမယ် ဆိုပါတယ်။ ပြည်ပရောက် မြန်မာတွေကတော့ Boycott Made in China ဆိုတဲ့ လူထုနည်းနဲ့ လက်တုန့်ပြန်လှုပ်ရှားမှုကို ကိုင်စွဲလိုက်ကြပါတယ်။ Socaial Punishment ကိုလည်း ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်လာကြပါတယ်။

CRPH က  ကနေ့ထုတ်ပြန်ချက်မှာ  ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မူတြော်ခရိုင်၊ တပ်မဟာ (၅) ၏ မတ်လ (၃၀)ရက် ၂၀၂၁ခုနှစ် ရက်စွဲဖြင့် ထုတ်ပြန်သော ကြေညာချက်အပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် အပြည့် အဝ နားလည်စာနာပါကြောင်း သဘောထား ဖော်ပြပါတယ်။ စစ်အုပ်စုကိုယ်တိုင်က တိုင်းရင်းသားများနဲ့ ချုပ်ဆိုခဲ့တဲ့ NCA ကို သူကပဲ ချိုးဖောက်ခဲ့တာကြောင့် တိုင်းရင်းသားများနဲ့ စစ်အုပ်စုကြားက NCA အပစ်ရပ်စာချုပ်ဆိုတာ အသက်မဝင်တော့ဘူးလို့ ထောက်ပြထားပါတယ်။ လူသားမျိုးနွယ်များအပေါ် ရာဇဝတ်မှု ကျူးလွန်လျက်ရှိသည့် စစ်အုပ်စုအား ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး ရည်ရွယ်လျက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် ညီနောင် တိုင်းရင်းသား အင်အားစုများ အားလုံးနှင့် လက်တွဲ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်လိုက်ပါတယ်။


#MoeMaKaMedia

#WhatsHappeningInMyanmar