Breaking News

ပြည်သွေးနိုင် - မိုးမခသို့ သတင်းစကား



ပြည်သွေးနိုင် - မိုးမခသို့ သတင်းစကား

(မိုးမခ) မေ ၇၊ ၂၀၂၁

အာဏာသိမ်းလိုက်ပြီဆိုကတည်းက ကျနော်တို့ရဲ့ လွတ်လပ်စွာပြောဆိုခွင့်၊လွတ်လပ်စွာရေးသားခွင့်၊လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်တွေ ဆုံးရှုံးရပြီဆိုတာ သိလိုက်ပြီ။ ရရှိသင့်တဲ့ အခြေခံအခွင့်အရေးတွေ အပြည့်အဝကြီး ရရှိထားသေးတာ မဟုတ်ပေမဲ့လတ်တလောရရှိနေတဲ့ အခွင့်အရေးတွေ ပျောက်ဆုံးသွားအောင် ဖျက်ဆီးလိုက်ပြီဆိုတာ နားလည်လိုက်ပြီ။

ထင်တဲ့အတိုင်း သိပ်သေချာပါတယ်။အာဏာသိမ်းပြီး သိပ်မကြာခင်မှာပဲ အဓိက မီဒီယာတွေဖြစ်တဲ့ Myanmar Now၊DVB၊ Mizzima၊ 7Dayနဲ့ ခေတ်သစ်မီဒီယာတွေ နာမည်ပျက်စာရင်းသွင်းပြီး ပိတ်ပင်ခြင်း ခံခဲ့ရပါတယ်။ပြည့်မျက်လုံးတွေ ဖောက်ထုတ်ခြင်း ခံခဲ့ရပါတယ်။

ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ဒီနေ့ခေတ်ကြီးမှာ အရေးအပါဆုံး၊လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် နေ့စဥ်လိုအပ်ချက်တွေကို ဝန်ဆောင်မှုပေးနေတဲ့ အသက်သွေးကြောတမျှအရေးပါတဲ့ အင်တာနက်လိုင်းတွေကို ကန့်သတ်၊ပိတ်ဆို့၊ဖြတ်တောက်ခြင်း ခံခဲ့ရပြန်ပါတယ်။

အဲဒီလို သတင်းအမှောင်ချဖို့ ကန့်သတ်၊ပိတ်ဆို့၊ဖြတ်တောက်မှုတွေ စစ်ကောင်စီက လုပ်ခဲ့ပေမယ့် Myanmar Now ဟာ အဂ်လိပ်၊မြန်မာနှစ်ဘာသာနဲ့ ဆက်လက်တင်ဆက်နေဆဲပါ။ထို့အတူပါပဲ DVB၊ Mizzia၊ ခေတ်သစ်မီဒီယာတို့ဟာ Online စာမျက်နှာပေါ်မှာ ဆက်လက်ရှင်သန်နေဆဲပါ။သတင်းထောက်တွေဟာလည်း အန္တရာယ်များလှတဲ့ မြေပြင်အထိဆင်းပြီး အသက်နဲ့ရင်းကာ နိုင်ငံအနှံသတင်းယူနေကြတာ အံ့မခန်းပါ။သတင်းထောက် ၇၀ လောက် အဖမ်းခံနေရတာတောင် သတင်းသမားတွေဟာ နောက်မဆုတ်ကြပဲ မြေပြင်အခြေအနေမှန်တွေကို ပြည်တွင်း၊ပြည်ပအရောက် သတင်းတွေပေးပို့နေကြပါတယ်။ ဒါ့အပြင် CJ တွေရဲ့ သတင်းပေးပို့မှုတွေဟာလည်း အတော့်ကို အရေးပါတာကိုတွေ့ရပါတယ်။ အိုင်တီရဲ့ အစွမ်းနဲ့ ရဲရင့်တဲ့သတင်းထောက်တွေရဲ့ စွမ်းဆောင်ချက်တွေဟာ သတင်းအမှောင်ချဖို့ကြိုးစားနေတဲ့ စစ်ကောင်စီကို အခက်တွေ့စေခဲ့ပါတယ်။

အာဏာသိမ်းလိုက်တာနဲ့ တပြိုင်နက် နယ်ပယ်တိုင်းမှာ တည်ငြိမ်မှုတွေပျက်၊အထိုင်တွေပျက်လို့ အနာဂတ်တွေလည်း ပျောက်ခြင်းမလှ ပျောက်ခဲ့ကြရတယ်။အရှိန်ရစ ဒီမိုကရေစီကူးပြောင်းရေး ခရီးလမ်းဟာလည်း ကြမ်းတမ်းခဲ့ရပြန်ပါတယ်။ဟိုး... အစကနေ ပြန်လျှောက်ကြရပြန်ပြီလား။အာဏာသိမ်းခြင်းဟာ ကျောက်ခေတ်ဆီ ပြန်ခေါ်သွားတာလား။ ၆၂ က အိမ်မက်ဆိုးတွေဆီ တကျော့ပြန်ချင်တာလား။

ဒါဟာ ၆၂ ကာလ မဟုတ်တော့ဘူး။

ကမ္ဘာကြီးဟာ အများကြီးပြောင်းလဲခဲ့ပြီ။အထူးသဖြင့် အိုင်တီခေတ်ကြီးဆိုတာကို မအလ တို့ နားလည်ပုံ မပေါ်ဘူး။အာဏာဟာ သေနတ်ပြောင်းဝကထွက်တယ်ဆိုတဲ့ အစဥ်အလာကို ဆက်ခံလာသူတွေဆိုတော့ သေနတ်ရှိရင် အာဏာယူလို့ရတယ်လို့ ယူဆနေပုံရတယ်။

ဒီအယူအဆ မမှန်ဘူးဆိုတာ၊ဒါဟာ ၆၂ မဟုတ်တော့ဘူးဆိုတာ၊ ဒါဟာ ၈၈ အချိန်ကာလ မဟုတ်တော့ဘူးဆိုတာ … အာဏာသိမ်းပြီး တပတ်မကြာခင်မှာ မအလ တို့ နဖူးတွေ့ ဒူးတွေ့ ကြုံလို့ ဖြုံခဲ့ရပြီ။ မအလ တို့ ဂျန်ဇီ(Generation Z)တွေရဲ့ စိတ်ဓာတ်နဲ့ ခွန်အားကို မခန့်မှန်းနိုင်ခဲ့ဘူး။ CDM ရဲ့စွမ်းအားကို ထည့်မတွက်ခဲ့မိဘူး။ အာဏာသိမ်းပြီးစမှာ သေနတ်တစ်ချက် မဖောက်ရဘဲ၊ သွေးထွက်သံယို မရှိဘဲ နိုင်ငံတော် အာဏာရယူနိုင်ခဲ့တယ်ဆိုပြီး အပျော်ကြီးပျော်နေတဲ့ မအလ တွေဟာ သုံးလကျော်ကြာသည်ထိ အုပ်ချုပ်ရေးကို မတည်နိုင်သေးဘူး။တစ်နိုင်ငံလုံးထိန်းချုပ်ဖို့ မဆိုထားနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး တွေတောင် ပီပြင်အောင် မခန့်အပ်နိုင်သေးတာတွေ့နေရတာ ပကတိအနေအထားပါပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒီပွဲကို အနိုင်တိုက်ဖို့၊ အပြတ်ဖြတ်ဖို့ ပြည်သူက ပိုင်းဖြတ်ထားတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါဟာ အားရစရာ ကောင်းတဲ့လက္ခဏာတစ်ခုပါ။ ဒါဟာ တော်လှန်ရေးတစ်ဝက်အောင်မြင်ခြင်းပါပဲ။ ပြည်သူတွေဘက်က တာဝန်ကြေတယ်ဆိုတာထက်ကို ပိုပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ဝေးနေတယ်လို့ ထင်ရတဲ့ ဂျန်ဇီတွေရဲ့ ရပ်ခံမှု၊ တုန့်ပြန်မှုနဲ့ စွမ်းဆောင်မှုတွေကတော့ လက်ဖျားခါရပါတယ်။သူတို့ရဲ့ ကျောင်းစာသင်ခန်းတွေကိုစွန့်၊ တဦးချင်း ရည်ရွယ်ရာ ဘဝတွေကိုစွန့်ပြီး တိုင်းပြည်အနာဂတ်အတွက် ဖြစ်နိုင်သမျှနည်းလမ်းတွေကိုသုံးလို့ အာဏာရူးစစ်တပ်ခေါင်းဆောင်တွေကို တော်လှန်နေကြတာ မျက်ဝါးထင်ထင်ပါပဲ။

စိတ်မကောင်းစရာ၊ရင်နာစရာကတော့ ရက်စက်၊ယုတ်မာ၊အောက်တန်းကျလွန်း၊လူမဆန်လွန်းတဲ့ ဖက်ဆစ်အသွင်စစ်တပ်ရဲ့ ချေမှုန်းမှုပါပဲ။လမ်းမတွေပေါ်မှာ သွေးချောင်းစီးခဲ့တယ်။လမ်းတွေပေါ်မှာလည်း အန္တရာယ်ကအပြည့်၊အိမ်ထဲမှာလည်း မလုံခြုံ၊ဘယ်နေရာမှာမှ စိတ်ပိုင်း၊ရုပ်ပိုင်း လုံခြုံမှု မရှိတဲ့ အခြေဆိုက်ခဲ့တယ်။

ဒီအခြေအနေတွေက လွန်မြောက်ဖို့ Generation X,Y,Z တွေ လက်တွဲဆောင်ရွက်ကြဖို့လိုပါတယ်။CDM တွေ ဆက်လက်တောင့်ခံနိုင်ဖို့ လိုပါမယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဟန်ချက်ညီညီ စစ်ရေးလှုပ်ရှားနိုင်မှုဟာ အဓိက သော့ချက်ကျပါမယ်။တစ်နည်းအားဖြင့် နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍအရေးကြီးပါတယ်။။လိုအပ်နေတဲ့ နိုင်ငံရေးဦးဆောင်မှုကို CRPH ဒါမှမဟုတ် NUG က ပေးဖို့လိုပါမယ်။ဘယ်လိုဆန္ဒပြသင့်သလဲ၊CDM တွေ ဘယ်လိုတောင့်ခံရမလဲ၊ဘာဆက်လုပ်ရမလဲ၊တိုင်းရင်းသားလက်နက်ကိုင်တွေ ဘယ်လို ချိတ်ဆက်ပူးပေါင်းတိုက်ခိုက်ကြမလဲဆိုတာ မဟာဗျူဟာ တစ်ရပ်လိုအပ်ပါတယ်။CRPH ဒါမှမဟုတ် NUG အနေနဲ့ Strategy ကျကျ ဦးဆောင်မှုပေးကာ ပူးပေါင်းဆောင်ရွက်နိုင်ရင် အောင်ပွဲဟာ မဝေးပါဘူး။ပြည်သူတွေအားလုံးက ယုံကြည်စွာ မျှော်လင့်နေကြပါတယ်။

(စာရေးသူ ပြည်သွေးနိုင်သည် မြန်မာပြည်တွင်းရှိ ခေတ်ရနံမဂ္ဂဇင်း ထုတ်ဝေသူ အယ်ဒီတာတဦး ဖြစ်ပါသည်။ နွေဦးတော်လှန်ရေး အစ၊ အစောဆုံး ၅၀၅(က) ဖြင့် စစ်ကောင်စီက သူ့ကို မတရားစွဲဆိုထားသည်။)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar