Breaking News

လင်းလက်နွေဦး - သွေးနဲ့ကိုယ် သားနဲ့ကိုယ်

သွေးနဲ့ကိုယ် သားနဲ့ကိုယ်
လင်းလက်နွေဦး
(မိုးမခ) မေ ၃၊ ၂၀၂၁

ပြေးရင်းလွှားရင်း၊ ပုန်းရင်းရှောင်ရင်းပေါ့၊ မိုးညှင်းသမ္ဗုဒေဘုရား ဖူးမယ်ပေါ့။ ကိုဗစ်ကပ်ရောဂါကြောင့် တန်ခိုးကြီးဘုရားတွေ ဖူးမြှော်ခွင့် ပိတ်ထားတယ်မဟုတ်လား။ ခုတော့ မောင်မင်းကြီးသားတွေ လက်ချက်ကြောင့် ဖူးခွင့်ရပြီလို့ မှတ်ယူနေတာပါ။ ဇာတိက မန္တလေးတိုင်းက၊ ပြောမယ်ဆိုရင် ‘ထိုးမုန့်တွေ’ ပေါ့။ ဒါပေမယ့် အကြောင်းကြောင်းကြောင့်ပါပဲ၊ စစ်ကိုင်းတိုင်းထဲ ရောက်နေပါတယ်။ ဒါပေမယ့် ဟိုဒင်း၊ ဗွီပီအန်နဲ့ ဆိုရင်တော့ စင်ကာပူရောက်လိုက်၊ နယ်သာလန်ရောက်လိုက်ပေါ့လေ။ ငယ်ငယ်က ဗေဒင်ဆရာကြီး ဟောခဲ့တာ မှန်ပြီထင်ပါရဲ့၊ နိုင်ငံရပ်ခြား သွားကိန်းရှိသတဲ့။ ခုတော့ ဖုန်းတစ်ခါဖွင့် တစ်နိုင်ငံရောက်နဲ့ တစ်ခါတလေ ပြန်ကြည့်ရတယ်၊ ငါ ဘယ်နိုင်ငံသားလဲပေါ့။ သူငယ်ချင်းတစ်ယောက်က ဗေဒင်တွေ ကိန်းဂဏန်းတွေ အတော်ယုံတယ်။ ကျွန်တော်ကတော့ ယုံသလိုလို မယုံသလိုလို၊ စည်းရိုးခွထိုင်နေတာပေါ့။ ယုံတယ်လည်း ပြောလို့ ရသလို မယုံတာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ‘ယုံတစ်ဝက် မယုံတစ်ဝက် ယုံရခက်ကြီးပါ’ပေါ့လေ။ အဲဒီ သူငယ်ချင်းနဲ့အတူ ငယ်ငယ်က ဗေဒင်မေးဖူးတယ်။ နှစ်ယောက်စလုံး နိုင်ငံခြားရောက်မယ်လို့ ဟောထား တာပါ။ သူကတော့ နိုင်ငံခြားမှာ နှစ်အတန်ကြာပြီ၊ ကိုယ်က ဘယ်မှမရောက်ဆိုတော့ ဗေဒင်ဆရာကြီးကို ရန်ထောင်တာပေါ့။ သူက ပြောတယ်၊ ‘မင်းလည်း မူဆယ်ကနေ တရုတ်ပြည် ကျယ်ဂေါင်ထဲ ရောက်ဖူးတာပဲ’ တဲ့။ ဒီလိုမျိုး ရကြေးလား။ ကျိန်းကျေသွားပြီပေါ့။ ခုလည်း ဗွီပီအန် ကျော်ရင်း ခွရင်း ကျိန်းကျေပြီ ထင်ပါရဲ့။ (ကန်တော့ပါရဲ့) ငိုးမဘဝ။

ခုလည်း စစ်ကိုင်းလို့သာ ပြောရတာပါလေ၊ ဟိုရောက် ဒီရောက် (အောင်မယ်၊ ဆိုက်ဝါးတွေ ဘာတွေ သုံးတတ်နေပြီ) ဆိုတော့ ရောက်တုန်း ဘုရားလေး ဘာလေးဖူးပြီး၊ ကောင်းတဲ့သူတွေအတွက် အမျှဝေမယ်၊ မကောင်းတဲ့သူတွေအတွက် ကျိန်စာတိုက်မယ်လို့ စိတ်ကူးထားပါတယ်။ ဘုရားရောက်တော့ အမြဲတမ်း ဈေးဆိုင်တွေနဲ့ သင်္ဘောသီးထောင်းသည် တစ်သည်နှစ်သည်ပဲ တွေ့ပါတယ်။ ရောက်ရောက်ချင်း ‘ခိုစာ’ ရောင်းတဲ့ သူက ပြောင်းစေ့၊ ပြောင်းဆန် လေးငါးထုပ်နဲ့ အပြေးရောက်လာတယ်။ ‘ခိုစာ ကျွေးလို့ ရတယ်နော်၊ ခိုစာ ကျွေးလို့ရတယ်နော်’နဲ့။ ‘ဟဲ့၊ နေပါဦး၊ ဘုရားတောင် မဖူးရသေးဘူး’ ဟန့်လိုက်တော့ ‘ဘုရားက ပိတ်ထားတယ်၊ အပြင်ကနေပဲ ဖူးလို့ရတာ’တဲ့။ ဘုရားဖူးမယ်၊ ရသလို ဖူးမယ်ဆိုပြီး ခြင်္သ့ကြီးနှစ်ကောင်နဲ့ တံခါးကြီး ခိုင်ခိုင်ခံ့ခံ့နဲ့ ပိတ်ထားတဲ့ မုခ်ဦးကြီး ငေးမောပြီး မဟာရံတံတိုင်းကြီးကို ပတ်ကြည့်နေတုန်း၊ ခုန ‘ခိုစာသည်’ ကလည်း ထပ်ချပ်မခွာ လိုက်လာပြီး ပြောင်းဆန် လေးငါးစေ့ကို လမ်းပေါ် ပစ်ချလိုက်ပါတယ်။ ခိုတွေကလည်း အတော်လိမ္မာတာပဲ၊ ဝုန်းခနဲ ရောက်ချလာပါတယ်။ ‘မျောက်ပြ ဆန်တောင်း’မဟုတ်တဲ့ ‘ခိုပြ ပြောင်းရောင်း’ ပဲပေါ့။ ဒီနည်းနဲ့ သူ့ခမျာ လုပ်ကိုင်စားသောက်နေရဟန် တူပါတယ်။ လူဆိုတာမျိုးက သနားညှာတာတတ်တယ်၊ အားနာတတ်တယ် မဟုတ်လား။ အထူးသဖြင့် မြန်မာလူမျိုးတွေပေါ့။

ဒီလိုဆိုပြန်တော့ ဟို ကားနဲ့တိုက်သတ်တဲ့လူက မသနားတတ်ဘူးလို့ မဆိုလိုပါဘူး။ သူလည်း ဘယ်လိုမှ ရှောင်မရဖြစ်သွားဟန် တူပါတယ်။ ဆိုလိုတာက၊ ခိုစာရောင်းတဲ့သူက အစာနည်းနည်း ကျွေးပြီး ခိုတွေကို ခေါ်ပြတယ်၊ ခိုတွေက နားမလည်ပါးမလည်နဲ့ ပြိုဆင်းလာတယ်၊ ကားတစ်စီးကလည်း မောင်းဝင် လာတယ်၊ သရီးအင်ဝမ်းပေါ့လေ။ ဒီလို အခြေအနေတွေ ကြုံကြိုက်တဲ့အခါ ‘ခို’တစ်ကောင် ကားနင်း ခံရပါ တယ်။ ကျွန်တော်တို့ တစ်မိသားစုလုံး ‘ဟာ၊ ဟယ်… ဖြစ်မှဖြစ်ရလေ’ဆိုပြီး အာမေဍိတ်သံတွေ လွင်သွားတာ ပေါ့။ ဘုရားက ဘယ်နေမှန်းမသိသေးဘူး၊ အနိဋ္ဌာရုံကို အရင်ဖူးရသလိုပေါ့ဗျာ။ ယောက္ခမဖြစ်သူက ငါးထောင်တန်တစ်ရွက်ထုတ်ပေးပြီး ခိုစာနှစ်ထုပ်၊ တစ်ထောင်ဖိုး ယူလိုက်တယ်။ ‘နေပါဦးဗျ၊ ကားလမ်း ကျော်ပြီး ဘုရားမုခ်ဦးကျမှ ကျွေးကြပါ’လို့ လောဆော်ရတယ်။ ဘာလို့ ဝယ်လိုက်တာလဲ ဆိုတော့၊ ‘သူက အထုပ်ထဲက ယူကျွေးလိုက်ပြီလေ’တဲ့။ သူ့အထုပ် သူ့ဘာသာ ယူကျွေးတာ ဘာဖြစ်လဲ မဟုတ်လား။ အဲလို အားနာတတ်တာပါဆို။ ကျွန်တော်တို့ အားလုံး မျက်စိမျက်နှာ ပျက်နေပေမယ့်၊ ခိုစာသည်ကြီးက အေးဆေးပဲဗျ။ ကြိုတင်စဉ်းစားသုံးသပ်ပြီးတာလည်း ဖြစ်နိုင်တယ်၊ ဖြစ်နေကျမို့ မထူးတာလည်း ဖြစ်နိုင်တယ် ပေါ့နော်။

တန်၊ မတန်တော့ မသိပါဘူး။ ခိုတစ်ကောင် သေပေးရတော့၊ ကျန်တဲ့ကောင်တွေ ငွေတစ်ထောင်ဖိုး စားရတယ်။ ခိုတွေရော၊ ခိုစာရောင်းသူရော၊ ကျွန်တော်တို့ အော်သံကြားလို့ ခေါင်းထောင်ကြည့်တဲ့ သူတွေရော၊ ကျွန်တော်တို့ မိသားစုဝင်ထဲက တချို့တလေရော၊ သေသွားတဲ့ ခိုလေးတစ်ကောင်ကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားမှာပါ။ ခိုတွေကတော့ တိရစ္ဆာန်လေးတွေမို့ ခံစားတတ်ချင်မှာ ခံစားတတ်မှာပါ။ ခိုစာရောင်းတဲ့သူကို ကြည့်ရတာက ခုလက်ငင်းအချိန်မှာကို မမှုတဲ့ပုံစံပါပဲ။ ခေါင်းထောင်ကြည့်တဲ့သူတွေကရော၊ ပြောစရာ စကားတစ်ကွက်စာလောက်တော့ ဖြစ်ပေလိမ့်မယ်။ တရားသံဝေဂရသူတွေ ပါကောင်းပါနိုင်တယ်။ နောက်၊ အဲဒီကားလမ်းပေါ် ခိုစာမကျွေးအောင် စည်းဘောင်ကလနားတွေ ပြောဆိုထုတ်ပြန်တာမျိုး ရှိနိုင်တယ်ပေါ့။ ကျွန်တော်တို့ထဲကရော၊ ဘယ်အဆင့်ထိ ရောက်နိုင်မလဲ၊ စဉ်းစားကြည့်တယ်။ အိမ်ပြန်ရောက်တာတောင် တစ်ခွန်းမဟကြဘူး။ ဘာဖြစ်လို့လဲ၊ တစ်ခဏအတွင်းပဲ မေ့ပျောက်သွားပြီလား။ ကိုယ်နဲ့မဆိုင်၊ ကိုယ်ကတရားခံမဟုတ်ဆိုတဲ့အချိုးများလား။ မြန်မာဆိုတာ သွေးအေးလွယ်တဲ့ ကောက်ရိုးမီးတွေလား။ ကျွန်တော် ဉာဏ်လေးတစ်ထွာတစ်မိုက်နဲ့ စဉ်း စားခန်း ဝင်မိပါတယ်။

နောက်တစ်ခုပေါ့လေ၊ ‘ခို’တွေ ကိုယ်၌က ဒီအဖြစ်အပျက်ကို သင်ခန်းစာယူပြီး လက်ဆင့်ကမ်းအမွေ အဖြစ်နဲ့ ထားရစ်နိုင်မလားပေါ့။ ခိုတစ်ကောင် လမ်းပေါ်မှာ ကားတိုက်ခံရပြီး သေဆုံးသွားတော့၊ ခိုတွေဟာ ဘုရား၊ ပြဿာဒ်ပေါ် ပြန်သွားပြီး အစည်းအဝေးတွေဘာတွေ ထိုင်မယ်ပေါ့။ ထက်မြက်တဲ့ မျိုးဆက်(ဇီ)တွေက အိတ်ခ်တွေ ဝိုင်တွေနဲ့အတူ ဆွေးနွေးမယ်ပေါ့။ အတွေ့အကြုံတွေ များလှတဲ့ ခိုအဖိုးအဖွားတွေက လက်တွေ့ တွေ့ကြုံခံစားခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ သမိုင်းတွေကို ဖောက်သည်ချမှာပေါ့။ ‘အရင်တုန်းကလည်း ဒီလို ခိုလေးတွေ သေခဲ့ဖူးပြီ’၊ ဘာကံတဲ့ ဥပစ္စေဒကကံဆိုလား၊ အချိန်မတန်ခင် လွင့်ကြွေတာမျိုးပေါ့။ စကားပုံ အတိုင်း ပြောရရင် ‘အမှည့်တဝင်းဝင်း အကင်း တဖုတ်ဖုတ်’ဆိုမယ် ထင်တယ်။ ထားပါတော့၊ ‘အဲလို သေခဲ့ကြ ပေမယ့် ငါတို့ ဘာမှ မလုပ်ခဲ့နိုင်ဘူး၊ ခုတော့ ဉာဏ်အလင်းနဲ့ အမှောင်ခွင်းနိုင်ဖို့ ကြိုးစားရတော့မယ်’တို့ ဘာတို့ပေါ့လေ။ မျိုးဆက်ဝိုင်တွေကလည်း ‘ငါတို့ အကြောက်တရားနဲ့ မှောက်မှားခဲ့တာတွေ ရှိတယ်၊ ခုတော့ ငါတို့ ရုန်းထွက်သင့်ပြီ’။ အုပ်ထားခံရတဲ့ ခြင်းကြားထဲကနေ တွန်းလှန်ပြီး ထွက်မယ်။ ကောင်းကင်ပိုက်မိနေတဲ့ ငှက်တွေ၊ အတူ တူ ထပျံပြီး ပိုက်ထဲက ရုန်းထွက်နိုင်သလိုပေါ့။ ဖိနှိမ်ခြင်း ဥခွံအမာထဲကနေ ချွန်ထက်တဲ့ နှုတ်သီးနဲ့ မနားတမ်း ထိုးဆိတ်ပြီး ဖောက်ထွက်မယ်ပေါ့။

အဲတော့၊ ခြင်းကြားအအုပ်မခံခဲ့ဖူးတဲ့၊ အကောင်လိုက်ပေါက်လာတဲ့ ခိုပေါက်လေးတွေကလည်း ခြင်းကြားထဲက ထိုးထွက်လာတဲ့ ခိုတွေကို ‘ငကြောက်ကြီးတွေ’လို့ မသတ်မှတ်သင့်ပါဘူး။ ထက်မြက် ဖျတ်လတ်တဲ့ ခိုလေးတွေက အစစအရာရာ နားလည်အသုံးချသင့်တယ်ပေါ့။ တကယ်တော့ ခိုပေါက်လေးတွေ ကလည်း သာသောနာသော အောက်မေ့နေမှာ မဟုတ်ပါဘူး။ သူတို့အလုပ် သူတို့ လုပ်နေကြတာပါပဲ။ အဲလေ၊ ရောကုန်ပါပြီ။ ခိုတွေများ အစည်းအဝေးလုပ်နေကြလားလို့ ဘုရားတောင် မဖူးနိုင်ဘူး၊ လေ့လာကြည့်မိပါ တယ်။ ကျွန်တော်တို့လို ယောင်ဝါးဝါး ဘုရားဖူးကားတစ်စင်း ရောက်လာပါတယ်။ ခုနက၊ ခိုစာသည်ကြီးက မျက်နှာသေလေးနဲ့ ရောက်လာပြန်တယ်။ ‘ခိုစာကျွေးနိုင်ပါတယ်၊ ခိုစာ ကျွေးကြပါအုံး’လို့ အသံလေးစာစာ စာစာနဲ့ပေါ့။ ပြောင်းဆန်လေး နည်းနည်းပါးပါး ရင်းလိုက်ပါတယ်။ ခိုတွေက ဝုန်းကနဲ ပြိုကျလာပြန်တယ်။ ကားပေါ်က ဘုရားဖူးထဲက ကလေးတွေကလည်း ‘ခိုကျွေးမယ် ခိုကျွေးမယ်’နဲ့ပေါ့လေ။ ကျွန်တော့်မိသားစု ကတော့ မုခ်ဦးကနေ ဝါးလေးငါးရိုက်အကွာလောက်ကနေ ဘုရားဖူးနေပြီ။ အပြင်ကနေ ဖူးရတဲ့ ရှုထောင့်မျိုး ပေါ့။ ကျွန်တော့်မှာသာ ဘုရားမဖူးနိုင်သေးပဲ ငေးကြည့်နေမိတယ်။ ခိုတွေ အစည်းအဝေးလေးတောင် မလုပ် တတ်ကြပါလားပေါ့။

သမီးကပြောဖူးတယ်၊ တီဗွီဇာတ်လမ်းတွေကြည့်ရင်း ‘ဝမ်းနည်းစရာတွေ့ရင် မျက်ရည်တွေ ကျမိလို့ ရှက်ရတယ်’တဲ့။ အသည်းငယ်တာတော့ ဖအေတူတာပါပဲ။ ကျွန်တော်တော့ လူမှန်းသိတတ်စအရွယ်ကတည်း က အခုလို အိုကြီးအိုမအရွယ်ထိပါပဲ၊ မျက်ရည်လွယ်တယ်။ ငယ်ငယ်က အမေပြောတဲ့ ပုံပြင်ထဲမှာ ‘ရေနွေးပူ အလောင်းခံရတဲ့ မထွေးလေး’အကြောင်း ပါလာရင် ကြိတ်ငိုရတယ်။ မထွေးလေး၊ စိတ်သဘောအတော် ကောင်းရှာတယ်နော်၊ ရက်ကန်းခပ် ကျွမ်းကျင်၊ လိမ္မာရေးခြားရှိတဲ့အပြင် ရုပ်ရည်လေးသနားကမားနဲ့ ဆိုတော့ မိထွေးရဲ့ သမီးက မနာလို၊ နှိပ်စက်တာပေါ့။ ရုပ်ဆိုးတဲ့အပြင် စိတ်ဓာတ်အောက်တန်းကျတဲ့ သမီး အလိုကျ မိထွေးကလည်း မိထွေးဂုဏ်ပြတော့တာပဲ။ ဆံပင်အရှည်ကြီးကို ညှပ်လား ညှပ်ရဲ့။ ချည်စာတွေက ဖြတ်လား ဖြတ်ရဲ့။ ရက်သမျှချည်ထည်တွေက သူ့သမီးအရင်းက ရက်ထားတာတဲ့။ နှစ်ယောက်သား အပြိုင် ရက်ကန်းခပ်ရတော့မယ်ဆိုတော့ ‘မထွေးလေး’အပေါ် အကောက်ကြံတယ်နော်။ ချည်တစ်ခင်ကို ကြမ်းပေါက် က ဖြဲချ၊ မထွေးလေးကို ကောက်ခိုင်း၊ အပေါ်ကနေ ကျိုက်ကျိုက်ဆူနေတဲ့ ရေနွေးပူတွေနဲ့ လောင်းချပြီး သတ်လိုက်တယ်။ ငှက်ကလေး ဖြစ်သွားတယ်။ စိတ်သဘောထားကောင်းတော့၊ ငှက်ကလေး ဖြစ်နေတာ တောင် ရက်ကန်းဘယ် လိုရက်၊ ချည် ဘယ်လိုငင်နဲ့ သင်ပေးနေသေးတယ်တဲ့လေ။ မျက်ရည်တွေ ကျခဲ့ရတယ်။

သမီးလေးက ကျောင်းပိတ်လာတော့၊ တစ်နေ့စာတစ်နာရီ ဖတ်ခိုင်းပါတယ်။ အစကတော့ ပုံပြင်၊ ကာတွန်းတွေပေါ့။ ခုတော့ ဝတ္ထုတွေ ဆောင်းပါးတွေတောင် ဖတ်နေပါပြီ။ တချို့စာတွေက ဆယ်ကျော်သက် အရွယ်မဖတ်သင့်တာမို့ ဖွတ်ထားဝှက်ထားရတယ်။ ဝတ္ထုတွေဖတ်ရင်း တရှုံ့ရှုံ့ငိုနေတာကို တွေ့ရတတ်ပါတယ်၊ မမြင်ချင်ယောင်ဆောင်ထားပေးတယ်။ လွတ်လွတ်လပ်လပ် ခံစားပါစေ။ ရယ်ပါစေ၊ ငိုပါစေ၊ စိတ်ဆိုး ဒေါသထွက်ပါစေပေါ့။ ဟဲ့၊ အသံထွက်ပြီးရယ်မနေနဲ့ လူရှက်စရာကြီးလို့မတားဖူးပါဘူး။ ဇာတ်လမ်းတွေဖတ်ပြီး ကြည့်ပြီး ဒေါသတွေ ထွက်နေရင် အကုသိုလ်ပေါ့ဟဲ့လို့ မပြောမိပါဘူး။ ငရဲမကြီးဘူး မဟုတ်လား။ မဟုတ်ရင် လူသားစက်ရုပ် ဖြစ်သွာနိုင်တဲ့ရန် ရှိပါတယ်။ တစ်ခါကပေါ့၊ စာရေးဆရာကြီးတစ်ယောက်က ပြောဖူးတယ်။ ဆရာကြီးကို လက် နက်ကိုင်တစ်ဖွဲ့က ဖိတ်ပြီး စာပေဟောပြောပွဲ ကျင်းပပါတယ်။ အထက်အမိန့်အရ စာနဲ့ပေနဲ့ ရင်းနှီးစေလိုတာလား၊ သူများတွေ ယောင်လို ယောင်တာလား မသိပါဘူး၊ လူလိုသူလို စာပေဟောပြောပွဲတွေ ဘာတွေလုပ်လို့ပေါ့လေ။ ဆရာကြီးက စင်ပေါ်ရောက်တာနဲ့ အရင်ဆုံး ပရိသတ်ကို လှုပ်နှိုးတဲ့အနေနဲ့ ဟာသတွေ ပြောတာပေါ့။ တစ်ပုဒ်ပြောကြည့်တယ်၊ တစ်ယောက်မှ မရယ်ကြဘူး။ တစ်ချက်ရှိုးကြည့်လိုက်တော့ လူတွေက ကြမ်းပြင်ပေါ်မှာ တင်ပလ္လင်ခွေထိုင်၊ ခါးမတ်မတ် ကိုယ်မတ်မတ်နဲ့ လက်တွေက ဆန့်တန်းပြီး လက်သီးဆုပ်က ဒူးပေါ်တင်ထားတယ်။ ရှေ့နဲ့နောက် အတန်းကို ညီလို့။ မျက်နှာ ကလည်း ခပ်တည်တည်ကြီးတွေပေါ့။

ဆရာကြီးက လက်သုံးတော် ဟာသတစ်ပုဒ်ကို ချပြလိုက်တယ်၊ ရယ်သံထွက်မလာဘူး။ နောက်ထပ် နာမည်ကျော် ဟာသတစ်ပုဒ် ထုတ်လိုက်ပြန်တယ်။ အပ်ကျသံအောင် ကြားရတယ်။ တိတ်လို့ ဆိတ်လို့။ ဆရာကြီး ဇောချွေးပြန်ပြီး အကြပ်အတည်းကျနေတာကို မကြည့်ရက်ဘူး ထင်ပါရဲ့၊ ခေါင်းဆောင်ကြီးက ထ အမိန့်ပေးတယ်။ ‘ရဲဘော်တို့ ရယ်စရာရှိရင် ရယ်ပါ၊ ဒါ အမိန့်ပဲ’တဲ့။ အဲတော့မှ၊ ရယ်စရာ နည်းနည်းပြောတာနဲ့ ‘တသော သော’ထရယ်တော့တာပဲ။ ဒါတောင် သူတို့ခေါင်းဆောင်ကြီး မျက်နှာထားပြောင်းသွားတာနဲ့ တိခနဲ ရပ်သွားသတဲ့။ ဖြစ်ရပုံ။

ဒီတော့ သမီးလေးကို ပြောရတယ်၊ ‘လူပဲ ရယ်စရာရှိရင် ရယ်ရမှာပေါ့၊ ငိုစရာရှိရင် ငိုရမှာပေါ့၊ မရယ် တတ် မငိုတတ်ရင်သာ ရှက်စရာပဲ’လို့၊ အားပေးမိတယ်။ ဟုတ်တယ်လေ၊ ဉာဏ်ရည်နိမ့်ကျတဲ့ လူနာတွေဆိုရင် ငိုရမှန်းမသိ၊ ရယ်ရမှန်းမသိ။ သူများတကာက ဇာတ်ကြည့်ရင် တဝါးဝါး တဟားဟား ရယ်နေကြတယ်၊ သူ့ခမျာ ဟိုကြည့်ဒီကြည့် ကြောင်တောင်တောင်ဖြစ်ကျန်ရစ်တယ် မဟုတ်လား။ နားလေးတဲ့အဖွားကြီးက ဇာတ်မကြည့်ခင် ‘ရီစရာဆို ငါ့ကိုလက်တို့’မှာထားရသလို ဖြစ်နေပါပြီ။ ဆေးလိပ်မီးခတ်တောင်းချင်လို့ လက်တို့တာကို ထရယ်တော့၊ သူများတွေက အထူးအဆန်းဆိုပြီး ဝိုင်းကြည့်ခံရတယ်။ ဟုတ်တယ်လေ၊ ဇာတ်ထုပ်က ‘မင်းသမီးလေး’က အနှိပ်အစက်ခံနေရခန်းကိုး။

ကျွန်တော့်ဖြင့် ခုတလော မဇ္ဈိမတို့ ဒီဗွီဘီတို့ မကြည့်ရဲဘူး ဖြစ်နေတယ်။ ဖွင့်ကြည့်လိုက် ပိတ်ချလိုက် ပေါ့လေ။ ‘သတင်းထူးမလား၊ မျက်စိဖူးရောင်၊ နီရဲအောင် ကြည့်’ ဆိုသလို ဖုန်းလေးကြည့်လိုက်၊ သတင်းလေး ကြည့်လိုက်ပေါ့။ ငြိမ်းချမ်းစွာ စုဝေးရောက်ရှိနေသူတွေကို အကြမ်းဖက်နှိမ်နင်းခံရတော့ ကြေကွဲနာကျင်မိ တယ်။ ဒဏ်ရာရ ကျဆုံးသူတွေကို တွေ့ရတော့ မျက်ရည်ကျမိတယ်။ တီဗွီကြည့်နေရင် ရေအိမ်ထဲ ဝင်ပြေးရ တာ၊ အိမ်ပေါ်ထပ် တက်ပြေးရတာမျိုးပေါ့။ အတူကြည့်နေတဲ့သူတွေက စိတ်နုရန်ကောလို့ ပြောခံရမှာလည်း စိုးထိတ်ပါရဲ့။ နောက်တော့ ဘေးဘီဝေ့ဝိုက်ကြည့်မိတော့၊ အလို၊ သူတို့လည်း မျက်စိမျက်နှာပျက်လို့၊ မျက်ရည်ဝိုင်းလို့။

 အော်၊ တော်ပါသေးရဲ့ လူ့အသိုင်းအဝိုင်းမှာ ရောက်နေသေးလို့။

လင်းလက်နွေဦး
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar