Breaking News

အောင်ဒင် - အမှန်တရားဟာ နောက်ကျပေမဲ့ အမှန်တကယ်ရောက်ရှိလာတယ်



အောင်ဒင် - အမှန်တရားဟာ နောက်ကျပေမဲ့ အမှန်တကယ်ရောက်ရှိလာတယ်

(မိုးမခ) မေ ၃၊ ၂၀၂၁

၁၉၈၈ တုံးက
အကြမ်းဖက်စစ်သားတွေက လူသတ်တယ်၊
ပြီးရင် မိသားစုတွေဆီက ကျည်ဆံဖိုး ပြန်တောင်းတယ်၊
၂၀၂၁ မှာတော့
အသတ်ခံရသူရဲ့ မိသားစုက
အလောင်းပြန်ရဖို့ ငွေပေးရတယ်၊
အဖေကို မရရင် သားကို ဖမ်းတယ်၊
အမကို မရရင် ညီမကို ဖမ်းတယ်၊
ဖမ်းဆီးခံရသူတွေကိုလည်း ငွေပေးပြီး ရွေးယူရတယ်…။

၁၉၈၈ တုံးက
အကြမ်းဖက်စစ်သားတွေဟာ
မောင်းပြန်သေနတ်တွေအပြင်
ဝါးရင်းတုတ်တွေလည်း ကိုင်တွယ်ပြီး
ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ကြတယ်၊
၂၀၂၁ မှာတော့
ပုခုံးနှစ်ဘက်မှာ ရွှေပြားကြီးတွေကပ်ထားပြီး
ရင်ဘတ်တစ်ခုလုံး ရွှေတံဆိပ်တွေ ချိတ်ဆွဲထားတဲ့
ဗိုလ်ချုပ်ကြီးတွေရဲ့ အမိန့်အရ
ယူနီဖောင်းအပြည့်အစုံမဝတ်နိုင်တဲ့ စစ်သားတွေက
မောင်းပြန်သေနတ်တွေနဲ့ လူအုပ်ကြီးကို ပစ်တယ်၊
လေးခွတွေနဲ့ သံပုံးတီးတဲ့ အိမ်တွေကို ပစ်တယ်၊
လက်နက်ကြီးတွေနဲ့ ပြည်သူတွေရဲ့ ခံစစ်ကြောင်းကို ပစ်တယ်၊
အိမ်တွေထဲ အဓမ္မဝင်ရောက်ပြီး လုယက်ဖျက်ဆီးကြတယ်၊
ပြည်သူ့ဘဏ္ဍာငွေများနဲ့ ဖွဲ့စည်းတည်ဆောက်ခဲ့သော
ဖက်ဆစ် စစ်တပ်ကြီးရဲ့ စက်ဆုတ်ရွံရှာဖွယ် တိုးတက်ပြောင်းလဲခဲ့ပုံ….။

၁၉၈၈ တုံးက
ငါတို့မှာ အင်တာနက်မရှိခဲ့ဘူး ၊
ငါတို့မှာ မိုဘိုင်းဖုန်းတွေ မရှိခဲ့ဘူး ၊
ငါတို့မှာ သတင်းမီဒီယာတွေ မရှိခဲ့ဘူး ၊
ငါတို့မှာ ဖေ့စ်ဘုတ်တွေ မရှိခဲ့ဘူး ၊
ငါတွေမှာ အဝေးက မိတ်ဆွေတွေ မရှိခဲ့ဘူး၊
သံကန့်လန့်ကာကြီးရဲ့ နောက်ကွယ် အမှောင်ထုထဲက
ငါတို့ရဲ့ ငိုကြွေးသံတွေကို ကမ္ဘာကြီးက မကြားခဲ့ဘူး…။

၂၀၂၁ မှာ
အခြေခံ လူ့အခွင့်အရေးဆိုတာကို
လက်တွေ့ခံစားနားလည်နိုင်ကြတဲ့
ပြည်သူလူထုကြီး ရှိတယ်၊
သတင်းမှန်တွေကို ဖော်ထုတ်တင်ပြရဲတဲ့
လွတ်လပ်သော မီဒီယာတွေရှိတယ်၊
အမြင်ရှင်း၊ အတွေးရှင်း၊ အလုပ်လည်းရှင်းတဲ့
ဂျင်နရေးရှင်း ဇီတွေရှိတယ်၊
ဘဝနဲ့ ရင်းပြီး အာဏာဖီဆန်ရဲကြတဲ့
စီဒီအမ် (CDM) ဝန်ထမ်းတွေရှိတယ်၊
တစ်ရက်တာ၊ တစ်နေ့တာ အလှပြရုံလောက်မဟုတ်ပဲ
ပြည်သူတွေနဲ့ အမြဲလက်တွဲနေတဲ့
အနုပညာရှင်တွေရှိတယ်၊
ဟိုးအဝေးကို ထွက်မပြေးတဲ့
နိုင်ငံရေး ခေါင်းဆောင်တွေရှိ(သေး)တယ်…။

ဗမာတွေနဲ့ တိုင်းရင်းသားတွေအကြား
မြင့်မားတဲ့ နားလည်ယုံကြည်မှုတွေ ရှိလာတယ်၊
မတူညီတဲ့ ကိုးကွယ်မှုတွေအကြား
သွေးစည်းမှုတွေ ရှိလာတယ်၊
ဖက်ဆစ်အကြမ်းဖက်သမားတွေရဲ့ ညှင်းပန်းဖိနှိပ်အောက်မှာ
နာကျင်ခံစားကြရသူ၊ ဘဝတူချင်း
ပိုပြီး ရိုင်းပင်းလာကြတယ်၊
ပြည်တွင်းက အသံတွေကို ပြည်ပမှာ ထပ်ဆင့်ထုတ်လွှင့်ရုံတင်မက
ငွေအား၊ လူအား ပံ့ပိုးအားပေးကြတဲ့
အဝေးရောက် မြန်မာလူမျိုးတွေရှိလာတယ်
ငါတို့ အော်သံကို တကမ္ဘာလုံးက ကြားတယ်…။

အမှန်တရားဟာ နောက်ကျတတ်တယ်ဆိုပေမယ့်
၃၂ နှစ်ထက်တော့ မပိုနိုင်ပါ၊
၁၉၈၈ တုံးက မရခဲ့တဲ့ အောင်ပွဲ
၂၀၂၁ မှာ အပြီးသတ်ဆင်နွှဲနိုင်ရမှာပါ
တစ်ခုတော့ သတိပြုကြ
"ထိပ်သီးခေါင်းဆောင်ကြီး ၂ ယောက်
မျက်နှာချင်းဆိုင်ထိုင်ပြီး ညှိနှိုင်းဆွေးနွေးကြမယ်ဆိုရင်
အားလုံး ပြေလည်သွားမှာပါ"…ဆိုတဲ့
သွေးဆုံးနေတဲ့ ပလီပလာစကားတွေကို လက်မခံလိုက်ကြပါနဲ့
ငါတို့ တိုင်းပြည်ရဲ့ ကံကြမ္မာကို
အမေနဲ့ အဘက ဖန်တီးခွင့် မရှိဘူး
ပြည်သူအားလုံးကသာ၊ ပါဝင်ဆုံးဖြတ်ရမယ်…ဆိုတာ…။




(မေလ ၂၊ ၂၀၂၁)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar