Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁၀ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁၀ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၀၊ ၂၀၂၁

လက်နက်ကိုင် လမ်းစဥ်က အောင်ပွဲအတွက်အဆုံးအဖြတ်လား


စစ်အာဏာသိမ်းပြီးနောက် ၂ လကျော်ကြာလာတဲ့အချိန်မှာ စစ်တပ်ရဲ့ ရက်စက်မှုတွေ အကြောင်း ၊ သတ်ဖြတ်မှုတွေအကြောင်း၊ ရမ်းကားမှုတွေအကြောင်း၊ လုယက်မှုတွေအကြောင်း​ နေ့စဥ်လိုရေးနေရတာကိုက စိတ်ဒဏ်ရာတစ်ခုလို ဖြစ်နေပါပြီ။ ခြိမ်းခြောက်မှုတွေ စော်ကားမှုတွေ လုယက်အနိုင်ကျင့်မှုတွေက မြန်မာနိုင်ငံနေရာအနှံ့ တောရော မြို့ကြီးပါမခွဲခြားပဲ ကျူးလွန်နေကြတာမို့လို့ သတင်းတွေထဲ လူမှုကွန်ရက်က ရေးသားမှုတွေထဲ အနှံ့အပြားဖုံးကွယ်လို့မရတော့လောက်အောင် သက်သေ အထောက်အထားတွေနဲ့ ထင်ရှားလာနေပါတယ်။ ဒီလို လုပ်ရပ်တွေ ကျူးလွန်မှုတွေ ဆင်သေကို ဆိတ်သားရေနဲ့ဖုံးကွယ်ဖို့ ကြိုးစားမှုတွေအဖြစ် မြဝတီရုပ်သံ၊ မြန်မာ့ရုပ်သံ၊ မြန်မာ့အသံ၊ သတင်းစာတို့ကနေ ဝါဒဖြန့်မှုနဲ့ ကြိုးစားသော်လည်း သက်သေ အထောက်အထားက ခိုင်မာနေလို့ အင်တာနက်ကို ပိတ်ဖို့ကြိုးစား ဂြိုဟ်တုစလောင်းကို တရားမဝင် အဖြစ်ကြေညာ ဖြုတ်သိမ်းဖို့ကြိုးစားတာတွေ လုပ်လာပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေက အရပ်သား အများလူထုကို ဖုံးကွယ်ပြီး ဦးနှောက်ဆေးချင်တယ်ဆိုတာထက် သူ့ရဲ့ တပ်ထဲက လိပ်ပြာမသန့်သူ၊ လူထုနဲ့ခံစားချက်နီးစပ်သူတွေ ပေါ်ထွက်မလာအောင် မျက်စေ့ပိတ်ဖို့ ကြိုးစားမှုအဖြစ်လည်း ရှုမြင်မှုတွေရှိပါတယ်။

စစ်အာဏာရှင်စနစ်က ရန်သူဆိုခဲ့ရင် ရန်သူကိုအသက်သွင်း မောင်းနှင်နေတာ စစ်ခေါင်းဆောင်တွေ၊ ရာထူးဌာန္တရ အာဏာနဲ့ အကျိုးစီးပွားဖြစ်နေသူတွေ ချမ်းသာကြွယ်ဝနေသူတွေ သယံဇာတ ထုတ်ယူရောင်းချသူတွေ၊ စစ်လက်နက် နဲ့ တပ်ရဲ့ ကန်ထရိုက်တွေကို တင်သွင်းပြီး ချမ်းသာကြွယ်ဝနေသူတွေဖြစ်ပါတယ်။ ဒီအလွှာကလူတွေအပြင် အခြားစစ်တပ်ထဲကသူတွေကို တိုင်းပြည်လူထုအများစုက တပ်ကိုဘယ်လိုမြင်နေကြသလဲ ဘယ်လို ခံစားချက်တွေရှိကြသလဲဆိုတာ မကြားရ မသိရအောင် အခုလို ကန့်သတ်ပိတ်ဆို့နေတာလို့လည်း ယူဆမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိလာပါတယ်။

ဒါကြောင့် စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရာမှာ မဟာဗျူဟာ နည်းဗျူဟာတွေက ရောက်ရှိနေတဲ့ အခြေအနေနဲ့ လိုက်ဖက်ဖို့အရေးကြီးတယ်လို့ မြင်ပါတယ်။ ဒီအပိုင်းတွေကို နိုင်ငံရေး ဦးဆောင်သူတွေ ညှိနှိုင်းဆွေးနွေး ချမှတ် ကြရမှာ ဖြစ်သလို အင်အားစုများ အကြား ဆက်သွယ်ညှိနှိုင်းမှု သဘောတူညီမှုရအောင် ကြိုးပမ်းမှု၊ ညှိနှိုင်းဆောင်ရွက်နိုင်မှုတွေကလည်း အရေးကြီးပြီး တော်လှန်ရေးရဲ့ အသက်လို့ ဆိုနိုင်မယ်ထင်ပါတယ်။ ဒီအချက်တွေကို ရေးသားရခြင်းဟာ မိချောင်းမင်းရေကင်းပြတာမဟုတ်ပါ။ တော်လှန်ရေး အရေးတော်ပုံ အောင်မြင်ရေးမှာ အရေးပါတဲ့ အစိတ်အပိုင်းတွေ အရေးကြီးတဲ့ ကဏ္ဍတွေကို နှိုးဆော်တဲ့ သဘောပဲဖြစ်ပါတယ်။

ခုအခြေအနေမှာ စစ်တပ်ရဲ့ ဖိနှိပ်ဖြိုခွဲမှု ပြင်းထန်လာလေလေ ခံရတဲ့ ဒီမုိကရေစီဘက်တော်သားတွေက မခံချင်စိတ်ပြင်းထန်လာပြီး လက်နက်ကိုင်လမ်းစဥ်ဘက်ကို မျှော်ကြည့် ဦးတည်လာလေလေ ဖြစ်ပါတယ်။ လက်နက်ကိုင် လမ်းစဥ်မှာလည်း မြို့ပေါ်မှာ ရရာလက်နက်ကိုင်စွဲ ခုခံတွန်းလှန်တဲ့ လမ်းစဥ်လား၊ တောကနေ အင်အားစုစည်းပြီး မြို့ကိုသိမ်းဖို့ ရည်ရွယ်တဲ့ လမ်းစဥ်လား စသဖြင့် မတူညီတဲ့ ပုံသဏ္ဍန်များနဲ့ ဦးတည်ချက်ပန်းတိုင်ရောက်ဖို့ ကြိုးစားကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လတ်တလော မခံမရပ်နိုင် စိတ်ခံစားချက်ပြင်းထန်ပြီး လက်နက်ကိုင်နည်းလမ်းကိုပဲ ကျင့်သုံးကြတော့မယ်လို့ ပိုင်းဖြတ်ပြီး တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေဆီ ဦးတည်သွားရောက်ေနကြတဲ့သူတွေ အများအပြားရှိလာတာ သတင်းတွေမှာရော ပတ်ဝန်းကျင်မှာပါ ကြားသိနေရပါပြီ။

၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြိုခွဲမှုရဲ့ နောက်ရက်အနည်းငယ်အတွင်း အခုလို နိုင်ငံရေးလမ်းကြောင်း ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ အဲဒီ လက်နက်ကိုင် တော်လှန်ပုန်ကန်မှုက ၁၉၉၀ ခုနှစ်တွေ၊ ၂၀၀၀ ခုနှစ်ကနေ ၂၀၁၀၊ ၁၂ ထိ ရှည်ကြာခဲ့ပြီး နောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ၃၃ နှစ်နီးပါးအကြာ စစ်တပ်က တကျော့ပြန် အဆိုးသံသရာအဖြစ် အာဏာသိမ်းပြန်ပြီး ဖြိုခွဲမှု သတ်ဖြတ်မှုတွေနောက်မှာ အခုလို လက်နက်ကိုင် လမ်းစဥ်ကို ကိုင်စွဲဖို့ စိတ်ပိုင်းဖြတ်လိုက်ကြတဲ့ လူငယ်တွေရဲ့ ရေစီးတခု ပေါ်ထွက်လာပြန်တာ ဖြစ်ပါတယ်။

ဒီနေရာမှာ နိုင်ငံရေးအရ ဦးဆောင်မှု အခန်းကဏ္ဍက အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ လူငယ်တွေ လူလတ်ပိုင်းတွေ အလွှာအမျိုးမျိုး အသက်အရွယ်အမျိုးမျိုး နောက်ခံအမျိုးမျိုးက ပိုင်းဖြတ်ပြီး ဒီလမ်းစဥ်ကို ရွေးချယ်လိုက်ကြတာကို ဘယ်လို ဦးေဆာင်ပြီး ပန်းတိုင်ရောက်အောင် သွားမလဲဆိုတာ တော်လှန်ရေးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းလို့ထင်ပါတယ်၊ အဲဒီအခြေအနေမှာပဲ မြို့ပေါ်မှာ ကျန်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေကိုလည်း ချိတ်ဆက် အားပြုပြီး လှုပ်ရှားမှုတွေ ပြိုင်တူအားစမ်းမှုတွေ လုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ၈၈ အရေးအခင်းပြီးနောက် လက်နက်ကိုင် လမ်းစဥ်နဲ့ မြေပေါ်က ပါတီနိုင်ငံရေး တိုက်ပွဲ ဘယ်လို ချိတ်ဆက်မှု ရှိခဲ့ကြသလဲ ဘယ်အပိုင်းတွေ အားနည်းခဲ့ကြသလဲဆိုတာလည်း သမိုင်းကတဆင့် သုံးသပ်သင်ခန်းစာ ယူသင့်ကြတယ်ထင်ပါတယ်။

အဲသည် အတွေးတွေ မေးခွန်းတွေနဲ့ ပတ်သက်ပြီးတော့ ပြည်တွင်းမှာကော ပြည်ပမှာပါ ဖြတ်သန်းခဲ့သူတွေနဲ့ အနည်းငယ်မှတ်ချက်ပေးကြည့်ဖို့ ပြောခဲ့ပါတယ်။ မန္တလေးက ပါတီနိုင်ငံရေးကော လက်နက်ကိုင်လမ်းစဉ်ကိုကော လှုပ်ရှားကျင်လည်ခဲ့ပြီး လက်ရှိလည်း ပတ်သက်နေသူ ၈၈ မျိုးဆက်တဦးကတော့ သည်လိုဖြေပါတယ်။ (သပိတ်တိုက်ပွဲကာလ ဆိုတာလွန်ခဲ့ပြီ။ ခက်တာက တနိုင်ငံလုံးအတိုင်းအတာနဲ့ လက်နက်နဲ့ စတိုက်ဖို့ ခေါ်မယ့်အချိန်ကို မျှော်နေရတယ်။ ဒီကြားထဲ မြို့ပေါ်လှုပ်ရှားမှု သေမသွားအောင်၊ ကိုယ့်လူ တတ်နိုင်သမျှ မပါသွားဖို့ ကြိုးစားလုပ်နေရတယ်။ မြင်နေ၊ ကြုံနေရတာတွေက တော်ရုံစိတ်နဲ့ သီးခံနိုင်ဖို့ ခက်တယ်။ သတိကြီးကြီးထား၊ တတ်နိုင်သလောက် လုပ်နေရတာပဲ။ ဒီတခါရှုံးလို့မရဘူး ဆိုတဲ့ စိတ်နဲ့ ဖြတ်ကျော်နေရတယ် ) လို့ ဖြေပါတယ်။ NCGUB အဝေးရောက်အစိုးရကာလ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဦးဘိုလှတင့်ကတော့ သည်လို ပြောပါတယ်။ (နိုင်ငံရေးလုပ်နေတဲ့အချိန်လား၊ တော်လှန်ရေးလုပ်နေတဲ့အချိန်လားဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ထားရမယ်။ ပြည်သူတွေကိုလည်း ရှင်းရှင်းလင်းလင်း ချပြပြီး ဦးဆောင်မှုပေးရမယ်။ ဘယ်တိုက်ပွဲမှာပဲ ဖြစ်ဖြစ် ရေရှည်အချိန်ဆွဲတိုက်လို့တော့ မရဘူး။ ဒီလိုအခြေအနေမျိုး အခွင့်ကောင်းမျိုး နောင်ပြန်လာမှာ မဟုတ်ဘူး) လို့ မှတ်ချက်ပေးပါတယ်။

(photo - Mandalay Flash Light Protest, 10th April 2021)

Join Us @ MoeMaKa Telegram
#MoeMaKaMedia
#WhatsHappeningInMyanmar