Breaking News

ဧရာ (မန္တလေး) - ဘာသာမဲ့ ဗုဒ္ဓဝါဒီ တစ်ဦး၏ ဖွင့်ဟဝန်ခံချက်



ဧရာ (မန္တလေး) -  ဘာသာမဲ့ ဗုဒ္ဓဝါဒီ တစ်ဦး၏ ဖွင့်ဟဝန်ခံချက် 

Confession of a Buddhist Atheist 

(မိုးမခစာအုပ်စင်) မေ ၁၁၊ ၂၀၁၉

ဘာသာမဲ့ ဗုဒ္ဓဝါဒီ တစ်ဦး၏ ဖွင့်ဟဝန်ခံချက် (Confession of a Buddhist Atheist) စာအုပ်သည် ၂၀၁၀-ခုနှစ်က Stephen Batchelor ရေးသားထုတ် ဝေခဲ့သော စာအုပ်ဖြစ်သည်။ Atheism ဟူသည် a = without နှင့် theos = God/gods မှ ဆင်းသက်လာ၍ တိုက်ရိုက်အားဖြင့် ဘုရားမဲ့ဝါဒဟု အဓိပ္ပါယ်ရသည်။ ဗုဒ္ဓဝါဒနှင့် ဘုရားမဲ့ဝါဒ တွဲဖက် ဖော်ပြခြင်းသည် သိပ် အထူးအဆန်း မဟုတ်။ သုတ္တန်ဒေသနာ အတော်များများတွင် ဗုဒ္ဓက ဖန်ဆင်းရှင်ဝါဒ (ဣဿနိမ္မိတဝါဒ) ၏ အဓိပ္ပါယ်မဲ့ပုံ ခပ်ထေ့ထေ့ သရော်ဝေဖန်ထားသည်ကို တွေ့နိုင်သည်။ သို့သော် Atheism သည် ထာဝရဘုရားကို မယုံကြည်မှု သက်သက်မျှ မဟုတ်ဘဲ၊ တမလွန်ဘဝ၊ ကောင်းကင်ဘုံ၊ ငရဲ၊ နိဗ္ဗာန်တို့ကိုပါ လက်မခံသော အယူအဆဖြစ်သည်။ ထို့ကြောင့် “ထာဝရဘုရားမဲ့ဝါဒ” ဆိုသည်ထက် “ဘာသာမဲ့ဝါဒ” ဆိုက ပိုမှန်ပါလိမ့်မည်။ ဗုဒ္ဓဘာသာ၏ အဆုံးအမ အတော်များများကို (အထူးသဖြင့် သတိပဋ္ဌာန်တရား၊ သစ္စာလေးပါးတရားတို့ကို) လက်ခံ သဘောကျကြသော်လည်း၊ သံသရာနှင့် ကံတရားကို နားလည်လက်ခံနိုင်စွမ်း မရှိသော၊ အရှေ့တိုင်းဗုဒ္ဓဘာသာနိုင်ငံများမှ ဘာသာရေးထုံးတမ်းစဉ်လာများကို လက်ခံလိုက်နာလိုခြင်း မရှိသော အနောက်တိုင်းသားတို့ အကြားတွင် ဤစာအုပ်က အတော်လေး ရေပန်းစားသွားခဲ့သည်။ Secular Buddhism ဟူသော အမည်ဖြင့် ဂိုဏ်းဂဏ တစ်ခု ပေါ်ထွန်းလာခဲ့သည်။

“ဘာသာမဲ့ ဗုဒ္ဓဝါဒီ တစ်ဦး၏ ဖွင့်ဟဝန်ခံချက်” သည် စတီဗင်ဘက်ချ်လာ၏ ဘဝဖြစ်စဉ်နှင့် အတွေးအမြင်များကို ပုဂ္ဂလိကရှုထောင့်မှ ဇာတ်ကြောင်းပြန်ပြောသလို ရေးထားသော စာအုပ်ဖြစ်သည်။ “ဖွင့်ဟဝန်ခံချက်” ဟု ဆိုသည့်အတိုင်း သူ ဖြတ်သန်းခဲ့ရသော တိဘက်ရဟန်းတော်ဘဝ၊ ဇင်ရဟန်းတော်ဘဝ ဖြစ်စဉ်များကို ပြန်ပြောရင်း ဗုဒ္ဓဘာသာ ရဟန်းတော်တဦး ဖြစ်ပါလျှက် တမလွန်ဘဝနှင့် ကမ္မနိယာမတို့ အပေါ် ဘဝင်မကျ၊ လက်မခံနိုင်သည့် သူ့၏ အဖြစ်ကို ဝန်ခံထားသည်။ လူဝတ်လဲပြီး နောက်ပိုင်းတွင် ထေရဝါဒ ဗုဒ္ဓဘာသာ ပိဋကတ်စာပေများကို လေ့လာခဲ့သည်။ ပိဋကတ်စာပေများတွင် မဟာလူသားဗုဒ္ဓ (Historical Buddha) ကို ရှာဖွေခဲ့သည်။ ဗုဒ္ဓသည် ဗြာဟ္မဏဝါဒကဲ့သို့ အခြားသော ဘာသာတရားတစ်ခုကို ထူထောင်ရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ၊ အသိဉာဏ်ပွင့်လင်းနိုးကြားမှု ဟူသည့် လူ့ယဉ်ကျေးမှုတရပ်ကို ထူထောင်ရန် ဖြစ်သည်ဟူသော ရှုထောင့်မှ ရေးသား ပုံဖော်ထားသည်။ Collage ခေါ် ပို့စ်မော်ဒန် ဖြတ်ညှပ်ကပ် အနုပညာပုံစံမျိုးဖြင့် ဗုဒ္ဓ၏ ဘဝဖြစ်စဉ်များကို သူ့အတွေးအမြင်များ၊ သူ့ ဘဝဖြစ်စဉ်များနှင့် ဟိုတစ ဒီတစ ရောစပ်၍ ရေးသားထားခြင်း ဖြစ်သည်။

ဗုဒ္ဓခေတ် အိန္ဒိယယဉ်ကျေးမှုတွင် မတွေ့နိုင်သည့် ဗုဒ္ဓ၏ ဝိသေသထူးခြားသည့် ဓမ္မတို့ကို ဘက်ချ်လာက အောက်ပါအတိုင်း သတ္ထုချ ပြသည်။

★ ဣဒပစ္စယတာ (အကြောင်းကို စွဲမှီ၍ ဖြစ်ရသည်ဟူသည့် ပဋိစ္စသမုပ္ပါဒ်သဘောတရား) အခြေခံမူ (The principle of this-conditionality, condition-arising)

★ အရိယသစ္စာလေးပါးဟူသည့် လုပ်ငန်းစဉ် (The process the four Noble Truths)
★ သတိပဋ္ဌာန်ဘာဝနာ ကျင့်စဉ် (The practice of mindful awareness)
★ မိမိကိုယ် မိမိ ကိုးစားအားထားမှု စွမ်းအား (The power of self-reliance)

ဤတရားလေးပါးတို့သည် ဗုဒ္ဓ မြော်မြင်သည့် ယဉ်ကျေးမှုသစ်၊ လူဘောင်သစ်၏ အခြေခံ အဆောက်အအုံပင် ဖြစ်သည်ဟု စတီဗင်ဘက်ချ်လာက ဆိုသည်။

စာအုပ်၏ အခန်းတခန်းတွင် အင်္ဂလိပ်ရဟန်းတော် ဘိက္ခုဉာဏဝီရ၏ အကြောင်းနှင့် ထိုရဟန်းတော်ရေးသားသည့် “Clearing the Path” နှင့် “Notes on Dhammma” စာအုပ်တို့မှ ဗုဒ္ဓဝါဒအား Existential Phenomenology ရှုထောင့်မှ ချဉ်းကပ်ပုံကို ထုတ်နှုတ်ရေးသားထားသည်။ ဘိက္ခုဉာဏဝီရ၏ ငယ်နာမည်သည် Harold Musson ဖြစ်၍ နောင်တွင် ဘိက္ခုဉာဏမောဠိ ဖြစ်လာမည့် Osbert Moore နှင့် ခင်မင်ရင်းနှီးသော အခန်းဖော် မိတ်ဆွေဖြစ်သည်။ Harold Musson သည် ဆေးရုံတက်စဉ် ဖတ်မိသော Julius Evola's The Doctrine of Awakening စာအုပ်ကြောင့် ဗုဒ္ဓဘာသာကို စိတ်ဝင်စား သွားခဲ့သည်။ ထိုစာအုပ်ကို အီတလီဘာသာမှ အင်္ဂလိပ်ဘာသာသို့ပင် ပြန်ခဲ့သည်။ 

နောင်တွင် လူ့ဘောင်လောကကို ငြီးငွေ့နေသော Harold Musson နှင့် Osbert Moore တို့သည် သီရိလင်္ကာသို့ သွားရောက်ကာ ရဟန်းပြုခဲ့ကြသည်။ ဘိက္ခုဉာဏမောဠိသည် ဝိသုဒ္ဓိမဂ်၊ အဋ္ဌသာလိနီ၊ သမ္မောဟဝိနောဒနီ၊ မဇ္ဈိမနိကာယ်၊ ပဋိသမ႓ိဒါမဂ်၊ နေတ္တိ၊ ပေဋကောပဒေသ၊ ပါတိမောက္ခ စသည့် ပါဠိတော်၊ အဋ္ဌကထာများကို အင်္ဂလိပ် ဘာသာပြန်ခဲ့၍၊ ထေရဝါဒ ဗုဒ္ဓစာပေလောကတွင် ထင်ရှားသော ရဟန်းတော်တစ်ပါး ဖြစ်လာခဲ့သည်။ ဘိက္ခုဉာဏဝီရကမူ အဘိဓမ္မာနှင့် အဋ္ဌကထာအဖွင့်များကို လက်မခံဘဲ သုတ္တန်နှင့် ဝိနည်းကိုသာ ဓမ္မအစစ် အဖြစ် လက်ခံထားသူ ဖြစ်သည်။ သို့သော် ဘိက္ခုဉာဏဝီရက ကံနှင့် ဘဝသစ်ဖြစ်ခြင်းကိုမူ သုတ္တန် ပိဋကတ်တွင် ဖော်ပြထားသည့်အတိုင်း လက်ခံသည်။ ထိုထက်ပို၍ ရှင်းလင်း သက်သေပြမှုမျိုးကို လက်မခံ။ အထူးသဖြင့် သိပ္ပံနည်းကျ သို့မဟုတ် ယုတ္တိဗေဒနည်းဖြင့် ရှင်းလင်းချက်များကို လုံးဝ လက်မခံ။ ကံနှင့် ဘဝသစ်ဖြစ်ခြင်း သာမဟုတ်၊ ဗုဒ္ဓ၏ တရားတော်တခုလုံးကို သိပ္ပံရှုထောင့်မှ ချည်းကပ်ပါက အမှန်တကယ် နားလည်နိုင်မည်မဟုတ် ခံယူထားသည်။ ကံနှင့် ဘဝသစ်ဖြစ်ခြင်းသည် အရှိကို အရှိအတိုင်း ဖော်ပြခြင်းသာဖြစ်သည်။ ဘာကြောင့်ကံတွေ အကျိုးပေးရသည်၊ ဘာကြောင့် ဘဝသစ်ဖြစ်ရသည်ကို စဉ်းစားတွေးခေါ်နေရန် မလိုတော့၊ ရှင်းပြနေရန် မလိုတော့ဟု ယူဆသည်။ 

“အကယ်၍များ မိမိ၏ အယူအဆများသည် သုတ္တန်ဒေသနာတို့နှင့် ကွဲလွဲနေပါက သုတ္တန်ဒေသနာတို့က မှန်၍ မိမိမှားသည်။ ဤသည်မှာ သုတ္တန်ဒေသနာတို့အပေါ် မိမိ၏ သဘောထားပင် ဖြစ်သည်” ဟု ဘိက္ခုဉာဏဝီရက အတိအလင်း ဆိုခဲ့သည်။

ဘိက္ခုဉာဏဝီရ၏ စာများကို စတီဗင်ဘက်ချ်လာက သဘောကျသည်။ ယခင်က သူရေးသားခဲ့သည့် Alone with Others: An Existential Approach to Buddhism (1994) နှင့် Buddhism Without Beliefs: A Contemporary Guide to Awakening (1997) ဟူသည့် စာအုပ်များတွင် ဘိက္ခုဉာဏဝီရ၏ အရိပ်မကင်းပုံကို တွေ့နိုင်သည်။ ရှေးဘဝ နောက်ဘဝတို့သည် ရှိသည်ဟု သက်သေ မပြနိုင်သလို၊ မရှိဟုလည်း သက်မပြနိုင်ဟူသည့် Agnosticism ရှုထောင့်မျိုးမှ တင်ပြခဲ့သည်။ 

သို့သော် ယခု Confession of a Buddhist Atheist စာအုပ် တွင်မူ ဘိက္ခုဉာဏဝီရက “တမလွန်ဘဝ၊ နတ်ဘုံ၊ ဗြဟ္မာဘုံ၊ ကံတရား” တို့ကို သံသယဖြင့် ဆန်းစစ်ဝေဖန်မှု မပြုနိုင်သည့် အပေါ် ဝေဖန်ထားသည်ကို တွေ့ရသည်။ ဗုဒ္ဓက ရှေးဘဝ နောက်ဘဝကို မဟောခဲ့၊ ဘာသာတရား အသစ်တခုကို ဖန်တီးရန် မရည်ရွယ်ခဲ့၊ လူ့ယဉ်ကျေးမှု လူ့ဘောင် အသစ်တခု ဖန်တီးရန်သာ အားထုတ်ခဲ့ခြင်း ဖြစ်သည်ဟု စတီဗင်ဘက်ချ်လာက ကောက်ချက် ချလိုက်သည်။

စင်စစ် ဗုဒ္ဓဝါဒကို မျက်ကန်းယုံကြည်မှု၊ နာမ်ဝါဒ၊ ဂမ႓ီရဝါဒ၊ သဿတဝါဒ အစွဲအလန်းများဖြင့် ချည်းကပ်၍ မရနိုင်သလို၊ သံသယဝါဒ၊ ရုပ်ဝါဒ၊ သိပ္ပံဝါဒ၊ ဥစ္ဆေဒဝါဒ အစွဲအလန်းများဖြင့်လည်း ချည်းကပ်၍ မရနိုင်။ ဗုဒ္ဓဝါဒကို မျက်မှောက်ဘဝရှုထောင့် Secularism သက်သက်မှ ချည်းကပ်ခြင်းဖြင့် လက်ရှိဘဝကို အကောင်းဆုံး နေထိုင်သွားနိုင်မည့် ဘဝနေနည်းကို ရနိုင်သည်မှန်သော်လည်း၊ ဗုဒ္ဓဝါဒ၏ အနှစ်သာရ ဖြစ်သည့် သံသရာမှ လွတ်မြောက်ရာ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာ နိဗ္ဗာန်တည်းဟူသော ပန်းတိုင်မှ လွဲချော်သွားမည် ဖြစ်သည်။

❒ Postscript Note:

ဘိက္ခုဉာဏဝီရရဲ့ “Clearing the Path”နဲ့ “Notes on Dhamma” ဆိုတဲ့ စာအုပ်ပါးလေး နှစ်အုပ်က သုတ္တန်တွေကို ရှုထောင့်သစ် တစ်ခုကနေ ပြန်ဖတ်ဖြစ်ဖို့ မိမိ စေ့ဆော်ခဲ့တဲ့ စာအုပ်တွေလို့ ဆိုနိုင်ပါတယ်။ သူတင်ပြခဲ့တဲ့ အချက်တွေကို လက်ခံနိုင်တာရှိသလို၊ လက်မခံနိုင်တာတွေကလည်း အများကြီးပါပဲ။ သူရေးခဲ့တာတဲ့ စာတွေက သိပ်မများလှပေမယ့် သူရေးတာကို နားလည်ဖို့၊ လက်ခံဖို့၊ ငြင်းပယ်ဖို့ ဆယ်စုနှစ် တစ်ခုစာလောက် အချိန်ပေးခဲ့ရပါတယ်။

သူ့ဘဝကလည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ သူဟာ စွဲကပ်လာတဲ့ ရောဂါနဲ့ သောက်ရတဲ့ ဆေးတွေကြောင့် ရဟန်းဘဝမှာ ဆက်နေဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေတခုကို ရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ သူဟာ ဒီဘဝမှာတော့ တရားထူးဆက်ရစရာ အကြောင်းမရှိတော့ဘူး၊ ဒီတော့ ရဟန်းဘဝကို စွန့်ဖို့ထက် အသက်ကိုပဲ စွန့်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ မိမိကိုယ် မိမိ အဆုံးစီရင်သွားခဲ့ပါတယ်။ သူ့လုပ်ရပ်က ချီးမွမ်းစရာနမူကောင်း မဟုတ်ခဲ့ပေမယ့်၊ ရဟန်းဘဝအပေါ်ထားတဲ့ လေးနက်တဲ့ ခံယူချက်ကတော့ အံ့အားသင့်ဖို့ ကောင်းလှပါတယ်။