Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁၂ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၂လ နဲ့ ၁၂ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၂၊ ၂၀၂၁

၂၀၂၁က စစ်တပ် ကျဆုံးခန်း အစလား

၈၈ ခုနှစ် အရေးအခင်းကို ကြုံခဲ့ဖူးကြတဲ့ လူလတ်ပိုင်းတွေက ခုတကြိမ်စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တွေရဲ့ လုပ်ကိုင်ပုံက ၈၈ ခုနှစ်ကထက် ပိုယုတ်မာ၊ အောက်တန်းကျလာတယ်ဆိုပြီး ဝေဖန်အကဲဖြတ်တာကို ကြားလိုက်ရတဲ့အခါ ဘယ်လို ယုတ်မာတာလဲ၊ ဘယ်လို အောက်တန်းကျတာလဲ လို့စောကြော မေးမြန်းကြည့်တဲ့အခါ ၊ ၈၈ အာဏာသိမ်းပြီးနောက် ဆန္ဒပြသူတွေကို ပစ်သတ်တာတွေရှိတယ်၊ စစ်ဆေးရင်း လက်လွန်ခြေလွန်သေဆုံးမှုတွေ ရှိခဲ့တယ် ဆိုတာမှန်တယ် သို့ပေမယ့် အခု တခါ အာဏာသိမ်းပြီးနောက် ဖြိုခွဲရာမှာလို ပုဂ္ဂလိကပိုင် ကားတွေကို မဆိုင်ပဲ မြေညှိစက်နဲ့ အကြောင်းမဲ့ ဖျက်ဆီးတာ ၊ မှန်တွေကို ရိုက်ခွဲတာတွေ မရှိခဲ့သလို၊ စျေးဆိုင်တွေ၊ နေအိမ်တွေကို ရိုက်ဖျက်ဆီးတာ၊ ပစ္စည်းတွေ လုယူတာ၊ ဖျက်ဆီးတာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

တဖန် ခုအာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရတဲ့သူတချို့ ပြန်လွှတ်ပေးဖို့ရာမှာ ပိုက်ဆံ သိန်းနဲ့ချီတောင်းတာတွေ၊ ရန်ကုန်နဲ့ အခြားမြို့တွေသွားတဲ့လမ်းမှာ စစ်ဆေးတဲ့ဂိတ်တွေမှာ သာမန် အရပ်သားခရီးသွားသူတွေထံက ပိုက်ဆံ သိန်းနဲ့ချီတောင်းတာတွေ ကြားသိနေရပြီး အဲဒါတွေက အရင် ၈၈ အပြီးမရှိခဲ့တဲ့ဟာတွေ လို့ နမူနာဖြစ်ရပ် အနေနဲ့ ထောက်ပြပြောဆိုကြပါတယ်။

ဒီအဖြစ်တွေကို ဆန်းစစ်ကြည့်တော့ တရားဝင် အခေါ်အဝေါ်က တပ်မတော် ဆိုပေမယ့် ဒီနေ့ကာလမှာ အရပ်သားအားလုံးနီးပါးက စစ်အကြမ်းဖက်အဖွဲ့၊ စစ်ကောင်စီတပ်၊ သည့်ထက်ဆိုးတဲ့အခေါ်အဝေါ် အနေနဲ့က “စစ်ခွေးတပ်” ဆိုတာမျိုးသာ ခေါ်ဝေါ်နေကြတဲ့ တပ်က အစိုးရတရပ်ရဲ့ နိုင်ငံကာကွယ်တဲ့ တပ်အဖြစ် အနည်းငယ်မျှ မသတ်မှတ်ကြတော့ဘူးလားလို့ တွေးစရာ ရှိလာပါတယ်။

ဘာကြောင့်ဆို - ပြီးခဲ့တဲ့ ၂ လကျော်အတွင်းမှာ ဆန္ဒပြသူတွေနဲ့ ဆန္ဒပြရာမှာ မပါဝင်သော်လည်း ဆန္ဒပြတဲ့ရပ်ကွက် မြို့နယ်၊ မြို့ လမ်းထဲနေထိုင်နေကြတဲ့ အရပ်သားတွေ အပေါ် ပစ်သတ်မှု၊ ရိုက်နှက်မှု ၊ လုယက်မှု၊ ငွေကြေး ၊ လက်ဝတ်ရတနာရွှေ လိုမျိုးတွေ ရှာဖွေလုယူမှု၊ လူထုရဲ့ ပိုင်ဆိုင်မှုတွေဖြစ်တဲ့ ကားတွေ၊ အိမ်တွေ စျေးဆိုင်တွေ၊ ရုံးခန်းတွေကို လက်နက်ကိုင်အဖွဲ့တွေက အကျိုးမဲ့ဖျက်ဆီးမှု ၊ ဆန္ဒပြတဲ့ကိစ္စနဲ့ လားလားမှ မပတ်သက်တဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေဖြစ်တဲ့ အစားအသောက်၊ အရက်၊ အအေး ၊ ထမင်းဗူး၊ ငှက်ပျောသီးတွေအထိ လုယူတဲ့အဖြစ်တွေ ဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် တပ်မတော်ဆိုတဲ့ အမည်နဲ့ မထိုက်တန်တော့တာ သေချာနေတဲ့ လက်နက်ကိုင် အဖွဲ့တခု ဖြစ်နေပါပြီ။

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ပြီးခဲ့တဲ့ ၁၀ နှစ်လုံးလုံး စစ်တက္ကသိုလ် သင်တန်းဆင်းမိန့်ခွန်းတွေထဲ ထည့်ထည့်ပြောနေခဲ့တဲ့ စံချိန်မှီတပ်မတော် standard army ဆိုတာ အပြောသက်သက်မျှသာ ဖြစ်ပြီး ခုလိုအာဏာမသိမ်းမီ ကာလတွေကတည်းက လူမမြင်သူမမြင် တိုင်းရင်းသား ကျေးရွာတွေမှာ ၊ ရခိုင်ပြည်နယ် ရိုဟင်ဂျာရွာတွေမှာ၊ ရခိုင်ကျေးရွာ တွေ မှာ အရင်ကတည်းက လုပ်ခဲ့ကြတာ ဖြစ်လို့ မထူးဆန်းပေမယ့် အခုလို မြို့ကြီးတွေပေါ်မှာ ကင်မရာတွေ မျက်စေ့ပေါင်း ရာချီထောင်ချီတဲ့ မြင်ကွင်းမှာ လုပ်တာတွေကို တွေ့ရတဲ့အခါ မှတ်တမ်းပေါင်း ရာထောင်ချီမှတ်တမ်းတင်ထားကြတဲ့အခါ နကိုကမရှိတဲ့ သိက္ခာက အနှုတ်လက္ခဏာ ပြပြီး ဓါးပြလက်နက်ကိုင်အဖွဲ့၊ လူသတ်တပ်ဖွဲ့ အဖြစ် ကမ္ဘာကျော်ခဲ့ပြီဖြစ်ပါတယ်။

တပ်မှာ အောက်ခြေက လူသတ်မှုကျူးလွန်တယ်၊ လုယက်မှုကျူးလွန်တယ်၊ ဓါးပြမှုကျူးလွန်တယ်ဆိုရင် အဲဒီစစ်သားကို အထက်က အုပ်ချုပ်သူ၊ အမိန့်ပေးသူ အဆင့်အဆင့် တာဝန်ယူရမှာဖြစ်တယ်လို့ မင်းအောင်လှိုင်ကိုယ်တိုင် ဆွေးနွေးပွဲတွေ တွေ့ဆုံပွဲတွေမှာ ပြောခဲ့ဖူးပါတယ်။ standard army ဆိုတဲ့ အကြောင်းပြောခဲ့တဲ့အခါက အဲလိုပြောခဲ့တာဖြစ်ပါတယ်၊ ခုလို လုယက်မှု၊ မလိုအပ်ပဲ ရက်စက်စွာ သတ်ဖြတ်မှု၊ အသက်ဆုံးရှုံးသည်အထိ ရိုက်နှက်ညှင်းဆဲမှု၊ ဖျက်ဆီးမှုတွေကို နောက်လိုက်တွေက ကျူးလွန်တဲ့အခါ အဲဒီ အပြစ်တွေကို တာဝန်ခံရမယ့်သူက လက်နက်ကိုင် အဖွဲ့ရဲ့ အချုပ်ဖြစ်တဲ့ မင်းအောင်လှိုင်ပဲတာဝန်ရှိမှာ ဖြစ်ပါတယ်။ ဓါးပြတပ်ဖြစ်ရင် ဓါးပြမှုအားလုံးရဲ့ တာဝန်က သူ့အပေါ် ကျရောက်သလို အကြောက်တရားရအောင် အကြောင်းမဲ့ သတ်ဖြတ်တဲ့ ဒုစရိုက်ဂိုဏ်းလို လုပ်နည်းလုပ်ဟန်တွေ ကျင့်သုံးဖို့ ညွှန်ကြားထားရင်လည်း သူ့အနေနဲ့ ဓါးပြဂိုဏ်းခေါင်းဆောင်၊ ဒုစရိုက်ဂိုဏ်းခေါင်းဆောင် အဖြစ်တာဝန်ခံရမှာဖြစ်ပါတယ်။ အဲလိုမဟုတ်ပဲ အောက်ခြေက လုပ်တာ သူ့တာဝန်မရှိဘူးလို့ ရှောင်လွှဲလို့မရပါဘူး။

ခု ဖေဖေါ်ဝါရီလ ၊ မတ်လ ၊ ဧပြီလ တွေမှာ ဖြစ်ခဲ့တဲ့ အကြောင်းမဲ့ သတ်ဖြတ်မှုတွေအတွက်သော်လည်းကောင်း ၊ လုယက်မှုတွေ အတွက်သော်လည်းကောင်း၊ ဖျက်ဆီးမှုတွေ အတွက်သော်လည်းကောင်း တကြိမ်မျှ စုံစမ်းအရေးယူတာမျိုး မရှိခဲ့သလို စီအန်အန်သတင်းထောက်က ထားဝယ်မြို့မှာ ဖြစ်ခဲ့တဲ့ အကြောင်းမဲ့ ပစ်သတ်မှုဗီဒီယိုကို ထောက်ပြမေးရာမှာ အရှက်ပြေစုံစမ်းအရေးယူတာမျိုး စကားလုံးသုံးခဲ့ပေမယ့် ၊ ဗီဒီယိုက အစစ်လား အတုလား အရင်စစ်ဆေးရဦးမယ်ဆိုတာမျိုးနဲ့ ပြောင်ပြောင်ပဲ လိမ်လည်ခဲ့တာ ဖြစ်ပါတယ်။

အထက်က ပြောသလို standard army ကို ဦးတည်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ လက်နက်ကိုင် တပ်က ဓါးပြ၊ လူသတ်တပ်ဖွဲ့အဖြစ် ဦးတည်နေတာက တိုင်းပြည်အတွက် ဝမ်းနည်းဖွယ်အကောင်းဆုံးဖြစ်ပြီး ဒီ လက်နက်ကိုင်အဖွဲ့က တိုင်းပြည်ဘဏ္ဌာကို သုံးပြီး အင်အားအကြီးဆုံး ဖြစ်နေတာ က ပိုလို့တောင် ဝမ်းနည်းစရာ အဖြစ်လို့ဆိုချင်ပါတယ်။

ဒီအခြေအနေ အဖြစ်အပျက်ကို အနှစ်ချုပ်ရင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဟာ စစ်တပ်ရဲ့ ကျဆုံးခန်းအစ လို့ဆိုရင် မှားမယ် မထင်ပါဘူး။

စစ်တပ်ကျဆုံးခန်းဆိုပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးအတွက် အောင်မြင်ခန်းရောက်ပြီလို့လည်း မပြောနိုင်သေးပါ။ တဖက်က ကျဆုံးခန်းဆိုပေမယ့် အခြားတဖက်က အဲသည်နေရာမှာ အောင်လံလွှင့် အနိုင်ယူ သိမ်းပိုက်နိုင်ဖို့လည်းလိုပါတယ်။ အရှုံးအနိုင်မရှိတဲ့ အပြန်အလှန် သွေးချောင်းစီးတိုက်ပွဲတွေ အထိအခိုက်အကျအဆုံးတွေ အနည်းဆုံးဖြစ်အောင် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ထူထောင်မည့်သူများက ခေါင်းဆောင်မှုပေးကြဖို့၊ လူထုကိုလည်း ပြင်ဆင်တည်ဆောက်ထားရမည့် သဘောထား ခံယူချက် နည်းနာများ စိန်ခေါ်မှုများကို ထုတ်ပြထားဖို့ လိုမယ် ထင်ပါတယ်။ ခေတ်အဆက်ဆက်က သွေးခွဲ မှိုင်းတိုက် ထားတဲ့ နာကျည်းမုန်းတီးမှုတွေ အစွန်းရောက်မှုတွေ အလွဲအချော် စိတ်ကူးစိတ်သန်း သဘောထားတွေကိုလည်း ဖယ်ရှားပြီး လူထု လူတန်းစားအသီးသီးကြားမှာ နားလည်မှု စေတနာ ညီညွတ်မှု အပေးအယူ စတာတွေကို တည်ဆောက်နေကြဖို့ လိုအပ်မယ် ထင်ပါတယ်။ တခါဖူးမှ ကျယ်ကျယ်ပြန့်ပြန့် မကိုင်တွယ်ခဲ့ဖူးတဲ့ မြို့ပြ ကျေးလက် ပြောက်ကျားစစ်ဗျုဟာတွေ ထူထောင် ပြင်ဆင် သင်ကြား ဖြည့်ဆည်းနေချိန်မှာပဲ တခါဖူးမှ မမြည်းစမ်းရသေးတဲ့ လူမျိုးပေါင်းစုံ သဟဇာတဖြစ်ဖြစ် အတူလက်တွဲ နေထိုင်မယ့် ဖယ်ဒရယ်ဒီမိုကရေစီကိုလည်း စိတ်ရော ကိုယ်ကာ ဖွင့်ပြီး လက်ခံ ချိတ်ဆက် တည်ဆောက်ကြဖို့ လိုပါမယ်။ ခုချိန်က အမျိုးသားစိတ်တခုတည်းနဲ့ ရွာတည်တဲ့ခေတ် မဟုတ်ပါ။ လူမျိုးပေါင်းစုံ ကူးလူးဆက်ဆံကြရတဲ့ နိုင်ငံတည်တဲ့အချိန် ဖြစ်ပါတယ်။ ဒီတခါ အရေးတော်ပုံ အောင်ရမည်။


Join Us @ MoeMaKa Telegram
#MoeMaKaMedia
#WhatsHappeningInMyanmar