ကိုအောင်မှိုင်း - နွေဦးဟာ မရှိရာ မှ ရှိရာ သို့
ကိုအောင်မှိုင်း - နွေဦးဟာ မရှိရာ မှ ရှိရာ သို့
(မိုးမခ) ဧပြီ ၂၆၊ ၂၀၂၁နွေဦးတော်လှန်ရေးဟာ မရှိရာမှ ရှိရာသို့ ချီတက်နေတာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ လူထုဟာခိုင်မာတဲ့ ယုံကြည်ချက်တခုနဲ့ဘဲ အစချီခဲ့တာဖြစ်ပါတယ်။အဲဒီယုံကြည်ချက်ကနေ ခိုင်မာတဲ့အတွေးအခေါ် တရပ်ကို ထူထောင်နိုင်ခဲ့ပါတယ်။ ခိုင်မာတဲ့အတွေးအခေါ်တွေဟာ တနိုင်ငံလုံးစုစည်းမိတဲ့အခါမှတော့ ကနေ့ တွေ့နေ မြင်နေရပြီဖြစ်တဲ့ တောင့်တင်း သန်မာ အင်အားရှိတဲ့ ရုပ်ဝတ္တုကြိးဖြစ်လာတော့တာပါဘဲ။ ဒါဟာသီအိုရီအရ လုံးဝမှန်ကန်စွာ ဖြစ်ပေါ်တိုးတက်နေတာလို့ ပြောရမှာဖြစ်ပါတယ်။
ကိုမင်းကိုနိုင်ထောင်ထဲတုန်းက သူ့ခံစားချက်စကားလေး ကျနော်ပြန်သတိရမိတယ်။ “ဂန်ဘာရီလာတော့ မယ်။ ဂန်ဘာရီလာပြီ။ ဂန်ဘာရီပြန်သွားပြီ …" ဆိုတဲ့စကားလေးပါ။မြန်မာ့နိုင်ငံရေးရဲ့လက်တွေ့က အဲဒီအတိုင်း အခုလဲဖြစ်နေတယ်ဆိုတာ ကျနော်တို့လေးနက်ဘို့ အချိန်ရောက်ပြီလို့ထင်ပါတယ်။ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ထားတယ်။ လုံခြုံရေးကောင်စီအစည်းအဝေးစပြီ။ လုံခြုံရေးကောင်စီအစည်းအဝေးပြီး သွားပြီ။ တရုတ်နဲ့ ရုရှားက ဗီတိုသုံးတယ်။ အခုလဲ အာစီယံအနေနဲ့ မြန်မာနိုင်ငံအတွက် အထူးအစည်းအဝေး ခေါ်ပြီ။ မင်းအောင်လှိုင်သွားတယ်။ အာစီယံအစည်းအဝေးပြီးသွားပြီ။အစည်းအဝေးမလုပ်ခင်ကထဲက ဆုံး ဖြတ်ချက်ကထွက်နေ ပြီးသားပါ။ လူထုကြိုခန့်မှန်းခဲ့ကြတာကွက်တိပါဘဲ။ တရုတ်ပြည်က ဖိအားပေးလို့ အာစီယံအစည်းအဝေးလုပ်ရတယ်။ မင်းအောင်လှိုင်ကလဲ တရုတ်ကသွားတက်ဆိုလို့ သွားတက်ရတယ်။ ဆုံးဖြတ်ချက်ကလဲ တရုတ်က ကြိုတင်ရေးထားတာကို မဆလခေတ်ကလို အာစီယံဥက္ကဌက ဖတ်ပြလိုက်တာပါ။
အာစီယံကိုတခုတော့ ကျေးဇူးတင်တယ်။ မင်းအောင်လှိုင်ကို တခြားအာစီယံခေါင်းဆောင်တွေနဲ့ တတန်းတည်းမထိုင်ခိုင်းဘဲ အမှုအစစ်ခံနေရတဲ့ ပုံစံမျိူး အစည်းအဝေးခန်းမကို ပြင်ဆင်ထားတာကိုပါ။ မင်းအောင်လှိုင်သာ ရှက်တတ်မယ်ဆိုရင် မျက်နှာတောင်ဓား နဲ့လှီးဘို့ကောင်းလောက်အောင် အာစီယံခေါင်းဆောင် တွေက တန်းတူမဆက်ဆံချင်ဘူးဆိုတဲ့လက္ခဏာကို အထင်းသားမြင်နေရတာပါ။ အာစီယံနိုင်ငံတွေကလဲ မဖြစ်လို့သာဆက်ဆံကြရတယ်။ မင်းအောင်လှိုင်လို လူသတ်သမားစစ်ရာဇဝတ်ကောင် တကောင်နဲ့တော့ တန်းတူရည်တူ ဘယ်ဆက်ဆံချင်မှာလဲ။ တရုတ်က စီစဉ်တာက မင်းအောင်လှိုင်ကို လူရာပြန်ဝင်အောင်ပါ။ တကယ့်လက်တွေ့က မင်းအောင်လှိုင်ဟာ လူရာမဝင်ရုံမက စက်ဆုတ်စရာလူတယောက်အဖြစ် ပုံဖေါ်ခံ လိုက်ရတာဘဲ အဖတ်တင်တော့တာပါ။ မင်းအောင်လှိုင် ပက်ပက်စက်စက်ကို ရှုံးသွားခဲ့ပါတယ်။
တရုတ်က ဘယ်နိုင်ငံမှ ဝင်မစွက်နဲ့ဆိုတဲ့စကားက ၂မျိူး အဓိပ္ပါယ်ဆောင်နေတာတွေ့ရပါတယ်။ တမျိူးက လက်ရှိဗမာပြည်ကိစ္စက ပြည်တွင်းရေးဖြစ်တယ်ဆိုတာနဲ့ တမျိူးကဗမာပြည်ဟာ ငါ့ကိုလိုနီနိုင်ငံဖြစ်တယ်ဆိုပြီး ကမ္ဘာကိုဗြောင်ခြိမ်းခြောက်လိုက်တဲ့သဘောလဲ ဖြစ်နေနိုင်တာပါ။ ဒီနေရာမှာ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချူပ်ရဲ့ စကားကိုလေးနက်ဘို့လိုပါတယ်။ ရှေးမဆွကဘဲ သူဗြောင်ပြောခဲ့တာကတော့ မြန်မာပြည်သူများဟာ ကနေ့ပြဿနာကို ကုလသမဂ္ဂမှာမဖြေရှင်းဘဲ ကိုယ့်ကိုထောက်ခံသူတွေနဲ့ အတူဖြေရှင်း သင့်တယ်ဆိုတဲ့စကားပါ။ အလွန်မှတ်သားဘို့ကောင်းပါတယ်။ ကမ္ဘာပေါ်က စစ်အာဏာရှင် အတော် များများဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်နဲ့ လှည့်ပြောင်းခဲ့ကြတာ အတော်နဲပါတယ်။ မဟာမိတ်နိုင်ငံတွေနဲ့ ပြည်သူပြည်သားတွေရဲ့ တိုက်ပွဲတွေနဲ့သာ လှည့်ပြောင်းရလေ့ရှိတာကလဲ သမိုင်းမှာ အခိုင်အမာဘဲ ဖြစ်ပါတယ်။
အာစီယံအစည်းအဝေးမစတင်မီမှာ ကျနော့် facebook မှာ ကျနော်ဒီလိုရေးမိပါတယ်။ “အာစီယံဆုံးဖြတ်ချက်ကို မျှော်လင့်တာဟာ ရူးသွတ်မှုတခုဘဲဖြစ်တယ်” လို့ရေးခဲ့တာပါ။ ကျနော့်တဥိးတည်းအမြင်ကတော့ ရှင်းရှင်း လင်းလင်းရှိပါတယ်။ အာစီယံကမင်းအောင်လှိုင်ကို ဖိတ်တယ်ဆိုတာဟာ လက်တွေ့ပြောရရင် သွေးစွန်းနေတဲ့ လက်တွေနဲ့ရာဇဝတ်ကောင်ကို လက်ဆွဲနုတ်ဆက်တာဘဲမဟုတ်ပါလား။ တကယ်တော့ အာစီယံဟာ စက္ကူကျားပါ။ ကိုယ့်အကျိူးစီးပွါးနဲ့ကိုယ် လုံးလည်လိုက်နေတဲ့ စီးပွါးရေးအဖွဲ့အစည်း တခု ထက်မပိုပါဘူး။ အာဏာသိမ်းစစ်ကောင်စီကိုအချိန်တွေပေးပြီး တရုတ်ဖြစ်စေချင်တဲ့ လူထုကိုဆက်ဖိနှိပ် ခိုင်းတာပါ။ ဟိုတနေ့ကဘဲ တရုတ်ကသတင်းစာရှင်းလင်းပွဲမှာ ဗမာပြည်ဟာပုံမှန်ပြန်ဖြစ်နေပါပြီလို့ ကမ္ဘာကိုဗြောင်လိမ်ညာခဲ့ပါသေးတယ်။ စစ်အုပ်စုမီဒီယာတွေကလဲ အတတ်နိုင်ဆုံးနည်းအမျိူးမျိူးနဲ့ ဒီအာဘော်တွေကို ဖေါ်ပြနေပါတယ်။သေချာတာကတော့ တရုတ်ပေါ်လစီရဲ့အဆက်ဆိုရင် မမှားပါဘူး။ လူထုကို ပက်ပက်စက်စက် သတ်ဖြတ်နှိပ်ကွတ်ပြီးတာနဲ့ အကြမ်းဖက်စစ်အုပ်စုကို တရားဝင်အောင်လုပ်မှာပါ။ တရုတ် ပြည်ဟာ ကမ္ဘာမှာဂုဏ်သိက္ခာမဲ့စွာ အလွန် လောဘကြီးလွန်းပါတယ်။ အဆိုးဆုံးက တရုတ်ပြည်ဟာလူ့ ကျင့်ဝတ်ဆိုတာကို နားမလည်နိုင်တော့တာပါ။
ဖေဖေါ်ဝါရီလ ၁ရက်မှာ စစ်တပ်ကအစိုးရကို ပုန်ကန်ပြီးအာဏာသိမ်းပါတယ်။ လူထုအနေနဲ့ အံ့အားသင့် သွားကြပါတယ်။ ရှော့ဖြစ်သွားကြတယ်။ ဘယ်သူမှ ဒီလိုလုပ်လိမ့်မယ်မထင်ကြပါဘူး။ လူထုအများစုကြီးရဲ့အမြင်ပါ။ ၂၀၀၈နာဂစ်ခြေဥအရ စစ်တပ်ကအခွင့်ထူးခံထားကြတာ မြင်မကောင်းရူမကောင်းအောင်ပါဘဲ။ လွှတ်တော်မှာ ၂၅% စစ်တပ်ကိုနေရာပေးထားရတယ်။ အရေးကြိးတဲ့ ပြည်ထဲရေး ၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ၃ခုကို စစ်တပ်ကို ပေးထားရတယ်။ စစ်တပ်ကိစ္စတွေကို အစိုးရအနေနဲ့လုံး၀ ဝင်စွက်ခွင့်မရှိရုံမက စစ်တပ်ကိစ္စ တွေကို ကာကွယ်ရေးဦးစီးချူပ်ရဲ့အဆုံးအဖြတ်က အတည်ဖြစ်တယ်။ ပြောရရင် တော့ဗျာ။ ပြောမဆုံးပေါင် တောသုံးတောင်ဆိုသလိုပါဘဲ။ ဒီလောက် အခွင့်ထူးလဲခံနေသေးတယ် အာဏာပါ သိမ်းတယ်ဆိုတော့ မင်းအောင်လှိုင်နဲ့အပေါင်းပါတွေ လောဘက လူတွေလို့တောင်ပြောရခက်တော့တာပါ။
စစ်တပ်က အာဏာသိမ်းလိုက်တာနဲ့ နိုင်ငံတကာမှာဖြစ်စေ အိမ်နီးနားချင်းနိုင်ငံတွေမှာဖြစ်စေ လူရိုသေရှင် ရိုသေဘဝကို ရောက်ဘို့ခြေချရုံရှိသေး ဓါးမနောက်ပိတ်ခွေးဘဝကိုပြန်ရောက်ရတော့မှာပါ။ ပညာရှင်များအဆိုအရ ကျဆုံးနိုင်ငံတခုဆီကို ရှေ့ရှုနေပြီလို့လဲဆိုပါတယ်။ ကမ္ဘာ့ဘဏ်ကလဲ ဗမာပြည်ဟာ တိုးတက်မှုနုန်းက အနုတ်၁၀လောက်ထိ ကျဆင်းသွားနိုင်တယ်လို့ဆိုပြန်ပါတယ်။ဒါတွေအားလုံးရဲ့တရားခံဟာ မင်းအောင်လှိုင် နဲ့အပေါင်းပါလူတစုကြောင့်ဆိုတာကတော့ ဘယ်သူမှအငြင်းမပွါးမဲ့ကိစ္စဖြစ်ပါတယ်။ မတရားမှုတွေကို လူထုက ဘယ်တုန်းကမှ လက်ပိုက်ကြည့်နေလေ့မရှိတာကလဲ မြန်မာနိုင်ငံသမိုင်းမှာ အခိုင်အမာပါဘဲ။အခုလဲ လူ ထုဟာ လမ်းတွေပေါ်ရောက်လာတော့တာပါဘဲ။မန္တလေးမှာဆို ဒေါက်တာ တေဇာဆန်းဟာ ပထမဆုံးလူထု တိုက်ပွဲကိုဦးဆောင်ခဲ့တယ်။ဒီလိုဘဲ ရှေ့ဆင့်နောက်ဆင့် ရန်ကုန်မှာ မအိသင်ဇာမောင်တို့ဟာ လူထုတိုက်ပွဲ တွေစခဲ့ကြတယ်။ဆင့်ကဲဆင့်ကဲဆိုသလိုဘဲ လူငယ်တွေ အထူး သဖြင့် Gen Z ဆိုတဲ့ တိုက်ပွဲဝင်သူရဲကောင်း လူငယ်တွေလမ်းပေါ်ရောက်လာကြတယ်။ ကျောင်းသား သမဂ္ဂတွေလမ်းပေါ်ရောက်လာကြတယ်။
လူထုတိုက်ပွဲတွေနဲ့အတူ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ရွေးကောက်ခံကိုယ်စားလှယ် တွေနဲ့ဖွဲ့စည်းနိုင်ခဲ့တယ်။CRPH ဟာဗမာပြည်ရဲ့တခုတည်းသော တရားဝင်အဖွဲ့ဖြစ်ခဲ့တယ်။ CDM ဆိုတဲ့ လူထုအာခံရေးလှုပ်ရှားမှုကို ဆရာဝန်ဆရာမကြီးတွေဦးဆောင်ပြီး လုပ်ခဲ့ကြတယ်။မြန်မာနိုင်ငံတဝှမ်း ဝန် ထမ်းတွေအပါအဝင် အလုပ်သမားတွေ ဆရာဆရာမတွေ ရဲတပ်ဖွဲ့ဝင်တွေ ဘဏ်ဝန်ထမ်းတွေပါ ပါဝင် လာ တဲ့အတွက် မြန်မာတနိုင်ငံလုံး အစိုးရလုပ်ငန်းအားလုံးလိုလိုရပ်ဆိုင်းသွားတယ်။CDM လှုပ်ရှားမှုဟာ ကမ္ဘာ ကျော်သွားပြီး နိုဘယ်ဆုအတွက် အမည်စာရင်းသွင်းခံခဲ့ရတယ်။ CRPH ကနေတခါ ဘဲ ကျနော်တို့ကိုယ်ပိုင် အစိုးရတရပ်ဖြစ်တဲ့ အမျိူးသားညီညွတ်ရေးအစိုးရ NUG ကို ဖွဲ့စည်းနိုင်ခဲ့ကြပါပြီ။ နှစ်ပေါင်းများစွာ လိုလား တောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက်ဘို့ လမ်းစပေါ်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ၂လ ကျော်အတွင်း အကြမ်းဖက်စစ်ကောင်စီက လူတွေလိုက်သတ်နေချိန်မှာ လူထုကတဆင့်ချင်းဆိုသလို လူထုလုပ်ငန်းတွေကို လုပ်ခဲ့နိုင်တာကိုအခိုင်အမာတွေ့ရမှာဖြစ်ပါတယ်။လုံးဝမရှိတဲ့အခြေအနေက ကျနော် တို့ ဒါ တွေရှိလာခဲ့ပါပြီ။ ကျနော်တို့ပြည်သူလူထုမှာ မကုန်ခမ်းနိုင်တဲ့အားအင်တွေရှိပါတယ်။ လူထုကို ယုံ ကြည်ဘို့ ဘဲလိုပါတယ်။ကျနော်တို့နိုင်မှာသေချာပါတယ်။ ကျနော့် facebook မှာ အောက်ပါအတိုင်းရေး လိုက်မိပါတယ်။
(အောင်ပွဲလမ်းစဉ် …
၁။ ငါတို့ကို ကိုယ်စားပြုမဲ့ အစိုးရရှိနေပြီ။
၂။ တနိုင်ငံလုံး အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်နေကြပြီ။
၃။ CDM ဟာ တကမ္ဘာလုံးလွှမ်းခြုံတဲ့ ကမ္ဘာ့အရေးအခင်းကြီးဖြစ်ခဲ့ပြီ။
၄။ စစ်ကျွန်သက်ရှည်စေမဲ့ ၂၀၀၈ နာဂစ်ကို မီးရှို့ပစ်လိုက်ကြပြီ။
၅။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအလံကို မြင့်မြင့်မားမား လွှင့်ထူနိုင်ခဲ့ပြီ။
၆။ သူရဲကောင်းအာဇာနည်ပေါင်း ၇၀၀ကျော်အတွက် စေ့စပ်အညံ့ခံရေးလုပ်မဲ့သူဟာ ငါတို့အားလုံးရဲ့ ရန်သူဘဲ။ ဘယ်သူကိုမဆို တိုက်ပွဲဝင်မယ်။
ရ။ စစ်တိုက်ဘို့အတွက် လူငယ်တွေ လေ့ကျင့်ရေးတွေလုပ်နေကြပြီ။ သေချာတာက လက်နက်ကို ရန်သူ့ ဆီ ကလဲ ရလာမယ်။အခြားနေရာတွေဆီကလဲ ရလာမယ်။အဓိကက ရန်သူတယောက် ကျည်ဆံတတောင့်ဘဲ။
၈။ နွေဥိးတော်လှန်ရေးဆိုတာ စေ့စပ်ရေးမဟုတ်ဘူး။ တော်လှန်ရေးဖြစ်တယ်။ အောင်ပွဲရသည် အထိ ချီတက် မဲ့တော်လှန်ရေးဖြစ်တယ်။
၉။ NUG အစိုးရဟာ လူထုတိုက်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲကို အခိုင်အမာပေါင်းစပ်နိုင်မှုကသာ လွတ်မြောက်ရေးလမ်းစဉ် ဖြစ်တယ်ဆိုတာ မမေ့မလျှော့ကြဘို့လိုတယ်။
၁၀။ တော်လှန်ရေးဆိုတာ မရှိရာမှ ရှိရာသို့ဆိုတဲ့ ဖြစ်စဉ်ကြီးဘဲဖြစ်တယ်။ သဘောတရားအရလဲ မှန်တယ်။ လက်တွေ့အရလဲ မှန်တယ်။
၁၁။ တော်လှန်ရေးသဘောတရားအရ လူထုထောက်ခံမှုရတဲ့ ငါတို့ဟာ တိုက်ပွဲတွေကြားက အခိုင်အမာ အင်အားတွေကြီးထွားလာမယ်။ ရန်သူဟာ လူထုဆန့်ကျင်ခံရလို့ တိုက်ပွဲတွေကြားက အင်အားတွေလေ လျော့ကျလာမယ်ဆိုတာတရားဘဲ။ ဒါဖြစ်စဉ်ဘဲ။ ဖြစ်ကိုဖြစ်မဲ့ဖြစ်စဉ်ဘဲ။ စစ်တပ်ဆိုတာ လူထုနဲ့ ဆက်စပ်နေတယ်။ စစ်တပ်ရဲ့ ရေသောက်မြစ်က လူထုဖြစ်တယ်။ လူထုဆန့်ကျင်တဲ့ စစ်တပ်ဟာ ကိုယ့်သေတွင်းကိုယ်တူးတာဘဲ ဖြစ်တယ်။
၁၂။ ယုံကြည်ချက် သန္နိဌာ န်ခိုင်မာရင် အောင်ပွဲဟာ ငါတို့ကို သေချာပေါက် စောင့်ကြိုနေမယ်ဆိုတာ အသေအချာဘဲ ဖြစ်တယ်။
အရေးတော်ပုံ အောင်ရမည်)
ရဲဘော်အောင်မှိုင်း
ဧပြီလ ၂၅ရက် ၊ ၂၀၂၁ခုနှစ်
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar