Breaking News

မိုးကျော်သူ - ပိုင်သစ်နွယ်

ပိုင်သစ်နွယ်
မိုးကျော်သူ
(မိုးမခ) ဧပြီ ၁၆၊ ၂၀၂၁

သူဟာ ချိတ်တွေကို
အိပ်နဲ့အပြည့်လွယ်ထားသူပေါ့
ခင်ဗျားကိုနတ်ရှင်နောင်နဲ့ချိတ်ပေးမယ်
ဗိုကြီးနဲ့ချိတ်ပေးမယ်
ကဗျာအတွက် သူ့ကားကို အမြဲစက်နိူးထားတယ်
သူ့ခြေထောက်တွေထောင်ပြီး 
ခင်ဗျားဆီ လျှောက်လာခဲ့မယ်

ဟာ့ဒစ်ထဲမှာ ပိုးကိုက်တာတွေရော
တချို့တဝက်သာမြင်ရတော့တဲ့စာသားတွေရော
မနေ့ကပွင့်တဲ့ပန်းတွေပါ သိမ်းထားတယ်
သူအိပ်စရာမရှိတဲ့ ကုတင်မှာ
ခင်ဗျားတို့ ကျူပ်တို့ စာအုပ်တွေကို စီထားတယ်

သူဟာ ပေါ့ပါးတဲ့ရေခဲတောင်ဖြစ်ပြီး
လေးလံတဲ့ဖေါ်ရွေမှူဖြစ်တယ်
ကျူပ်တို့မီးသတ်ကားတွေကိုလဲ
အမြဲဆီဖြည့်ထားတယ်

သူဟာ လူတွေအိပ်ချိန်မှာ
စမ်းချောင်းကသာကေတအထိ
လမ်းလျှောက်နိူင်သူဖြစ်တယ်
သူ့ကိုမသိတဲ့ဆေးရုံကတင်ဘေးက 
အိပ်စင်ရယ်လို့မရှိသေးဘူး
သူဟာအမြင်ကပ်စရာကောင်းတဲ့
ရိုးသားမှူစစ်စစ်ဖြစ်တယ်
သူဟာချွေးအမြဲနစ်နေတဲ့ညနေခင်းဖြစ်တယ်

တနေ့သူနဲ့ခင်ဗျားဆုံဖြစ်ကြပြီဆိုပါစို့
သူ့ကျောပိုးအိပ်ဘေးမှာချည်ထားတဲ့
အမြဲအသင့်ပြင်ထားတဲ့
ရေသန့်ဘူးအစိမ်းဟာ
ခင်ဗျားသောက်ဖို့ သူ့ကျောပိုးထားတာပါပဲ။

၁၆-၄-၁၉ သင်္ကြန်အတက်နေ့

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar