Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁၁ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁၁ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၁၊ ၂၀၂၁

ဧပြီလ ၁၁ ရက်ဟာ တခြားနေ့တွေလိုပဲ တိုက်ပွဲထဲက နေ့တနေ့ဖြစ်ပါတယ်။ သပိတ်တိုက်ပွဲတွေရှိတယ်။ ပဲခူးမှာ ကျဆုံးသွားတဲ့ လူတွေအတွက် ဝမ်းနည်းကြတယ်။ တောက်ခေါက်ကြတယ်။ ဝမ်းနည်းခြင်းအထိမ်းအမှတ်တွေအပြင် သပိတ်တိုက်ပွဲတွေ ဆက်ဆင်နွှဲကြတယ်။ သည်နေရာမှာ Sylbolic strike / protest ဆိုပြီး သုံးကြတယ်။ ditect strike / protest လို့ မသုံးကြဘူး။ သပိတ်တိုက်ပွဲ ဆန္ဒပြပွဲအဖြစ် ပန်းတွေ ဆေးတွေ ပိုစတာတွေအပြင် ညဘက်မှာ flash strike ကောင်းကင်ကို ဖုန်းအလင်းရောင်ဖြင့် ထိုးဖောက်ပြီး ဆန္ဒပြကြတယ်။ တကယ်တန်းကတော့ လူတွေဟာ ဖုန်းက မီးအလင်းရောင်တွေနဲ့အတူ သပိတ်မှောက် ကြွေးကြော်သံတွေကိုပါ တခဲနက် ကြွေးကြော်ကြတယ်။ လမ်းတွေ အိမ်တွေ မြို့ရွာတွေ တုန်လှုပ်သွားတယ်။ မင်းအောင်လှိုင်ဖက်ဆစ်တွေလည်း တုန်လှုပ်သွားကြတယ်။

ပြည်သူတွေက အခုဒီတပတ်မှာ သင်္ကြန်အတွက် ဘယ်လို စမတ်ပရိုတက်စ်တွေ smart protest တွေလုပ်ကြမလဲလို့ ဆွေးနွေးကြတယ်။ ပြင်ဆင်ကြတယ်။ သင်္ကြန်အတွက် တရက်ချင်းစီအလိုက် ဘယ်လို ပုံစံကို အသားပေးတဲ့ ဆန္ဒထုတ်ဖော်မှုကို ပြသကြမလဲ။ လူထုညီညွတ်မှုနဲ့ အာခံဖီဆန်မှုကို ထုတ်ပြကြမလဲ ဆိုတာကို ပိုပြီး အားသန်လာကြတယ်။ စစ်အုပ်စု၏ ထိပ်တိုက်ရင်ဆိုင် ဖိနှိပ်သတ်ဖြတ်မှုကို သွယ်ဝိုက်သော အင်အားပြတဲ့ စိတ်ဓာတ်အင်အားဖြင့် ရင်ဆိုင်မလဲဆိုတာက ပိုပြီး အရေးပါလာပါတယ်။

ဧပြီလ ၁၁ ရက်နေ့မှာ သပိတ်သမားလူငယ်တွေ ဂျန်းဇီတွေကို မေးကြည့်လိုက်တော့ သူတို့လိုချင်တာက ဇီးရိုးအာဝါ Zero Hour သတ်မှတ်ပေးဖို့နဲ့ ပြတ်သားတဲ့ ခေါင်းဆောင်မှုပေးဖို့ပဲ ဖြစ်ပါတယ်။ သူတို့ကတော့ အစွမ်းကုန် စိတ်ပိုင်း ရုပ်ပိုင်း ဖြည့်ဆည်းနေကြတယ်။ သပိတ်ခေါင်းဆောင်တွေ ရှိသလို လုံခြုံရေးကာကွယ်ရေးတာဝန်ခံတွေ ရှိနေကြတယ်။ သူတို့တွေအချင်းချင်း ချိတ်ဆက်ညှိှုနိင်းနေကြတယ်။ ပြီးတော့ သူတို့တွေက အဆက်မပြတ် အချက်အလက်တွေ ရှာဖွေ လေ့လာ သင်ကြားနေကြတယ်။ သပိတ်အတွက် ပြင်ဆင်သလို Defense Team တွေကလည်း ပျောက်ကြားတိုက်ပွဲအတွက် ပြင်ဆင်နေကြတယ်။ ဆွေးနွေးတယ် နားထောင်တယ် ပြင်ဆင်နေကြတယ်။ ဒါကို အပြင်လက်တွေ့မြင်ကြရရင် စိတ်ဓာတ်ကျနေတဲ့ သာမန်လူတွေအတွက် ခွန်အားတွေ ပြန်တက်ပြီး လန်းဆန်းလာလိမ့်မယ်လို့ ပြောချင်ပါတယ်။

ပြည်ပက မြန်မာတွေကတော့ သူတို့ကွန်မြူနီတီအခြေခံပြီး ဆန္ဒပြကြတယ်။ မနေ့က ဝါရှင်တန်ဒီစီမှာ လူမျိုးပေါင်းစုံသပိတ်ဟာ လူထောင်ချီပြီး ကွင်းလုံးပြည့်တယ်။ သူတို့က ပြည်တွင်းကမြန်မာတွေကို အားဖြည့်ဖို့ အပတ်တိုင်း နေရာတိုင်းမှာ လုပ်နေကြတယ်။ ဆန်ဖရန်စစ္စကိုဘေးဧရိယာက Free Burma Action က Flower Strikes လုပ်ခဲ့ကြတယ်။ ပြီးတော့ CRPH Support Team Bay Area က ကိုယ်တိုင်ကိုယ်ကျ ကိုယ်ထူကိုယ်ထ အလှူကောက်ခံကြတယ်။ CRPH အတွက် အလှူငွေ ဒေါ်လာ ၃သောင်း၁ထောင်၂ရာ၁ ဒေါ်လာ ရတယ်။ လူတွေက One Myanmar Community Center ကို ကိုယ်တိုင်လာပြီး လှူကြတယ်။ ဒီလို အင်အားကို ထုတ်ဖော်တယ်။ ဒီလိုမျိုး အလှူခံမဏ္ဍပ်နဲ့ အလှူခံပြီး Citizen of Burma Award အဖွဲ့ကနေတဆင့် CRPH ကို လှူဒါန်းကြတာ အခုဆို ၂ ပတ်မြောက်ပြီ။

သုံးသပ်သူတွေကတော့ မင်းအောင်လှိုင်စစ်ကောင်စီဟာ ခုချိန်ထိ တိုင်းပြည်ကို ပြန်လည်ပတ်အောင် မလုပ်နိုင်ဘူး။ ပြည်သူက အာဏာဖီဆန်ပြီး ကြံ့ကြံ့ခံနေတယ်။ စစ်အာဏာရှင်ဖက်ဆစ်တွေကို နည်းပေါင်းစုံနဲ့ အပြုတ်တိုက်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်နေတယ်။ မြို့ပေါ်ပြောက်ကြားနည်းတွေ လက်နက်ကိုင်တော်လှန်ပြီးတော့ အဆုံးသတ်တိုက်ပွဲ ဆင်နွဲမယ်လို့ ပိုင်းဖြတ်ထားကြတယ်။ ပြည်သူတွေဖက်က ခုခံစစ်တိုက်နေတဲ့ ကချင် ကရင် တိုင်းရင်းသားတပ်တော်တွေကို ပြည်သူတွေက တခဲနက် ထောက်ခံထားကြတယ်။ CRPH က ဖွဲ့လာမယ့် NUG အစိုးရကို ထောက်ခံဖို့က အဆင်သင့်ပဲ။ အခုချိန်က တော်လှန်ရေးကာလ တော်လှန်ရေးအစိုးရ တော်လှန်သောတပ်တော်တွေနဲ့ တော်လှန်သောပြည်သူတွေဟာ မြို့ပြကျေးလက်အားလုံးဟာ တော်လှန်နယ်မြေတွေပဲလို့ သဘောထားပေးထားတဲ့အခြေအနေဖြစ်နေပါပြီ။ တိုက်ရဲသူတွေအတွက် အောင်ပွဲသာ ရှိပါတယ်။

(ဒီနေ့တော့ အသေးစိတ်မရေးတော့ပါ။ စာတင်တာကလည်း နောက်ကျသွားပါတယ်။)

Join Us @ MoeMaKa Telegram
#MoeMaKaMedia
#WhatsHappeningInMyanmar