Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ- စေတ၊ ပါပ


မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
(မိုးမခ)
ဧပြီ ၁၃၊ ၂၀၂၁
ဘောက်ချာဆုတ်ခြင်း
စေတ

ပွဲမပြီးခင် ဘောက်ချာဆုတ်လိုက်ရပြီ။
ဘာမှစိတ်မကောင်းဖြစ်ရာမရှိ။
လက်မောင်းထဲကသွေးအဆိပ်ပါနေမှတော့
လက်မောင်းပဲဖြတ်ရပါစေ၊ငါဖြတ်လိုက်ပြီ။
ဘာတခုမှဝမ်းနည်းစရာမရှိ။
ခြေမမကောင်းခြေမ၊ လက်မမကောင်းလက်မ
ဘာမှဝမ်းနည်းစရာမရှိ
ပွဲမပြီးခင် ဘောက်ချာဆုတ်လိုက်ပြီ
ဘာမှဝမ်းနည်းစရာမရှိ
အဆိပ်အတောက်တွေပြည့်ဝနေတဲ့လမ်းပေါ်။    ။


...
နွေဦးခံတပ်
ပါပ

သဲအိတ်ဘန်ကာအနောက်မှာ
ဝပ်လှဲနေတဲ့ ရဲဘော်ရဲဘက်တွေ
တစ်ယောက်အလောင်းတစ်ယောက် ထွေးပွေ့ဖို့
တစ်ဦးဒဏ်ရာတစ်ဦး ဆေးကြောဖို့ ။

ဒိုင်းကာနောက်ကွယ်မှာ
ဆေးလိပ်ဖွာရင်း
တစ်ဦးကိုတစ်ဦး အပြန်အလှန်နှုတ်ဆက်ချိန်ဟာ
မှောင်မည်းလွန်းခဲ့တယ်။

အုံးကနဲ
ဝုန်းကနဲ
ပွင့်ထွက်သွားတဲ့
ဘန်ကာဟောင်းလောင်းပေါက်ကြီး
ဥရောပက လှမ်းမြင်ရတယ်။

လွင့်စင်သွားတဲ့သဲမှုန်သဲစတွေ
ဘေဂျင်းကိုမျက်စိ စပ်စေတယ်။

ကရင်မလင်ကို
ခေါင်းရမ်းစေတယ်။

တလိမ့်လိမ့်လွင့်မျောနေတဲ့ မီးခိုးလုံးကြီးတွေ
နာဂါဆာကီကို သတင်းပေးနေတယ်။

မီးညွှန့်မီးတောက်တွေက
ဂွမ်ဂျူးကိုသတိပြန်လည်စေတယ်။

ဒူးထောက်ထားတယ်
လက်ပြန်ကြိုးချည်ထားတယ်
သတ်မိန့်မပေးမီ
ရန်သူ့မျက်နှာကို
ခေါင်းမော့ရင်ကော့ပြီး တံထွေးနဲ့ထွေးပစ်ခဲ့တယ်။

ဒါဟာ
မြန်မာ့နွေဦးတော်လှန်ရေးရဲ့
အရုဏ်တက်ချိန် အုန်းမောင်းခေါက်သံဖြစ်တယ်။

ကမ္ဘာသူ ကမ္ဘာသားများ
ကြားနိုင်ကြပါစေ။


၁၂ ၄ ၂၀၂၁