Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဧပြီလ ၃၀၊ ၂၀၂၁

ဧပြီလ ရဲ့ နောက်ဆုံးရက်၊ စစ်အာဏာသိမ်းပြီး လအနေနဲ့ တွက်ရင် ၃ လပြည့်တဲ့နေ့ ၊ ရက်အနေနဲ့ဆို ၈၉ ရက်ပြည့်တဲ့နေ့ ၊ စစ်တပ်တွေ လုံထိန်းနဲ့ ရဲတွေ မြို့တွေရွာတွေထဲ တပ်စွဲပြီး လှည့်နေဆဲ၊ တမြို့နဲ့တမြို့ ခရီးလမ်းမှာ မှတ်ပုံတင်ပစ္စည်း၊ အလိုရှိသူ ဝရန်းထုတ်ထားသူ စာရင်းနဲ့ တိုက်စစ်နေဆဲ၊ ဖမ်းဆီးရမယ့်သူတွေ ညည နေ့နေ့ အိမ်တွေကို အတင်းဝင် မဖွင့်ပေးရင် ဖျက်ဝင်၊ ရိုက်ချိုးဝင်ပြီးစစ်ဆေးနေဆဲ၊ ဒီနေ့ အကောင်းအတိုင်းဖမ်းသွားတဲ့သူကိုလည်း မနက်ဖြန် အလောင်းလာယူဖို့ မိသားစုကို အကြောင်းကြားမှုတွေရှိနေဆဲ၊ ဆန္ဒပြတဲ့သူကို ဖမ်းရုံတင်မက နေရာမှာတင် ပစ်သတ်ခွင့်လည်း ပြုထားဆဲ၊ ခုချိန်ထိ တရားမဲ့ ပစ်သတ်မှုတွေအတွင် မည်သည့် စစ်သား၊ ရဲ တယောက်မျှ စုံစမ်းစစ်ဆေးခံရတာ မရှိသလို၊ တရားဥပဒေတွေဆိုတာကိုလည်း အမိန့်ထုတ်ရုံမျှနဲ့ ပြင်ချင်တာ ပြင်၊ ဆိုင်းငံ့ချင်တာ ဆိုင်းငံ့ လုပ်ခွင့်ရှိနေဆဲ အခြေအနေပါ။

တရက် တရက် အသက်ဆုံးရှုံးသွားတဲ့ ဆန္ဒပြသူတွေ၊ ကိုယ့်ဝမ်းစာကိုယ်ရှာရင်း မဆင်မခြင် ရမ်းသမ်းပစ်ခတ်မှု နဲ့ အသက်ဆုံးရှုံးသွားရတဲ့ သာမန်လူတွေ၊ တိုင်းရင်းသားလက်နက်ကိုင် ဧရိယာထဲမှာ စစ်ကောင်စီတပ်တွေက ဗုံးကြဲလို့ အသက်ဆုံးရှုံးရသူတွေ၊ ရိုက်နှက်ဖမ်းဆီးပြီး အကျဥ်းထောင်ထဲ ပို့ခံရသူတွေ ရဲ့ စာရင်းတွေ ရေတွက်နေရဆဲ နွေဦးတော်လှန်ရေးလို့ အမည်ပေးထားတဲ့ ဒီမိုကရေစီ နဲ့ ဖက်ဒရယ် ဖော်ဆောင်ရေး ဘုံရည်မှန်းချက် လှုပ်ရှားမှု တွန်းလှန်မှုရဲ့ အောင်ပွဲ ဆိုတာကို မျှော်လင့်ရင်း ညဘက် မီးပိတ်ပြီး ဆဲသံ စော်ကားသံ ဖျက်ဆီးသံ ဖမ်းဆီး ရိုက်နှက်သံတွေကို ကြိတ်မှိတ်ခံစားနေရဆဲ ဖြစ်ပါတယ်။

ဧပြီ ၃၀ရက်နေ့ မှာလည်း ရန်ကုန်မြို့မှာ ဆန္ဒပြမှုတွေ ၂ နေရာ ထက်မနည်း ပေါ်ထွက်ခဲ့ပါတယ် ။ နေ့လည်မိုးရွာနေတုန်း ဆန္ဒပြသူတွေ ထီးတွေနဲ့ ၊ ထီးမပါသူတွေလည်းမိုးရေထဲ လမ်းလျှောက်ချီတက်ကာ လက်ဖြစ်ရေးသားထားတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ မြို့ထဲလမ်းမတွေပေါ် လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။ ပေါက်ကွဲမှုတွေကတော့ နေ့စဥ် ဖြစ်နေကျ အဖြစ်အပျက်တွေသဖွယ် ရန်ကုန်၊ ပခုက္ကူ၊ မန်းလေး၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းတို့မှာ ဖြစ်ပွားခဲ့တယ်လို့ သတင်းဖေါ်ပြချက်တွေအရ သိရပါတယ်။

အခုလို ၃ လပြည့်တဲ့ ကာလမှာ ရှေ့ချီတက်မယ့်အကြောင်းကို မမျှော်ကြည့်ခင် ပြီးခဲ့တဲ့ ၃ လတာ အတွင်း ဖြစ်ပျက်ခဲ့တာတွေအနည်းငယ် ပြန်ငဲ့ကြည့်ပြီး ခဏလောက် သုံးသပ်ကြည့်သင့်တယ်လို့ ထင်မြင်မိပါတယ်။ နိုင်ငံရေးဆောင်းပါးရှင်၊ နိုင်ငံရေးသုံးသပ်သူ စသဖြင့် လူသိများတဲ့ပုဂ္ဂိုလ်တွေက ဆရာလုပ်ပြီး ပြန်လည်သုံးသပ်တာမျိုးထက် ဒီလှုပ်ရှားမှုကြီးထဲမှာ ပါဝင်နေတဲ့ သက်ဆိုင်ရာ ခေါင်းဆောင်အသီးသီး၊ တက်ကြွလှုပ်ရှားသူ၊ စည်းရုံးရေးလုပ်ဆောင်နေသူ စသဖြင့် အချင်းချင်း ပြောဆိုဆွေးနွေးကြပြီး ပြန်လည်သုံးသပ်ကြည့်ကြမယ်ဆိုရင် အကျိုးများမယ်လို့ ထင်မြင်မိပါတယ်။

ခုနေအခါမှာ တဦးတယောက်တည်းကို တည်မှီတာ၊ ကိုးကွယ်တာ၊ တဖွဲ့ဖွဲ့ တဦးတယောက်ရဲ့ ပြောဆိုမှုကို ပြန်လည် ဝေဖန်ဆန်းစစ်ခွင့် မပြုကြတာတွေကို ပြုပြင်သင့်ကြပြီလို့လည်း ထင်မြင်မိပါတယ်။ ဒီမိုကရေစီကို ပန်းတိုင်အနေနဲ့ ဦးတည်သွားကြမယ်ဆိုရင် ဒီမိုကရေစီဆန်တဲ့ အယူအဆ၊ အပြုအမူ၊ အလေ့အကျင့်တွေ အားလုံးကျင့်ကြံကြဖို့ လိုအပ်တယ်လို့လည်း ထင်ပါတယ်။

မြန်မာ့ လူ့အဖွဲ့အစည်းက လူပုဂ္ဂိုလ် တဦးတယောက်ကို ယုံကြည်ရင် ပုံအပ်ပြီးကိုးကွယ်တဲ့ အလေ့အထ နှစ်ကာလရှည်စွာ လွှမ်းမိုးလာတာကြောင့်လည်း ပြန်လည်မေးခွန်းထုတ်တာ ဝေဖန်သုံးသပ်ကြတာမျိုးကို ခွင့်မပြုချင်ကြ သွေးခွဲစကား ဆိုတာမျိုး စည်းလုံးညီညွတ်ရေး ပြိုကွဲအောင် လုပ်တယ်ဆိုတာမျိုးနဲ့ စွပ်စွဲ အပြစ်တင်လေ့ ရှိကြတာလည်း ဖြစ်ပါတယ်။

အမှန်တကယ်တော့ စည်းလုံးညီညွတ်ရေးဆိုတာ အယူအဆ တခုအပေါ်၊ သဘောထားတခုအပေါ် မူဝါဒတခုအပေါ် ကြေကြေလည်လည် ဆွေးနွေးပြီး လက်ခံထားတာမျိုးကမှ တကယ်ခိုင်မြဲတည်တံ့ တဲ့စည်းလုံးညီညွတ်ရေး ဖြစ်မှာပါ။ ပုဂ္ဂိုလ်ရေး အရှိန်အဝါနဲ့ ပါဝါနဲ့ ဖိထားပြီး ပြန်မပြောရ၊ မဆွေးနွေးရ ဆိုတာမျိုးနဲ့ ညီညွတ်အောင် လုပ်ထားကြတယ်ဆိုရင် ရေရှည်တည်တံ့တဲ့ ညီညွတ်ရေး မဟုတ်သလို အာဏာရှင်ဆန်တဲ့ အပြုအမူဖြစ်နေမှာပါ။

ပြီးခဲ့တဲ့ ၃ လတာမှာ သဘောထားချင်းမတူညီတာတွေ အယူအဆ ကွဲလွဲတာတွေ တကြိမ်မက ရှိခဲ့ကြတာပါ။ အတိတ်က ဒဏ်ရာတွေ၊ သင်ခန်းစာ၊ ခါးသီးတဲ့ အတွေ့အကြုံတွေလည်း ပြန်အမှတ်ရကြ၊ မယုံသင်္ကာဖြစ်ကြ၊ တဖက်ရဲ့ ဖိနှိပ်မှု ရက်စက်မှုဒဏ်ကို ပြန်လည် တွန်းလှန်နိုင်ဖို့ ကျောချင်းကပ်ကြ တာတွေလည်း ရှိခဲ့ပါတယ်။

အန်အယ်လ်ဒီအစိုးရ အဖြစ်တာဝန်ယူစဥ်ကာလမှာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နဲ့ ဆက်ဆံရေးအေးစက်ခဲ့၊ တချို့ကိစ္စတွေမှာ ထိပ်တိုက်ရင်ဆိုင်ကြတဲ့အထိ ဖြစ်ခဲ့ကြတာတွေရှိပါတယ်။ ဥပမာအားဖြင့် ဗိုလ်ချုပ် ရုပ်တု ထားမယ့်ကိစ္စ၊ တံတားနာမည်ပြောင်းလဲဖို့ ကိစ္စတွေ ဖြစ်ပါတယ်။

ဒီကိစ္စလိုမျိုးတွေကို အကြောင်းပြုပြီး ဖြစ်ခဲ့တာတွေကို ခုနေအခါမှာ မတောင်းပန်နိုင်ရင်တောင်မှ အမှားအဖြစ် အနိမ့်ဆုံး သင်ခန်းစာယူဖို့လိုအပ်ပါတယ်။ ဒီကိစ္စတွေ ခုချိန်မှာ မပြောကြနဲ့ဆိုပြီး ပိတ်ပင်တဲ့သဘောမျိုးက အတိတ်က အဖြစ်တွေအပေါ် ဘာသင်ခန်းစာမှ မယူနိုင်ဘူးလို့ အပြတ်ငြင်းဆိုတာ မျိုးလည်းသက်ရောက်စေလို့ ဖြစ်ပါတယ်။ ခုချိန်ခါမှာ စစ်အုပ်စုကို ဦးတည်တိုက်ထုတ်ရေးသည် အဓိက ဆိုတာမှန်သလို မိမိတို့အချင်းချင်းအကြားမှာလည်း ယုံကြည်မှု တသားထဲရှိနိုင်ဖို့ရာ မည်သူမဆို အမှားရှိခဲ့၊ လုပ်ခဲ့ရင် ဝန်ခံဖို့လိုအပ်မယ့် သဘောလို့ ထင်မြင်ပါတယ်။

ဒါမှသာ လက်ရှိ ရင်ဆိုင်နေရတဲ့ တိုက်ပွဲမှာ စိတ်ရှင်းရှင်းနဲ့ အင်အားစုစည်း တိုက်နိုင်မယ်လို့ ထင်ပါတယ်။ အတိတ်ရဲ့ အရိပ်က မကြေလည်သေးရင် သံသယရှိနေသေးရင် တကယ့်စည်းလုံးမှု မရနိုင်ဘူးလို့ ယူဆမိကြောင်းပါ။

သာဓကတခု ပြချင်တာကတော့ ပြည်သူချစ်ခင်အားကိုးရတယ်ဆိုတဲ့ ဆရာတေဇာဆန်းက သူ့ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ ၅ နှစ် တာအတွင်း ပြန်လည်သင်ခန်းစာယူခြင်း ဝေဖန်သုံးသပ်ခြင်း ပို့စ်ကို လူတချို့တွေက အတော်လေးကို တွန့်သွားတာတွေ့လို့ ဒီဆောင်းပါးမှာ သူ့စကားကို ပြန်လည် မှတ်တမ်းတင် ကောက်နုတ်လိုက်ပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေနဲ့ သူတို့အစိုးရ ဖြစ်ခဲ့တဲ့အချိန် (၅) နှစ် (၂၀၁၆-၂၀) အတွင်းမှာ နိုင်ငံရေးအရ လွဲမှားတဲ့၊ မဖြစ်သင့်တဲ့ လုပ်ဆောင်ချက်တွေ များစွာ ရှိခဲ့ပါတယ်။

အထူးသဖြင့် တိုင်းရင်းသားလူမျိုးများအရေး၊ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများအရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဥ်၊ တက်ကြွလှုပ်ရှားသူများအရေး၊ ရခိုင်အရေးကိစ္စ၊ သတင်းမီဒီယာများကိစ္စ၊ အရပ်ဖက်အဖွဲ့အစည်းများ အရေးကိစ္စများမှာ NLD အစိုးရရဲ့ အမြင်သဘောထားနဲ့ တုန့်ပြန်ဆောင်ရွက်မှုတွေမှာ လိုအပ်ခဲ့တာ၊ လွဲမှားခဲ့တာတွေ များစွာ ရှိခဲ့ပါတယ်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ကို ရသလောက် မြှင့်တင်ကာကွယ်ဖို့ အားနည်းလိုအပ်ခဲ့တာပါပဲ။

ဒီအတွက်ကြောင့် အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်းမှာ NLD အနေနဲ့ ဘုံပန်းတိုင်တူ အင်အားစုများ (အထူးသဖြင့်) ဗမာမဟုတ်တဲ့ ကျန်လူမျိုးများ၊ တိုင်းရင်းသား တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများ၊ တက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက်အဖွဲ့အစည်းများနဲ့ ယုံကြည်မှုတည်ဆောက်ရေးမှာ သူတို့အနေနဲ့ စိန်ခေါ်မှုတွေ ရှိနေခဲ့တယ်လို့ ထင်ပါတယ်။ သူတို့အဖွဲ့အစည်းရဲ့ လွန်ခဲ့တဲ့ (၅) နှစ်က ဆိုးမွေကို ခံရတဲ့ သဘောပါပဲ။ ဒါ့အပြင် အတိတ်သမိုင်း တစ်လျှောက်လုံးမှာ ရှိခဲ့တဲ့ ဗမာလူမျိုးနဲ့ ဗမာမဟုတ်တဲ့ ကျန်လူမျိုးများအကြားက ယုံကြည်မှုဆိုင်ရာ ပြဿနာကလည်း ရှိနေတာကို သတိပြုမိကြမယ်ထင်ပါတယ်။”



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar