Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ -နေစိမ့်၊ ဝါကျဖြူ


ART- THAN HTAY MAUGN 
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ 
မိုးမခ
ဧပြီ ၃၀၊ ၂၀၂၁

နွေဦးရဲ့အခြားသော အဓိပ္ပာယ်
နေစိမ့်

ဒီနွေဦးမှာ
လေရူးထက်မုန်တိုင်းက အရွယ်အစားကြီးတယ်
ဒီနွေဦးမှာ
လက်ထဲက လုယက်ခံလိုက်ရတဲ့ အနာဂတ်အတွက်
လူငယ်တွေ လမ်းပေါ်ရောက်လာတယ်
ဒီနွေဦးမှာ
မတောင်းပဲပေးလိုက်ရတဲ့ လွတ်လပ်မှုအတွက်
ဘာပဲဖြစ်ဖြစ် ဘာပဲ ရင်းရရင်းရ
ဒီနွေဦးမှာ
အရင်းအနှီးက အသက်ဆိုတော့
ချွေးထွက်လွန်တယ် သွေးထွက်လွန်တယ်
ဒီနွေဦးမှာ
အာဏာရှင်ဆိုတာ မူးလို့မှရှူစရာမရှိစေရ
လက်သုံးချောင်းနဲ့ သော့ခတ်လိုက်တယ်
ဒီနွေဦးမှာ
အရေးတော်ပုံက ညှစ်ချလိုက်တဲ့အနယ်အနှစ်ထဲ
မိတ်ဆွေနဲ့ ရန်သူစစ်စစ်
ပါကင်ပိတ်ထွက်လာတယ်
ဒီနွေဦးမှာ
မီးဖိုချောင်က မီးခိုးတိတ်နေပေမဲ့ လတ်ဆတ်ဆတ်မွှေးမြနေတာက
တော်လှန်ရေးရဲ့ရနံ့။

2021 April 28

.....

ပီယာနို
ဝါကျဖြူ

လေတိုက်လို့ငြိမ်းသွားတဲ့ဖရောင်းတိုင်လေးတွေကို
ကျနော်တို့စုထုပ်ပြီးသိမ်းဆည်းထားခဲ့ကြတယ်။
လမ်းမတွေနဲ့ထုပ်သိမ်းထားတဲ့ခါးသက်နေတဲ့ဖရောင်းတိုင်လေးတွေဆီက
ဒေါက်ဖိနပ်သံတတောက်တောက်က
မသိစိတ်ထဲကနေဂီတသံလိုစီးဆင်းနေတယ်။
ပိုင်ရှင်မဲ့နေတဲ့စကားလုံးတွေထဲမှာ
အဆက်ပြတ်ထွက်နေတဲ့အလင်းတန်းကို
ကျနော်တို့ရှာဖွေနေခဲ့ရပါတယ်။
မနက်ဖြန်ဟာနာကျင်မှုတွေထဲကပဲ
လွတ်လွတ်ကင်းကင်းပြန်ပွင့်လာမယ်ဆို
တာကျနော်တို့သိနေခဲ့ပါတယ်။

      29/4/21

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar