Breaking News

မိုးမခ- မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - အောင်ဝေး၊ စံညိမ်းဦး


ART- THAN HTAY MAUNG
မြန်မာ့နွေဦးတော်လှန်ရေးကဗျာမျာ
မိုးမခ
မေ ၈၊ ၂၀၂၁



တောင် ရဲ့ သီချင်း
အောင်ဝေး


မြန်မာပြည်မြောက်ဖျား
စစ်ရှောင်စခန်းက
မူလတန်းကျောင်းသူလေး
ဂျာဆိုင်းအိန်ကို ချစ်သလို။

တိဗွီဇာတ်လမ်းတွဲထဲက
မင်းသမီးလေး
ဂျာဆိုင်းအိန်ကိုလည်း ချစ်တာပဲ။

"အချစ်ဖြင့်လွမ်းစေ" ရုပ်ရှင်ထဲက
ကချင်ခရစ်ယန်မယ်သီလရင်လေးကို
ချစ်သလို။
သေနတ်တွေရှေ့မှောက်
မကြောက်မရွံ့
အသက်စွန့်ပြီး
(ဆန္ဒပြသူတွေကို မပစ်ဖို့)
ဒူးထောက်တောင်းပန်နေတဲ့
ကချင်ခရစ်ယန်မယ်သီလရင်လေးကိုလည်း
ချစ်တာပဲ။

လဖိုင်ဆိုင်းရော် ကစ
ကေဂျာနူး ကစ
တို့ ချစ်ခဲ့ကြတာပဲ
ရိန်ချိန်(ခင်လေးနွယ်) အထိ။

ရှင်ဗွေဂန်း ကစ
မြီတုံးနော် ကစ
တို့ ချစ်ခဲ့ကြတာပဲ
အောင်လအင်ဆန်း အထိ။

ဟော- ကြားလား
ဟူးကောင်းတောင်ကြား
လီဒိုလမ်းမှာ
လွမ်းဖူးတဲ့သီချင်း။

နှလုံးသားနံရံကို
ပဲ့တင်ရိုက်
အင်ခိုင်ဘွမ်တောင်ကြီးကို တိုက်ပြီး
ရင်ထဲ လာစိုက်တယ်။
ကောင်းလိုက်တဲ့သီချင်း။

ပြည်သူ့ထံ ခိုလှုံလာတဲ့
တပ်မ(၃၃)က စစ်သားလေးတွေကို
ကေအိုင်အေရဲဘော်လေးတွေက
သူတို့ဘဝရဲ့
အကောင်းဆုံးခေါင်ရည်ခွက်တွေ ကမ်းပြီး
အခမ်းနားဆုံး ကြိုဆိုခဲ့ကြသတဲ့။

ဒီ သီချင်းလေး
စံပယ်ဖြူနု ကြားရင် ဝမ်းသာမယ်။    ။

(ဧပြီ ၂၂၊ ၂၀၂၁)
.....

ဒဏ်ကြေလိမ်းဆေး
စံ ညိမ်း ဦး 


ဓားဟာ
အသွားကုန်သွားပြီလား။

ဘာအရသာကိုမှ မသိတော့တဲ့ 
လျှာတချောင်းလို စိတ်နဲ့
ငါ မသိလိုတော့တဲ့ ပဆစ်အိမ်
ငါမငြိလိုတော့တဲ့ ဝင်္ကန္တ။

အဖျင်းနှစ်တွေကို
ဇွတ်အတင်း ရေမွှေးဆွတ်လာခဲ့ရ။

အသားတုံးကြီး
အသားတုံးကြီး
အချည်းနှီး ကြီးထွားလာတာက လွဲပီး
မငြိမ်းသောမီး။

အဝေးကြည့်မှန်ပြောင်းထဲကနေ
ပင့်ကူတွေထွက်ကျလို့။

ဘယ်လိုသွားတိုက်ဆေးနဲ့မှ
မဖြူတော့တဲ့ သွားတွေနဲ့
ငါ့မှာ။

ဘယ်လို လေစီးကြောင်းနဲ့မှ
ကမ်းမဆိုက် သောင်တိုက် ရွက်လှေတွေနဲ့
ငါ့မှာ။

တိုင်းပြည်က ရီစရာ
မတရားမှုတွေက အော်ဂလီဆန်စရာ
လူစုတ်တွေက မသတီစရာ။

မျက်ရည်ကို
မိတ္တူကူးပြီးဝေနေတဲ့ လောကီမှာမှ
ဆုံကြရခြင်း။

ပြီးတော့လည်း
ဒီလိုပဲ ကွယ်ပျောက်သွားရမှာလား။

တောင့်ထား
တောင့်ထား
ဒို့ခေတ်ကိုလည်းရောက်ရမည်မှာမလွဲပါနဲ့
တောင့်ထား။

မေ ၄၊ ၂၀၂၁
.....

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar