Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ (၁) - ဟာရှိန်း


Photo- Crd
တူမီးရဲဘော်သို့ အလေးပြုနှုတ်ဆက်ခြင်း
ဟာရှိန်း
မိုးမခ
မေ ၁၄၊ ၂၀၂၁

ညီလေးရေ
သတ္တိမရှိတဲ့ကမ္ဘာရဲ့
ဟိုမှာဘက်မှာရော
မှိုင်းပြာလှပသောတောင်တန်းတွေရှိလား
ထင်းရှူးရနံ့တွေရှိလား
တောင်ပေါ်ချယ်ရီတွေရှိလား
ချစ်သော တောင်ဇလပ်တွေရှိလား။
ငါတို့က အိမ်ထဲဖုန်းပွတ်နေစဥ်မှာပဲ
ချင်းတောင်တန်းအတွက်
နွေဦးခေါ်သံနောက် မင်းလိုက်သွားခဲ့ပြီ
ငါတို့ကို ခွင့်မလွှတ်ပါနဲ့။
မီးကျိုးမောင်းပျက် တူမီးလောက်ကို
ကမ္ဘာလို့ထင်ပြီး မင်းကိုမြှောက်ပေးခဲ့သူတွေက
အရေးကြီးရင်သွေးနီးတယ်ဆိုတဲ့စကားကိုမေ့ပစ်လိုက်ကြပြီ
ဘာပဲဖြစ်ဖြစ်ပါလေ
မင်းထွန်းညှိခဲ့တဲ့ တော်လှန်ရေးမီးစာကို
ငါတို့မငြိမ်းစေရပါဘူး
မင်းမက်ခဲ့တဲ့ ဖက်ဒရယ်အိပ်မက်ကို
ငါတို့ဆက်လက်အသက်သွင်းပါ့မယ်
မင်းရဲ့ချစ်ရသူတွေကိုတော့
ငါတို့ဆက်ဆက်စောင့်ရှောက်လိုက်ပါ့မယ်။
ညီလေးရေ
ငါတို့ရဲ့ ရဲဘော်ကလေးရေ
သင်သွားလိုရာသို့သွားနိုင်ပြီလို့အမိန့်ပြန်တမ်းထုတ်ရင်တောင်
မင်းဟာ တော်လှန်ရေးရဲ့ရှေ့မျက်နှာစာမှာအမြဲရှိနေမှာ
တောင်တန်းတွေက ဂုဏ်ယူစွာဦးညွတ်အလေးပြုနေတာ
မြင်စေ့ချင်တယ် ညီလေးရာ
မင့်တာဝန်ကျေပွန်ခဲ့ပါပြီ
ငြိမ်းချမ်းစွာ အနားယူပါတော့ 
အာမဲင်။

13.5.2021
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar