Breaking News

မြန်မာ့နွေဦးတော်လှန်ရေး ကဗျာများ - ဝင်းမြင့်၊ အေဘီဇက်၊ ကာနယ်နွေဦး၊ စိုးခိုင်ညိန်း ၊ ငဇ

Design- Than Htay Maung
မြန်မာ့နွေဦးတော်လှန်ရေး ကဗျာများ
မိုးမခ
ဧပြီ ၁၂၊ ၂၀၂၁


စက်ချို့ယွင်းခြင်း

လူတယောက်
ပြတင်းပေါက်ဖက်ကို တနေကုန်လှည့်လို့
နောက်တော့ ပြတင်းပေါက်ကနေ
ဖြူလွှလွှသဏ္ဌာန်တခု ထွက်သွားတဲ့အခါ
ခဲထားတဲ့ဆေးပေါ့လိပ်က ပါးစပ်ကလွတ်ကျ
မီးပွားတွေ အဝတ်ပေါ ်လောင်နေမှ
သတိရသွားတာက
ကျနော့်ရဲ့နှင်းဆီပန်းစီး ထံကိုပါ
ခုံနံပတ်မဲ့လိုက်လာခဲ့ပါတယ်
အုတ်ရိုးတွေ ချုပ်ရိုးမဖြည်သေးတဲ့လမ်းဖြစ်ရုံလောက်နဲ့
ကိုယ့်ရဲ့ဆောက်တည်ရာမဲ့ရလာဒ်တွေကြား
ဖိနပ်အဟောင်းလေးအတိုင်း လိုက်လာခဲ့တယ်
ငုံ့ကြည့်တော့ နံရံအသစ်တွေ
ငါမပျံတတ်ပါဘူးပြောတော့လည်း
မင်းကငြင်းတယ်
ငါပျံပြတော့လည်း မင်းကငိုနေပြန်ပေါ့  ။   ။

ဝင်းမြင့်
၁၀  ၄  ၂၀၂၀
....

ဇက်မျိုးဆက်သို့​ပေးစာ(၁) 

ညီ​လေး​ရေ
သက်တံနဲ့ ကိတ်မုန့်ဖုတ်ပြမယ်ဆိုပြီး
မင်းထွက်သွားတာ အ​မေသိသွားပြီ
အ​မေက မျက်ရည်ဝဲ
အံကိုခဲ
လက်သီးကို ကျစ်ကျစ်ပါ​အောင်ဆုတ်ထားတယ်
အိမ်​ရှေ့က စစ်ကား​တွေဖြတ်သွား​တော့
​တောက်တချက်​ခေါက် အကြည့်ကိုလွှဲ
မိသားစုဓာတ်ပုံ​လေးကို ​ငေးကြည့်​နေတယ်
ဒါ​ပေမယ့်
အ​မေ​နေ​ကောင်းပါတယ်
မင်းအတွက်
မင်းပြန်လာရင်ဝတ်ဖို့
ပုဆိုးအသစ် အကျီအသစ်နဲ့
ကတ္တီပါ ဖိနပ်​လေးတရံဝယ်စုထားတယ်
ယမ်း​ငွေ့​​တွေ​ဝေ​နေတဲ့ ​ဒေသ​တွေမှာ
မင်းအဆင်​ပြေဖို့
မင်းအတွက် ဘုရားတဆူကို
အိပ်ရာထဲထိ ပင့်ပြီး
ဆု​တွေ​တောင်း​နေတယ်
ငါတို့နာကျင်​နေရတဲ့​နေ့စွဲ​တွေပါပဲ
ခု ငါတို့မြို့​လေးဟာ
​​ခြောက်​​သွေ့ မင်းတို့အသံကို
နားစွင့်​နေတယ်
မင်းသူငယ်ချင်း​အချို့လည်း
ငါတို့မ​တွေ့ရ​တော့ဘူး
မင်းတို့​ကန်​နေကျ 
ဘောလုံးကွင်းကြီးက
မင်းတို့သွင်းမယ့် 
ဂိုး​တွေကို ​မျှော်​နေကြပြီ
​အ​​မေက​တော့ သ​​ပြေညွန့်​တွေ
​​စျေးက ​နေ့တိုင်းဝယ်ဝယ်လာတယ်
ညီ​လေး​ရေ
မြို့​ပေါ်မှာ မင်းတို့ရွာချမယ့်မိုးဦးကို
​​ထွန်တုံး​တွေပြင်ရင်း စောင့်​နေကြတယ်
ငါ အ​ဝေးက​နေ အ​လေးပြု​လိုက်ပါတယ်
မင်းတို့ကို ယုံတယ်
မင်းတို့ကို မျှော်​နေတယ်
မကြာခင်ပြန်ဆုံကြမယ်ကွာ
အ​ရေး​​တော်ပုံ မုချ​အောင်ရမည်...!!! 

အေဘီဇက်
၁၁၄၂၀၂၁
...

ငါတို့နိုင်မယ်ဆိုတဲ့အကြောင်း

မနိုင်ရင်
ကိုယ့်အမြီးကိုယ်ပြန်ကိုက်သေပါရစေဆိုတဲ့
မြွေပေါက်လေးတွေနဲ့။ 

ငါတို့နိုင်မယ်ဆိုတဲ့အကြောင်း 
ကောင်းကင်ကို မီးထွန်းပြကြတယ်။ ။

ကာနယ်နွေဦး
...

နွေဦးတော်လှန်ရေး ၃ 

ဟောဒီ နွေဦးမှာ 
စိန်ပန်းတွေ ရဲရဲနီသလို
သစ္စာပန်းတွေ သစ္စာရှိကြသလို
အမှန်တရားပေါ် ဖိသွေးထားတဲ့
ငါတို့ရဲ့ သတ္တိသွေးဟာ လက်လက်ထလို့။

ခေါင်းကိုပဲ ပစ်ပစ်
ရင်ဘတ်ကိုပဲ ထိထိ
​ထွက်လာတဲ့ သွေးဟာ
ရဲရဲတောက် အနီရောင်
ဘယ်တော့မှ အရောင်မပြောင်းဘူး။

စိုးခိုင်ညိန်း 
(15, 3, 2021)
...

ပန်းပုလို ရေးသားထားတဲ့ ရှုမျှော်ခင်း

လူဟာ အနည်းဆုံး တခုခုကို ပြသဖို့လိုတယ် ။
လိုအပ်တဲ့အခါ
တိတ်ဆိတ်နေခြင်းကလည်း ပြသတာပဲ ။
သွေးကြောင်လို့ နှုတ်ပိတ်နေတာမျိုးဟာ
ပြသတာ မဟုတ်ဘူး ။
အနည်းဆုံး တခုကစပြီး ဖယ်ထုတ်တယ်
သစ်သီးအပုပ်တွေကို ခေတ်ကမတောင်းဆိုဘူး။

ငဇ
၂၃၊ မတ်၊ ၂၀၂၁