Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - အောင်ဝေး၊ ညိုထက်ညို၊ အောင်မော်ဦး

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဧပြီ (၁၁) ရက်၊ ၂၀၂၁


အသက်ကြွေး
အောင်ဝေး

နွေဦးကျောင်းက
ခေါင်းလောင်းထိုးရင်။

ပြည်သူတစ်လောင်း
စစ်သားတစ်လောင်း
အသက်ဖိုးပြန်တောင်းမယ်။

နွေဦးကျောင်းမှာ
ဒေါင်းအလံထိုးရင်။

ပြည်သူတစ်လောင်း
ရဲသားတစ်လောင်း
အသက်ဖိုးပြန်တောင်းမယ်။

တော်လှန်ရေးကျောင်း
နွေဦးကျောင်းမှာ
သွေးချောင်းရပ်ရင်။

အသက်ကြွေးတောင်း
စစ်ခွေးခေါင်းဖြတ်
ခေတ်ကြွေးဟောင်းဆပ်မယ်ဟေ့။ ။

(ဧပြီ ၁၀၊ ၂၀၂၁)
....

အမှတ် ၅၀၅(က)၊ မြန်မာပြည်
ညိုထက်ညို

ဇာတ်လမ်းအရ
ရယ်ခွင့်မရတော့
ငါကစီဒီအမ်
ငါကကလေး၊ အရူး၊ သဘင်သည်
ငါကပန်ဆယ်လို
ငါကရေဒီယို
ငါကသုဘရာဇာ
ငါကဆေးဆရာ
ငါကစတူဒီယို
ငါကရုပ်ရှင်ရုံ
ငါကအယူမှန်သူ
ငါကရှေ့ဖြစ်ဟောသူ
ဆိုတော့ ဒီညမှာခြေငြိမ်လက်ငြိမ်
နှလုံးကလွဲလို့ တစ်ကိုယ်လုံးငြိမ်
တားမြစ်ထားတဲ့ကြားက
ထွက်ဖြစ်အောင် ထွက်လာခဲ့တဲ့ လ ရေ
မအေးအေးဝင်းစီစဉ်မထားတွေချည်းဖြစ်ခဲ့ရပါပြီ ။    ။

...

ငါတို့ဟာ အမာခံတွေ ငါတို့ သေလို့မဖြစ်ဘူး
အောင်မော်ဦး

ကိုယ်မကျွမ်းကျင်(သေး)တဲ့ စစ်ကို
မခံချင်စိတ်တခုတည်းနဲ့
ခံတိုက်နေကြတာတွေဟာ 
တော်လှန်ရေးအတွက် အင်အားပြုန်းတီးစေပါတယ်။ 
ငါတို့ဟာ အမာခံတွေ။ ငါတို့ သေလို့မဖြစ်ဘူး။

လက်နက်ကိုင်တော်လှန်ရေးအတွက် 
ကိုယ့်ကိုယ်ကိုယ် အားမွေးထားကြရမယ့် အချိန်
ပြောက်ကျားသဘာဝကို လေ့လာဆည်းပူးနေကြရမယ့် အချိန်ဖြစ်ပါတယ်
ငါတို့ဟာ အမာခံတွေ ငါတို့ သေလို့မဖြစ်ဘူး။

ဒီ့ထက် အကျအဆုံးနည်းဖို့က
ဒီ့ထက် ပိုစနစ်ကျတဲ့ နည်းနာနဲ့
ဒီ့ထက် ပိုချိတ်ဆက်ကြတဲ့ လုပ်ဟန်ကို ကျင့်သုံးကြဖို့လိုပါပြီ 
ငါတို့ဟာ အမာခံတွေ ငါတို့ သေလို့မဖြစ်ဘူး။

မပူပါနဲ့။ 
တော်လှန်ရေးအောင်မြင်အောင်
ခင်ဗျားတို့ကိုယ်တိုင်ပဲ တိုက်ကြရမှာပါ။

အဲဒီလိုတိုက်ပွဲဝင်နိုင်ဖို့အတွက်
ငါတို့ သေလို့မဖြစ်ဘူးဆိုတဲ့စိတ်နဲ့
မသေအောင် တိုက်တတ်ကြဖို့လိုပါတယ်။ 
ငါတို့ဟာ အမာခံတွေ ငါတို့ သေလို့မဖြစ်ဘူး။

မခံချင်စိတ်ကို ခုခံစစ်အဖြစ် အသုံးမပြုကြပါနဲ့လို့ မေတ္တာရပ်ခံပါရစေ။ 
ငါတို့သေရင် ငါတို့ပြည်သူတွေ ရန်သူ့စစ်ဖိနပ်အောက် ရောက်သွားပါလိမ့်မယ်။ 
ငါတို့ဟာ အမာခံတွေ ငါတို့ သေလို့မဖြစ်ဘူး။
ငါတို့ဟာ အမာခံတွေ။ 
ငါတို့ သေလို့မဖြစ်ဘူး။