Breaking News

မောင်တင်သစ် - ဒီနေ့ဟာ အစ ဖြစ်တယ် (ဂုဏ်ပြုကဗျာ)

Image- Crd
“ ဒီနေ့ဟာ အစ ဖြစ်တယ်”
မောင်တင်သစ်
(မိုးမခ) ဧပြီ ၁၆၊ ၂၀၂၁


ပင်လယ်ကို ဖြတ်လာတဲ့ မိုးနံ့ပါတဲ့ လေလို
မြို့ကြီးထဲ
ငါတို့ ဝင်ရောက်ကြပါစို့
နေရောင်ဟာ
အုန်းလက်ကိုင်းဖျား နဲ့ အိမ်အမိုးစွန်း ကို ဖြတ်ပြီး
ခပ်စောင်းစောင်း ကျနေမယ်
သစ်ပင်တွေဟာ ရေစိုလို့
သူတို့ အမွေးအတောင် တွေကို ဖြတ်ပြီး
ကနေတဲ့ ဒေါင်းပျိုတွေလို
အစိမ်းရောင် ပွပွ လှလှကြီး ဖြစ်နေမယ်။
အိမ်ရှေ့လမ်းမ ပေါ်မှာ မော်တော်ကားတွေဟာ
ကြိုတင် တိုင်ပင်ထားသလို
ဝးဝဝ နာရီမှာ
ဟွန်းတွေ တပြိုင်နက်တည်း တီးလိုက်ကြပေါ့။
ဒါဟာ အစပဲ
အရာ အားလုံး
အစက ပြန်စမယ့် အစပဲ။
လေပြည်ညင်းဟာ
အရပ်မျက်နှာ အသီးသီးက
တစ်လှည့်ပြီးတစ်လှည့် တိုက်နေမယ်။
ငါတို့ဟာ
လေညင်း နဲ့ အတူပါလာတဲ့ ပန်းရနံ့တွေလို
ဒီနေရာကို
စုဝေးရောက်ရှိလာကြမယ်။
သမိုင်းဝင် ဓာတ်ပုံ ထဲက
မျက်နှာမျိုးတွေနဲ့
အားလုံးဟာ
တည်ကြည်ခန့်ညား ကြလို့ပေါ့။
မြို့အနှံ့က ခေါင်းလောင်းတွေဟာ
အနှစ်နှစ် အလလ ဆွံ့အနေခဲ့တဲ့ သူတို့ အသံ
သူတို့ ပြန်ရပြီမို့
ဝမ်းသာမဆုံး ဖြစ်လို့
(အပြုံးမျက်နှာတွေဟာ
ပြန်ပြီး တည်လို့ မရတော့သလိုမျိုး)
ကန်ရေပြင်ဟာ
သူကိုယ်တိုင် ကုန်းပေါ်တက်လာပြီး
ပွဲတော်မှာ နွှဲချင်နေတယ်။
လက်ခုပ်သံတွေဟာ
တိကျတယ်
အပိုအလိုမရှိဘူး
ရုပ်ရှင်မရိုက်ဘူး
ဇာတ်တိုက်မထားဘူး။
တာထွက်တော့မယ့်
အားမာန်တွေဟာ
အချက်ပေးသံ ကို စောင့်နေကြပြီ။
ကျားတွေဖြတ်ဖို့
တောမှာ
လမ်းခင်းထားရိုး မရှိဘူး။
ချောင်းတွေ့ရင်
ခုန်ကျော်သွားဖို့ပဲ
ချောင်းကျယ်ရင်
ဖောင်ဖွဲ့မယ်။
ဒီနေ့ဟာ အစဖြစ်တယ်
အရာ အားလုံး
အစက ပြန်စမယ့် အစဖြစ်တယ်။
ဒီနေ့ဟာ
ကမ္ဘာပေါ်မှာ
အလှဆုံး နေ့တွေထဲက တစ်နေ့ဖြစ်တယ်
ဒီနေ့ဟာ
စစ်ပွဲ စတင်တဲ့ နေ့ မဟုတ်ဘူး
စစ်ပွဲ ပြီးဆုံးတဲ့ နေ့ မဟုတ်ဘူး
ဒီနေ့ဟာ
မေတ္တာ စတင်တဲ့နေ့
မေတ္တာ အောင်နိုင်တဲ့ နေ့ ဖြစ်ရဲ့။
ဒီနေ့ဟာ
ငြိမ်းချမ်းမှု စတင်တဲ့နေ့
ငြိမ်းချမ်းမှု အောင်နိုင်တဲ့နေ့ ဖြစ်ရဲ့
ဒီနေ့မှာ
စစ်နိုင်သူ မရှိဘူး
စစ်ရှုံးသူ မရှိဘူး
ဒီနေ့အကြောင်း
ကဗျာတစ်ပုဒ် ရေးရပေလိမ့်မယ်။
ဒီနေ့အကြောင်း
ကဗျာတစ်ပုဒ် မရေးဘူးဆိုရင်
ငါဟာ
ဘာမှ မရေးခဲ့တဲ့ လူတစ်ယောက် နဲ့
ဘာထူးဦးတော့မှာလဲ။       ။

မောင်တင်သစ်
 ဧပြီ၊ ၂၀၀၇၊ စံပယ်ဖြူ
-
× ယနေ့ဖွဲ့စည်းလိုက်သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူထမ်းဆောင်ရမည့် ဦးရည်မွန် -(ကဗျာဆရာ မောင်တင်သစ်)ကို ဂုဏ်ပြုသောအားဖြင့်  စံပယ်ဖြူမဂ္ဂဇင်း (၂၀၀၇) တွင် ရေးသားခဲ့သည့် ဆရာ့၏ကဗျာတပုဒ်ကို ပြန်လည်ဖော်ပြလိုက်ပါသည်။ 
- တင်မင်းထက် ဖေ့ဘုတ်စာမျက်နှာမှ ယူပါသည်။


t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar