Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၁၃ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၃လ ၁၃ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) မေလ ၁၃၊ ၂၀၂၁

ဆယ်စုနှစ်များစွာ တိုက်ပွဲ မဖြစ်ခဲ့သည့် ဒေသများမှ တိုက်ပွဲများ


ဒီနေ့ ကြားသိရတဲ့ သတင်းတွေ ဖတ်ရှုရတဲ့ သတင်းတွေကတော့ မင်းတပ်မြို့က ပြည်သူတွေ ဖွဲ့ထားတဲ့ ချင်းကာကွယ်ရေးတပ် ကို စစ်ကောင်စီတပ်တွေက ကျောက်ထုမြို့ကနေ အမြောက်နဲ့ လှမ်းပစ်နေတယ်ဆိုတဲ့သတင်း၊ မြင်းခြံမြို့အနီးက တလုပ်မြို့ ကျေးရွာမှာ မနေ့က ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် ၆ ဦးအနက်က ဖမ်းဆီးစဥ် လက်မှာ သေနတ်မှန်ထားတဲ့ ဒဏ်ရာရခဲ့ ကျောင်းသား ကိုဇင်ကိုထွန်း စစ်ကြောရေးမှာ သေဆုံးသွးာကြောင်း ဒီနေ့ သိရတဲ့ အကြောင်း၊ ချောင်းဦးမြို့နယ် က ကျေးရွာတရွာမှာ ကာကွယ်ရေး အဖွဲ့တွေ ရဲ့ စခန်းချရာ နေရာတခုကို စစ်ကောင်စီတပ်တွေ ဝင်စီးခဲ့တဲ့နောက် လက်လုပ်သေနတ်တွေသိမ်းဆည်း ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အခြားပစ္စည်းတွေ ဖျက်ဆီးခံရတဲ့ သတင်းလည်း ဖတ်ရှုရပါတယ်။ လက်လုပ် တူးမီးသေနတ် အလက် ၂၀၀ ကျော် သိမ်းဆည်းခံလိုက်ရတယ်လို့ သတင်းထဲမှာ ပါရှိပါတယ်။

မြန်မာနိုင်ငံရဲ့ အထက်ပိုင်း အညာလို့ဒေသထဲပါတဲ့ မြင်းခြံလို ဒေသ၊ စစ်ကိုင်းတိုင်း ယင်းမာပင် ၊ ကနီ၊ တန့်ဆည်၊ ခင်ဦး၊ စသဖြင့်၊ ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက် စတဲ့ ဒေသတွေ၊ ဂန့်ဂေါ စတဲ့မြို့တွေ ၊ ကလေး ၊ ဖလမ်း၊ ဟားခါး စတဲ့ ချင်းပြည်နယ်ရဲ့ ဒေသတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄/၅/၆ ဆယ်လောက်အတွင်း လက်နက်ကိုင် တိုက်ပွဲ ပဋိပက္ခ ဖြစ်ပွားခဲ့တဲ့ ဒေသတွေမဟုတ်ပါဘူး။ နယ်စပ်ဒေသတွေ ဖြစ်တဲ့ ရှမ်းရှေ့၊ ရှမ်းမြောက်၊ ရှမ်းတောင်၊ ကယား၊ ကရင်၊ ကချင်၊ မွန်တို့မှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေခဲ့တဲ့ ဆယ်စုနှစ် ၆ ခု ၇ ခုအတွင်း အဆိုပါဒေသတွေ မှာ ဘာလက်နက်ကိုင် ပဋိပက္ခမှ ဖြစ်ပွားခဲ့ခြင်းမရှိပါဘူး။

နကိုက နှစ် ၅/၆ ဆ​ယ် တည်ငြိမ် နေတဲ့ဒေသတွေမှာ အခု စစ်အာဏာသိမ်းမှုနောက် လှုပ်ခတ်မှု ဖြစ်သွားသလို၊ အခြားသော မြို့တွေ၊ ရွာတွေမှာ စစ်ကောင်စီ တပ်တွေက ရက်စက်စွာ ပစ်ခတ် သတ်ဖြတ်ခဲ့ရာကနေ အခုလို အေးအေးချမ်းချမ်း ကိုယ့်လယ် ကိုယ့်ယာ လုပ်ကိုင်စားသောက်နေကြတဲ့ ရွာသားတွေ မြို့က လူငယ်တွေက အာခံအံတုကြတာမျိုး ဖြစ်လာပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်း အညာဒေသက လူထုက အေးအေးချမ်းချမ်း အလုပ်လုပ်ကိုင် နေထိုင်ခဲ့ကြပေမယ့် ခု တပြန် စစ်ကောင်စီ အာဏာသိမ်းမှု အပြီးမှာ အဖြစ်အပျက်တွေက တဖက်သတ်ဆန်ဆန် အနိုင်ကျင့်၊ ရက်စက်မှုတွေကို ကြားရ၊ မြင်ရ၊ သိရတဲ့အခါ ရရာ လက်နက်ဖြစ်တဲ့ ဓါး၊ လုပ်သေနတ်၊ တူးမီးသေနတ် စတာတွေနဲ့ ခုခံလာခဲ့ကြတဲ့ အခြေအနေဖြစ်ပါတယ်။ အဲဒီဒေသတွေက ဒေသခံတွေအဖို့ နိုင်ငံရေးအရ လက်နက်ကိုင် လမ်းစဥ်ကို ရွေးချယ်တယ် ဆိုတာထက် မတရားမှု၊ မမျှမတဖြစ်နေတဲ့ တဖက်စောင်းနင်း နှိပ်စက် ၊ သတ်ဖြတ်နေတာတွေကို ဒီအတိုင်း ကြည့်မနေနိုင်တော့တဲ့အတွက် ရရာ လက်နက်ကိုင်စွဲပြီး စစ်တပ်နဲ့ ရဲတွေကို ပြန်တုံ့ပြန်ကြတာမျိုးဖြစ်ပါတယ်။

မြင်းခြံမြို့ ၊ မြင်းခြံခရိုင်ဟာ လွတ်လပ်ရေးရပြီးခါစ ကာလတွေတုန်းက မသုံးလုံးဒေသလို့ နာမည်အတိုကောက်ခေါ်ဆိုကြတဲ့ မိတ္ထီလာ၊ မြင်းခြံ၊ မန္တလေး ဆိုတဲ့ ဒေသထဲက တခုဖြစ်ပါတယ်။ အဲဒီကာလတွေနောက်မှာ မြန်မာနိုင်ငံအလယ်ပိုင်း မြင်းခြံဒေသမှာ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားတာ တိုက်ပွဲဆိုတာတွေ မရှိခဲ့ပါဘူး။ ခု ဆယ်စုနှစ် အတန်ကြာတဲ့ပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ညီလာခံတွေ အပစ်ရပ်သဘောတူညီချက်တွေ လုပ်ဆောင်ကြတဲ့ ကာလရဲ့ အလွန် စစ်အာဏာသိမ်းမှုနောက် တိုင်းပြည်ရဲ့ ဒေသအများစုက တိုက်ပွဲတလင်း အဖြစ် ပြောင်းလဲသွားခဲ့ပြီလို့ ဆိုရပါတော့မယ်။

ဒီအချက်ကို ကြည့်ရုံနဲ့ စစ်အာဏာသိမး်မှုက တိုင်းပြည်အတွက် အနှုတ်လက္ခဏာ ဘယ်လောက်ဆောင်သလဲဆိုတာ ထင်ရှားပါတယ်။

ချင်းပြည်နယ်ကို ကြည့်မယ်ဆိုရင်လည်း ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင် ပဋိပက္ခမရှိခဲ့တဲ့ ပြည်နယ်တခုက ခု အာဏာသိမ်းမှုကြောင့် လက်နက်သံတွေ တခါမျှ မကြားဖူးတဲ့ အမြောက်သံတွေကို မင်းတပ်မြို့မှာ ကြားခဲ့ရပြီဖြစ်ပါတယ်။

ဒီနေ့ကြားရတဲ့ တခြားသောသတင်းတွေထဲမှာ ရွေးကောက်ပွဲမတိုင်မီက အေအေ ရဲ့ ဖမ်းဆီးခြင်းကို လနဲ့ချီခံခဲ့ရတယ် တောင်ကုတ်က အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ၂ ဦး မနေ့က စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတဲံ သတင်းပါ။ ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့ကို ရန်ကုန်မှာ ဖမ်းဆီးသွားတယ်လို့ သတင်းတွေအရ သိရပါတယ်။

ဒီလို တိုက်ပွဲသတင်း၊ အဖမ်းအဆီးသတင်းတွေ လူထုက အာရုံတစိုက် ကြည့်ကြ ဝယ်ကြ ဖတ်ကြပြီး၊ ဆဲတဲ့သူလည်း ဆဲကြတဲ့ မြင်ကွင်းက စစ်အာဏာသိမ်းပြီး ရက် ၁၀၀ ကျော်အတွင်း လူထုရဲ့ နေ့တဓူဝ ကိစ္စသဖွယ် ဖြစ်လာနေပြန်ပါတယ်။ ဆဲဆဲဆိုဆို တုန့်ပြန်မှုတွေနဲ့အတူ အချို့သော မြို့နယ် ရပ်ကွက်တွေထဲမှာ ပြည်သူတချို့က ပုံမှန်စျေးရောင်း စျေးဝယ် သွားလာ စားသောက်နေကြတယ်၊ ပုံမှန်သဖွယ် ပြုမူနေကြတယ်ဆိုပြီး ဝေဖန်ကြတာတွေလည်း ရှိပါတယ်။ လွတ်မြောက်ရာနယ်မြေတွေ၊ စစ်ဘေးရှောင်စခန်းတွေ၊ နယ်စပ်ဖြတ်ကျော်နေထိုင်ဖို့ နဲ့ ပြည်ပကို ထွက်ခွာကြဖို့ ပြင်ဆင်နေကြတဲ့ အစုအဖွဲ့တွေကိုလည်း တွေ့ရပါတယ်။ တိုက်ပွဲသတင်းတွေနဲ့အတူ နယ်စပ်ဒေသ လွတ်မြောက်နယ်မြေတွေက လက်နက်ကိုင်သင်တန်းတွေမှ လူငယ်တွေ၏ အသံဆိုပြီး ဆိုရှယ်မီဒိယာနဲ့ အွန်လိုင်းသတင်းတချို့ကလည်း သတင်းတင်ဆက်တာတွေ လုပ်ကြပါတယ်။ အားမရတဲ့ စိတ်မရှည်တဲ့အသံတွေကို ထုတ်ဖော်တင်ဆက်ကြတာဖြစ်ပြီး ခေါင်းဆောင်တွေက သီးခြား နေထိုင်ကြတယ်၊ လူငယ်တွေက သိးခြား လေ့ကျင့်ကွင်းဆင်းနေကြရတယ်လို့ ထုတ်ပြောတာကို ကြားရပါတယ်။ ပြည်တွင်းအတိတ်တုန်းက ပျောက်ကြားစစ်၏ သဘောတရားနဲ့ လက်တွေ့၊ နယ်စပ်ဒေသတိုင်းရင်းသားလက်နက်ကိုင်ဒေသ သမိုင်းနဲ့ အတွေ့အကြုံတွေကို ကျယ်ကျယ်ပြန့်ပြန့် တင်ဆက်မှု လေ့လာမှုတွေ သိထားဖို့တွေ ပရိသတ်မှာ လိုအပ်နေတယ်လို့ ဆိုရမှာပါ။

မြန်မာပြည်၏ အခြေအနေက တဖြေးဖြေးနဲ့ မီးအပူတိုးတိုးပြီးပေးနေတဲ့ ပေါင်းအိုးထဲကရေထဲမှာ ကူးခတ်နေတဲ့ ဖားတကောင်လိုပဲလို့ ပြောချင်ပါတယ်။ ရေက တဖြေးဖြေးပူလာနေပေမယ့် ဖားကတော့ မသိလိုက်မသိဖာသာနဲ့ ကူးခတ်လို့ ကောင်းနေဆဲ ဖြစ်ပါတယ်။ ရေပူမှတ် ရေဆူမှတ်ရောက်ချိန်မတိုင်ခင် အင်နဲ့အားနဲ့ရှိတုန်း အဲသည်ဖားက ရေပူအိုးထဲကနေ အစွန်းကုန်ရုန်းထွက်မှ လွတ်မြောက်မှာ ဖြစ်ပါတယ်။ အားလုံးကောင်းသွားမှာပါ - everything will be OK - ဆိုပြီး မီးစင်ကြည့်ကနေလို့ မရသလို၊ သူတို့က သူတို့အလုပ် ငါတို့က ငါတို့အလုပ်ဆိုပြီး ခွဲခြား တိုင်းတာနေလို့ မရတဲ့ အချိန်လည်း ဖြစ်နေပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar