မဟာဆွေ - ကျွန်စိတ်ကိုဖျောက်ကြလော့ (ပြန်လည်ဖော်ပြခြင်း)
ကျွန်စိတ်ကိုဖျောက်ကြလော့
မဟာဆွေ
"ဆရာကြီးမဟာဆွေ"
ဆရာကြီးမဟာဆွေသည် အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေးတို့အတွက် လှုံဆော်သည့်စာပေများနှင့် ဇာတိသွေးဇာတိမာန်စာပေတို့ကို အမြောက်အမြားရေးသားဖွဲ့ဆိုခဲ့ရာ စစ်ပြင်ခေတ်(စစ်ကြိုခေတ်) စစ်ပြီးခေတ်တို့မှာပင် မျိုးချစ်စာဆိုတော်ကြီးတဦးအဖြစ် မြန်မာစာပေလောကတွင် ထင်ရှားသည်။ ၁၉၀၀-ပြည့်နှစ်သြဂုတ်လ (၂) ရက်နေ့တွင် စစ်ကိုင်းမြို့၌မွေးဖွားခဲ့ပြီး မင်းမျိုးမင်းနွယ်မှဆင်း သက်လာခဲ့သဖြင့် “မဟာဆွေ” ဟူသောကလောင်အမည်ကို ခံယူခဲ့ကြောင်းသိရသည်။ ဆရာကြီးမဟာဆွေသည်စာရေးအနေဖြင့် အသက်မွေးဝမ်းကျောင်းပြုခဲ့သော်လည်း သူရိယ သတင်းစာ၊ ရဲသတင်းစာတို့တွင်လည်း အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။
ဆရာကြီးရေးဖွဲ့ခဲ့သောဝတ္ထုများတွင်အမျိုးသားလွတ်မြောက်ရေးလှုံဆော်ချက်များ၊ ရာဇဝင်နောက်ခံများ ပါဝင်သည့် “သူပုန်ကြီး”၊ “စျေးချိုသူ”၊ “မယ်တို့ပြည်”၊ “မောင်တို့ပြည်” ၊ “ ဒို့မေမေ”၊ “ စစ်ထွက်သူ ” စသည့် ဝတ္ထုတို့မှာ ထင်ရှားသည်။
ဆရာကြီးသည် ၁၉၅၃- ခု သြဂုတ်လ (၅)ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ ခေတ်စံပယ်ဖြူမဂ္ဂဇင်း၏ နာယက စာရေးဆရာမကြီး (ဒေါ်)ခင်ဆွေဦး(ကွယ်လွန်)မှာ ဆရာကြီး၏သမီးဖြစ်သည်။
မိုးမခအနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း(၇၀) ခန့်က ကြီးပွားရေးမဂ္ဂဇင်းတွင် နေသူရိန်ကလောင်အမည်ဖြင့်ရေးသားခဲ့သည့် “ကျွန်စိတ်ကိုဖျောက်ကြလော့” ဟူသောဆောင်းပါးကို ပြန်လည် ဖော်ပြအပ်ပါသည်။
ကျွန်စိတ်ကိုဖျောက်ကြလော့
(ကြီးပွားရေးမဂ္ဂဇင်း၊ အတွဲ-၄၊ အမှတ်-၆၊ မတ်လ၊ ၁၉၃၆ )
“မိတ်ဆွေ…မြန်မာနိုင်ငံကြီးလွတ်လပ်ကောင်းစားချင်သလား”ဟုမေးလျှင် “ဟုတ်ပါတယ် ” ဟုဖြေဆိုပေလိမ့် မည်။ သို့ဖြစ်လျှင် ““ ကျွန်စိတ်ကိုဖျောက်၊ ကျွန်နံ့ကိုခဝါချ၊ ကျွန်ဘဝကိုအသေသတ်လိုက် ”” ဟု တိုက်တွန်း လို ၏။ ထိုသို့ဆိုရာ၌ “ကျွန်စိတ်” ဟူသောအဓိပ္ပာယ်ကို အနည်းငယ်ရှင်းလို၏။ ကျွန်စိတ်ဆိုသည်မှာ အစိုးရလခ စား၊ သူဌေးသူကြွယ်တို့၏လခစားလုပ်ကိုင်နေသူများကို ဆိုလိုသည်မဟုတ်။ ဘာမဆိုသူများ အောက်ကျနောက် ကျခံပြီးလျှင် မှားမှားမှန်မှန်အမြီးကုတ်ကာ နားရွက်မလှုပ်ဝံ့ဘဲ ခေါင်းငုံ့ခံသော စိတ်မျိုးကို ဆိုလို၏။
ရှေးအခါကငွေဝယ်ကျွန်များမှာ သခင်ခိုင်းစေရာလုပ်ရ၏။ သခင်ထားရာက နေရ၏။ မှားမှားမှန်မှန် ဘာမျှ မပြောဝံ့။ ပြောလျှင်နားရင်းတီးခံရမည်။ ပါးအချခံရမည်။ ခြေနှင့်အကန်ခံရမည်မလွဲတည်း။ ဤကဲ့သို့ မှားမှားမှန် မှန် ဘာမျှမပြောဝ့ံ မဆိုဝံ့ မလုပ်ဝံ့၊ ဆိုင်ရာသခင်ကြီးများအလိုအတိုင်း လုပ်ကိုင်နေထိုင်သောလူမျိုးကိုသာ လျှင် “ကျွန်စိတ်ရှိသောလူမျိုး” ဟု ကျွန်ုပ်တို့ယူဆရေးသားခြင်းဖြစ်ပါ၏။
ဤကဲ့သို့ကျွန်စိတ်အစွဲနာခြင်းသည် လောက၌အဆိုးရွားဆုံးဖြစ်၍ မိမိ၏ပင်ကိုယ်စိတ်သည် အထွတ် အထိပ်သို့ရောက်နိုင်ပါလျက် လွတ်မြောက်အောင်မကြံ၊ သခင်ကြီးလက်အောက်ခံတန်ခိုးကြီးသော ကျွန်အကြီး စားမျိုးနှင့်သာ နေလိုကြ၏။ ရှေးအခါက မေဏ္ဍကသူဌေးအလောင်းသည် သူကြွယ်မျိုး၌ဖြစ်ရာ ငတ်မွတ်ခေါင်း ပါး ကြစဉ် အစားအသောက်အလွန်ချွေတာသုံးစွဲနေရာက ပစ္စေကဗုဒ္ဓါအား ဆွမ်းကပ်လှူ၏။ ဆုအမျိုးမျိုးတောင်း၏။ ထိုသူကြွယ်၏အိမ်၌ကျွန်တယောက်သည်လည်း ကုသိုလ်ပြုရာ၌ပါဝင်သူတဦးဖြစ်သဖြင့် အကယ် ၍ “ ဘုရား တပည့်တော်သည် ဤကုသိုလ်ကောင်းမှုကြောင့် ဘဝဆက်တိုင်း သူ့ကျွန်မဖြစ်ရဘဲ လွတ်လပ်ချမ်း သာ ကြွယ်ဝ သောသူတဦးဖြစ်ရပါစေသား ” ဟုတောင်းလျှင် ရမည်သာတည်း။ သို့ရာတွင် ကျွန်စိတ်အစွဲနာသောကျွန်မှာ “ ဘုရားတပည့်တော်သည် ဤကောင်းမှုကြောင့် ဖြစ်လေရာဘဝမှာ ဤသခင်၏အိမ်၌ကျွန်အကြီးစားဖြစ်၍ လယ် ထွန်သောအခါ ထွန်သွားများတစ်ကြောင်းထွန်လျှင် အကြောင်းများစွာကွဲ၍ ခဏချင်းပြီးနိုင်သူဖြစ်ရပါ၏ ” ဟု ဆု တောင်း၏။ ဤကဲ့သို့ကျွန်မျိုးကိုကြားသိရသူတို့မှာ ရယ်ချင်ကြပေလိမ့်မည်။ သို့ရာတွင် ထိုရယ်ကြသူများအနက် ကျွန်စိတ်၊ ကျွန်နံ့နံသူများ ဘယ်နှစ်ဦးပါလေမည်ကို စဉ်းစားကြစေချင်၏။ ကျွန်ုပ်တို့သည်ကျွန်စိတ်မပျောက်သ၍ လွတ်လပ်ခွင့်ဘယ်အခါမျှမရ။ နိုင်ငံဘယ်အခါမျှမကောင်းစားနိုင်ဟု တထစ်ချယုံကြည်ရမည်။ ကျွန်ုပ်စိတ်ကို အမြဲဖျောက်ဖျက်ရမည်။
တဖန်အစိုးရလခစားများကို ကျွန်စိတ်အဘယ်နည်းနှင့် ဖျောက်ဖျက်မည်နည်းဟု သိလိုကြပေလိမ့်မည်။ ကျွန်ုပ်အယူအဆအားဖြင့် တစုံတရာအခကြေးငွေကိုယူ၍ မိမိတတ်ကျွမ်းသောပညာဖြင့်စာရေး၊ စာချီ၊ မြို့အုပ်၊ ဝန် ထောက်လုပ်ရုံမျှလုပ်ကိုင်နေသူတို့ကို ကျွန်ဟုမဆိုချင်သေး။ မည်သူမဆို မိမိတတ်ကျွမ်းသောပညာဖြင့် မိမိ ဆိုင်ရာအလုပ်ကိုလုပ်ရစမြဲပင်။ အချိန်ကန့်သတ်ခြင်း၊ တာဝန်ရှိခြင်းတို့ကြောင့် ကျွန်ဟုဆိုခြင်းကိုလည်း သဘောမတူချေ။ သို့ရာတွင် မိမိ၌သိနားလည်သောစည်းကမ်းနည်းလမ်းမှလွဲဖယ်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ် ဝိုက်၍ ဖြစ် စေ၊ ခိုင်းစေသောအခါ “ ငါဒါကိုမလိုက်နာရင် ငါ့ထမင်းအိုးတော့ကွဲတော့မှာပဲ။ မှားတာမှန်တာအပထား လုပ်မှပဲ” ဟု ဇွတ်မှိတ်လုပ်ကိုင်သောလူမျိုးသာ ရှေးကငွေဝယ်ကျွန်နှင့်တစ်စားတည်းဖြစ်သော ကြောင့် ကျွန်စိတ်ဟု ဆိုလို ခြင်းဖြစ်၏။ ဤနေရာ၌ကျွန်နှင့်အစေခံ၏အဓိပ္ပာယ်ကိုသတိပြုပါ။
ယခုအခါ၌အစိုးရလခစားထဲမှ တိုင်းပြည်အကျိုးရှိရာရှိကြောင်းတွင် အစိုရကဥပဒေတစုံတရာ တားမြစ် ခြင်းမရှိဘဲ လုပ်ကိုင်နိုင်သောလုပ်ငန်းပေါင်းများစွာရှိ၏။ ဥပမာ လူငယ်များကြီးပွားရေးအသင်း၊ နိုင်ငံကာကွယ် ရေး ရဲတပ်ကိစ္စ၊ စာကြည့်ပိဋကတ်တိုက်၊ ကျေးလက်ပြုပြင်ရေး စသည်ဖြင့်များပြားလှစွာ၏။ ထိုသို့ လခစားထဲမှ အချို့မှာဝါသနာပါ၏။ သို့ရာတွင် “ ငါဒီလိုလုပ်လိုက်ရင် ငါ့ကိုအထက်လူကြီး ငြိုငြင်လေမလား၊ ဒီနည်းနဲ့မလုပ် နိုင်ပေမယ့် အခြားနည်းနဲ့ညှဉ်းဆဲခြင်းခံရလေမလား ” ဟူသောစိတ်ညံ့များဝင်လာသဖြင့် ဘာမျှမလုပ်ရဲတော့ပေ။
ထိုထိုကောင်းရာကောင်းကြောင်းလုပ်ကိုင်နေသောသူများအား မတရားအနှောင့်အယှက်ပေးလေ့ရှိသော ပုလိပ် များမှာမူ ဆိုဖွယ်မရှိပေ။ ၎င်းတို့ဆိုင်ရာသခင်ကြီးများမျက်နှာရစေခြင်းငှာ အလွန်ရင့်သန်သော ကျွန်စိတ်ဖြင့် ပြု လုပ်ခြင်းမျှသာ ဖြစ်သောကြောင့် စာရင်းသွင်းရန်ပင်လိုတော့မည်မဟုတ်ချေ။
ရုံးပြာတာကစာရေးကိုကြောက်ရ၊စာရေးကမြို့အုပ်ကိုကြောက်ရ၊ မြို့အုပ်က ဝန်ထောက်၊ ဝန်ထောက်က အရေးပိုင်၊ အရေးပိုင်ကမင်းကြီး စသည်ဖြင့် အသီးသီးကြောက်နေရ၍ တဦးမျက်နှာကဲ တဦးကြည့်ကာ တဦး အလိုတဦးလိုက်၍ လုပ်ကိုင်နေကြရသော ကျွနု်ပ်တို့မြန််မာပြည်၏အခြေအနေသည် အဘယ်များမှ လွတ်လပ် သောစိတ်များ ပေါ်ပေါက်ပါမည်နည်း။ အလုပ်တိုက်ကြီးများ၊ ဒေသန္တရအဖွဲ့များတွင်လည်း ထိုနည်းအတူ ကြီးနိုင် ငယ်ညှဉ်းဆဲဖြစ်၍နေကြ၏။ လက်အောက်ငယ်သားတို့မှာလည်း ခေါင်းမထောင်ဝံ့ကြချေ။ ပုလိပ်ဘက်တွင်ကား ဆိုဖွယ်မရှိ။ ကျွန်ုပ်ဆိုလိုရင်းမှာ “စည်းကမ်းထက်လွန်၍ နိုင်ချင်စိတ်နှင့် မတရားစီမံခန့်ခွဲသမျှ ခေါင်းငုံ့မခံ၊ ယခု ငတ်သေပေ့စေ ”ဟူသောခေါင်းမာသည့်စိတ်မျိုးထားကြမှ ကျွန်စိတ်ပျောက်မည်ဖြစ်ပါသတည်း။
ကျွန်ဝယ်ရာအဆစ်ပါသကဲ့သို့ လွတ်လပ်သောအရပ်သား၊ ကုန်သည် စသည်တို့တွင်လည်း အစိုးရ အစေ ခံ၊ မြို့အုပ်၊ ဝန်ထောက် စသည်တို့ကို “ ဘုရားပါဘုရား” ထူးလျက် ကျွန်မျက်နှာကလေးနှင့်ပြုမူ၍ နေလေ့ ရှိကြ၏။ ထိုစိတ်မျိုးသည် အခြားမဟုတ်။ တန်ခိုးအာဏာရှိသူတဦးနှင့်သင့်လျှင် ဘယ်လို၊ မသင့်လျှင်ဘယ့်နှယ် စသည်ဖြင့် သွေးကြောင်ခြင်း ကျွန်စိတ်အစွဲလွန်ခြင်းတို့ကြောင့် မျက်နှာပျားရည်သုတ်ကြခြင်း ဖြစ်တော့၏။ သာ မန်စဉ်းစားသော် အရေးမကြီးဟုထင်ရသော်လည်း ထိုကိစ္စမှာ လွတ်လပ်စွာကူးသန်းရောင်းဝယ်နေထိုင်ကြသော လူများအတွက် အထူးရှက်ဖွယ်ကောင်း၍ သတ္တိနည်းရာ၊ နားမလည်ရာသို့ ကျရောက်နေတော့၏။ သာ၍ ရယ် စရာကောင်းခြင်းကား လွတ်လပ်ရေးကိုအော်ဟစ်နေကြသော သတင်းစာတိုက်မှသတင်းထောက်များ ဖြစ်၏။ ၎င်းတို့သတင်းစာတွင် မင်းပြောင်းမင်းလွှဲဟုခေါင်းတပ်လျက် ဘာမဟုတ်သော မြို့အုပ်၊ ဝန်ထောက်၊ အရေးပိုင် လောက်နယ်ပြောင်းသည်ကို တဆိတ်တအိတ် ချဲ့ထွင်ရေးသားကြခြင်းဖြစ်၏။ အစိုးရအမှုထမ်းမှန်သမျှ ပြောင်း ရွှေ့ရမည်ဓမ္မတာ။ သို့ရာတွင် သတင်းထောက်မှာ မိမိနေသောမြို့ရွာဆိုင်ရာအရာရှိများထံတွင် မျက်နှာလိုခြင်း၊ ဒီအရာရှိတွေနှင့်မသင့်လျှင် ငါ့မှာဘယ်လိုဟုကျွန်စိတ်နှင့်တွေးလန့်ခြင်းတို့ကြောင့် ပြုမူခြင်းဖြစ်ကြ၏။
ဤကဲ့သို့ လွတ်လပ်စွာနေသူများကလည်း လွတ်လပ်စွာနေသူများကလည်း ကျွန်စိတ်မွေး၍ တဦးအပေါ်တဦး တန်ခိုးကြီး ရာနိုင်နင်းရာတွင် အောက်ကျခံခြင်း စသောစိတ်တို့သည် တနေ့တခြားရင့်သန်လာခဲ့သော် ထိုလူမျိုးများမှ ပေါက် ဖွားလာသောသားပေါက်ကလေးတွေလက်ထက်တွင် တိုင်းပြည် မည်ကဲ့သို့ ကောင်းစားနိုင်တော့မည်နည်း။
အချုပ်ဖော်ပြခဲ့သည့်အတိုင်း ကျွန်စိတ်မရှိသောလူများမြန်မာပြည်တွင်မရှိမဟုတ် ရှိသည်သာတည်း။ ထို လူမျိုးမှာ တဦးတလေသာဖြစ်သောကြောင့် မိမိဆိုင်ရာတွင် ကြီးပွားသင့်သလောက်မကြီးပွားတော့ဘဲ အများက လည်း “ ဒီ့အကောင့်ကိုက တယ်ခေါင်းမာတာပဲ၊ ဘယ်ရမလဲ၊ သူ့အလုပ်လုပ်ရင် သူ့စကား နားထောင်ရမှာပေါ့။ သူ့ကိုရိုသေရမှာပေါ့၊ လူအောက်ဝင်လို့ လူပိမသေပါဘူး” စသော ကျွန်စိတ်၊ ကျွန်စကားတို့ဖြင့် ကဲ့ရဲ့ခံရသေး၏။
သို့ရာတွင် ကျွန်စိတ်ဖျောက်လိုသောမိတ်ဆွေတို့မှာအများကိုဂရုမစိုက်ဘဲ မှန်သည်ထင်က အသက်သေ သည့်တိုင်အောင်လုပ်ရဲသောစိတ်က ိုမွေးမြူ၍လုပ်ကိုင်ကြရန် တိုက်တွန်းလိုက်ပါ၏။
ကျွန်ုပ်တို့တိုင်းပြည်တွင် တဦးကိုတဦး အချင်းချင်း အထက်ဖော်ပြပါအတိုင်း ကျွန်စိတ်နှင့် အသုံးတော်ခံ ၍နေလေ့ရှိကြရာ တကယ်သခင်လည်းဖြစ်၊ သခင်စိတ်နှင့်လည်းအုပ်စိုးနေသော လူမျိုးခြားလက်အောက်က ရုန်း ထွက်ဖို့ အထူးခက်ခဲ၍နေပေတော့သည်။ ကျွန်ုပ်တို့နိုင်ငံက မလွတ်လပ်ခြင်းမှာ အဘယ်ကြောင့်ဖြစ်တော့ သည် ဟု အတတ်ဆိုရချေတော့မည်။ ငွေဝယ်ကျွန်သည် သခင်ကိုမော့မကြည့်ဝ့ံ။ ဆင်မည်းသည် ဆင်ဖြူနှင့်မျက်နှာ ချင်းမဆိုင်ဝံ့။ တော်လှန်ရန်မည်သို့တတ်နိုင်မည်နည်း။ ဤကဲ့သို့အမျိုးနှင့်ချီ၍ ကျွန်စိတ်အစွဲနာသူတွေ ပေါများ သောကြောင့်လည်း ကျွန်ုပ်တို့လူမျိုးအား မည်သူမျှလေးစားရှိသေခြင်း မရှိကြတော့ချေ။
နောက်ဆုံး၌အုပ်ချုပ် ရေးအသစ် ဝန်ကြီးချုပ်ရာထူးတည်းဟူသော ပျားရည်နှင့်ဝမ်းချခြင်းကိုပင် ကောင်စီဝင်နွှဲသောမသာပွဲဖြင့် နိုင်ငံရေးဇာတ်ကြီးကို ခင်း၍နေကြတော့၏။ ထိုသို့ဖြစ်ရသည်မှာလည်း ငါတို့လူမျိုးသည်မဟန်သေး။ အခြား ဘာမှမတတ်နိုင်သေး။ ဒါမှမဟုတ်လျှင် ဒီပြင့်ဘာမှမတတ်နိုင်သေး စသော ကျွန်စိတ်၊ ကြောက်စိတ်.. စသည်တို့ ကြောင့် ရမိရရာကို မျက်နှာပြောင်တိုက်၍ ဆွဲယူကြခြင်းဖြစ်တော့၏။ တနည်းအား ဖြင့်ဆိုရလျှင် ဘုရားတပည့် တော်သည် ဤသခင်ကြီးများအိမ်၌ ကျွန်အကြီးစားဘဝနှင့်နေရပါလို၏ဟူသော ဆုတောင်းမျိုးနှင့် တူ၍နေပေတာ့၏။
အမျိုးနှင့်ချီ၍ ကျွန်စိတ်အစွဲနာနေကြပြီဟုကျွန်ုပ်ဆိုခဲ့ရာ ထိုအဆိုမှန်ကြောင်းကိုလည်း သက်သေပြ လို၏။ ကျွန်စိတ်မရှိသူသည် နည်းလမ်းမကျသည်ကိုမခံ။ တနည်းနည်းနှင့်ပြုပြင်နိုင်အောင် ကြိုးစားစမမြဲပင်။ ယခုကျွနု်ပ်တို့ တိုင်းပြည်သည် မြန်မာတိုင်းပြည်၊ မြန်မာလူမျိုး၊ မြန်မာလူမျိုးကိုအုပ်ချုပ်နေသော ဥပဒေသည် မြန်မာလူမျိုးတို့နှင့်ညှိနှိုင်း၍ မြန်မာလူမျိုးသဘောကျပြုလုပ်ထားသော ဥပဒေမဟုတ်။ မြန်မာလူမျိုးတို့ကိုယ် တိုင် ပေးရသောအခွန်ငွေသည် မြန်မာလူမျိုးတွေ သဘောကျသုံးစွဲခွင့်မရှိ။ နောက်ဆုံးအဓိကအချက်ဖြစ်သော မြန်မာလူမျိုးတို့တိုင်းပြည်သည် မြန်မာလူမျိုးတို့သာ စိုးပိုင်ချယ်လှယ်နိုင်ဖို့သင့်၏။ ယခုဖော်ပြရာပါအရေးကြီး သောအချက်သုံးချက်လုံးပင် လွတ်ထွက်နေ၏။ မြန်မာလူမျိုးကျွန်စိတ်နာနေ၍ မဟုတ်လော။
အကယ်၍ကျွန်စိတ်မနာလို့ဆောင်ရွက်ရင် ဘယ်နှယ့်ဆောင်ရွက်မလဲ။ အီဂျစ်ပြည်၊ အိုင်ယာလန်ပြည်၊ ဖိလစ်ပိုင်ကျွန်း ... စသည်တို့မှာ မနေ့တနေ့ကပင် လွတ်လပ်ခွင့်ကို ယူလိုက်သည်မဟုတ်ပါလော။ လွတ်လပ် ရေး ဆောင်ရွက်ရန်နည်းလမ်းကားမရှား။ ကျွန်စိတ်ကိုပျောက်ပျက်အောင် ဖျောက်ဖျက်ရန်သာလျှင် အရေးကြီး ပေသည်။ လွတ်လပ်ရေးကိုရရှိသောနိုင်ငံများမှာ ကျွန်စိတ်ကမမွေး။ လွတ်လပ်စိတ်၊ မှန်ကန်စိတ်၊ ရဲရင့်စိတ်တွေမွေး၍ ညီညီညွတ်ညွတ်ဆောင်ရွက်ကြသောကြောင့် အတန်းမြင့်သော လွတ်လပ်ခွင့်ရကြသည်ဟု ဆိုလိုပါ၏။
ကျွန်ုပ်တို့နိုင်ငံ၌ကား ဥရောပတိုက်သားများကဘောင်းဘီဝတ်သောကုလားကပြား စသည်တို့ကို ဘုရားထင်ခြင်း၊ အချင်းချင်းကျွန်စိတ်မွေးကြခြင်းများကို ရှေးဦးစွာပြင်ပြီးနောက် တကယ့်တကယ်အရေးကြီး သော ကျွန်စိတ်ဖျောက်ဖျက်မှုကိုကြိုးစားရဦးမည်။ ထိုသို့ကျွန်စိတ်ဖျောက်ပြီးမှ တဆင့်တက်ကြရမည်ဖြစ်ရကား “ ကျွန်စိတ်ကိုဖျောက်ပါ၊ ကျွန်စော်နံတာကိုခဝါပေး၊ ကျွန်သွေးကိုဖောက်၍ထုတ်လိုက်ကြပါ ” တိုက်တွန်း လိုက် ရပါကြောင်း။
နေသူရိန်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar