ဂါမဏိ - တိုင်းရင်းသား ၁၃၅ မျိုးဂျင်း (အပိုင်း ၁)
ဂါမဏိ
(မိုးမခ) မေ ၂၁၊ ၂၀၂၁
နအဖဟာ အရင်အစိုးရအဆက်ဆက်နဲ့ လမ်းခွဲထွက်လာတာဖြစ်တယ်၊ အရင်အစိုးရတွေထက်သာတယ်လို့ ဝါကြွားနေပေမဲ့ ဉီးနုအစိုးရလုပ်ခဲ့တဲ့ ကမ္ဘာအေးလှိုဏ်ဂူ၊ နေဝင်းလုပ်ခဲ့တဲ့ မြန်မာစာ ရေးရာမှာ "တစ်ခု တစ်ယောက်" စသဖြင့် သုံးစွဲရေး၊ စောမောင်ထွင်ခဲ့တဲ့ မြန်မာနိုင်ငံတိုင်းရင်းသား ၁၃၅ မျိုး၊ ခင်ညွန့်ထွင်ခဲ့တဲ့ မြန်မာအစ-လူသားအစ ပုံတောင်ပုံညာက ဆိုတဲ့အယူအဆတွေကို ဆက်ကျင့်သုံးနေပါတယ်။ အခုဆောင်းပါးမှာတော့ မြန်မာပြည်မှာ တိုင်းရင်းသား ၁၃၅ မျိုးတကယ်ရှိမရှိကို ဆန်းစစ်ဖော်ထုတ်သွားပါမယ်။
ပထဆုံးကချင်လူမျိုးတွေကိုကြည့်ရင် နဝတ-နအဖ က ကချင် ၁၂ မျိုး လို့ဖော်ပြထားရာမှာ လူမျိုးတမျိုးထဲက ဆွေမျိုးစုကွဲ၊ ဘာသာစကားလေယူလေသိမ်းကွဲတွေကို သီးခြားလူမျိုးအဖြစ် ဇွတ်အတင်းပြထားပါတယ်။ ဒါ့အပြင် ကချင်ဆိုတဲ့နာမယ်နဲ့ လူမျိုးတမျိုး သီးသန့်ပြထားသလို ဂျင်းဖောနာမယ်နဲ့လည်း ပြထားပြန်တယ်။ တကယ်တော့ ကချင်ဆိုတာ အားလုံးကိုခြုံခေါ်တဲ့နာမယ်ဖြစ်မှန်း လူတိုင်းသိပေမဲ့ နအဖဟာ လူမျိုးအရေအတွက် ဖောင်းပွစေချင်လွန်းအားကြီးလို့ သီးသန့်လူမျိုးမဟုတ်တာကို အဟုတ်ကြီးလုပ်ထည့်တာဖြစ်တယ်။ နအဖ စာရင်းထဲက ဂေါ်ရီ၊ ခခူ နဲ့ ဒူးလန်းတို့ဟာ ဂျင်းဖောအနွယ်ကွဲတွေသာဖြစ်ပြီး သီးခြားလူမျိုးစုတွေ မဟုတ်ပါဘူး။ ခခူနဲ့ဒူးလန်း ဆိုရင် မျိုးနွယ်ကွဲတခုတည်းကိုဘဲ နာမယ်နှစ်မျိုး ခေါ်ထားတာဖြစ်ပါတယ်။ ကချင် ၁၂ မျိုးထဲက တမျိုးအဖြစ်ပြထားတဲ့ တရုမ်းနဲ့ဒလောင် ဆိုတာလည်း ရဝမ် မျိုးကွဲဖြစ်ပါတယ်။ ဒါကြောင့် နအဖပြောတဲ့ ကချင် ၁၂ မျိုးဟာ လက်တွေ့မှာ ၆ မျိုးဘဲဖြစ်ပါတယ်။
နအဖစာရင်း အမှန်စာရင်း
၁ ကချင် ဂျိန်းဖော၊ မရူ၊ ရဝမ်၊ လရှီ၊ အဇီး နှင့် လီဆူး တို့ကို လွှမ်းခြုံခေါ်ဝေါ်သည့်အမည်
၂ တရုမ်း ရဝမ်မျိုးနွယ်စု
၃ ဒလောင် ရဝမ်မျိုးနွယ်စု
၄ ဂျိန်းဖော ၁ ဂျိန်းဖော (ဂေါ်ရီ၊ ခခူ၊ ဒူးလန်း နှင့် အခြားမျိုးနွယ်စုများပါဝင်)
၅ ဂေါ်ရီ ဂျိန်းဖောမျိုးနွယ်စု
၆ ခခူ ဂျိန်းဖောမျိုးနွယ်စု
၇ ဒူးလန်း ဂျိန်းဖောမျိုးနွယ်စု
၈ မရူ (လော်ဝေါ်) ၂ မရူ
၉ ရဝမ် ၃ ရဝမ် သို့မဟုတ် နုံး (ဒလောင်၊ တရုမ်း နှင့် အခြားမျိုးနွယ်စုများပါဝင်)
၁၀ လရှီ (လချိတ်) ၄ လရှီ
၁၁ အဇီး ၅ အဇီး သို့မဟုတ် ဇိုင်ဝါး
၁၂ လီဆူး ၆ လီဆူး သို့မဟုတ် ယောယင် သို့မဟုတ် လီရှော
၁၂ စုစုပေါင်း ၆ စုစုပေါင်း
နအဖရဲ့ ကယားလူမျိုးစာရင်းထဲမှာ လူမျိုး ၉ မျိုးပြထားတယ်။ ဒီထဲမှာ ဇယိမ်း၊ ကယန်း(ပဒေါင်)၊ ကဲ့ခို၊ ယင်း ဘော် ဆိုတဲ့လေးမျိုးဟာ တကယ်တော့ ကယန်း (ပဒေါင်) လူမျိုးရဲ့ အမည်ကွဲတွေ သို့မဟုတ် မျိုးနွယ်ကွဲတွေ သာဖြစ်လို့ နအဖပြောတဲ့ ၉ မျိုးဟာ လက်တွေ့မှာ ၅ မျိုးဘဲဖြစ်သွားပါတယ်။ ဂေဘားလူမျိုး ကတော့ ဘွဲကရင်ထဲမှာ ပါဝင်ပါတယ်။
နအဖစာရင်း အမှန်စာရင်း
၁ ကယား ၁ ကယား
၂ ဇယိမ်း ကယန်းမျိုးနွယ်စု
၃ ကယန်း(ပဒေါင်) ၃ ကယန်း (ပဒေါင်၊ ကဲ့ခို၊ ယင်းဘော်၊ ဇယိမ်းတို့ပါဝင်)
၄ ကဲ့ခို ကယန်းမျိုးနွယ်စု
၅ ဂေဘား ဘွဲကရင်မျိုးနွယ်စု
၆ ဘရဲ့(ကယော) ၃ ကယော
၇ မနုမနော ၄ မနုမနော
၈ ယင်းတလဲ ၅ ယင်းတလဲ
၉ ယင်းဘော် ကယန်းမျိုးနွယ်စု
၉ စုစုပေါင်း ၅ စုစုပေါင်း
နအဖရဲ့ကရင်လူမျိုး ၁၁ မျိုးစာရင်းဟာလည်း လူမျိုးတမျိုးထဲရဲ့ နာမယ်ကွဲတွေ၊ မျိုးနွယ်စုကွဲတွေကို သီးခြား လူမျိုးတွေအဖြစ် ဖန်တီးထားတယ်။ အားလုံးကိုလွှမ်းခြုံခေါ်တဲ့ ကရင်လူမျိုး ကသတ်သတ်၊ စကော ပိုး ဘွဲ စတဲ့လူမျိုး ကသတ်သတ်လုပ်ထားတာ အင်မတန်ရယ်စရာကောင်းပါတယ်။ လူမျိုးတွေဖောင်းပွစေချင်လွန်းလို့ ကြံမိကြံရာ လုပ်လိုက်တာ တိုင်းပြည်အုပ်ချုပ်နေတဲ့အစိုးရ အရည်အချင်းမဲ့မှုကို ပြတာလည်းဖြစ်သွားတယ်။ ကိုယ့်တိုင်းပြည်က လူမျိုးနာမယ်တောင် အမှန်အတိုင်းမသိဘဲ အစိုးရလုပ်နေရသလား၊ ဒါလောက်လေးမှ မသိဘူးလားလို့ အများမေးငေါ့စရာ ဖြစ်ကုန်ပါတယ်။ ကရင်လူမျိုးဟာ ၃ မျိုးဘဲရှိပါတယ်။ ပကူး၊ တလှေပွား၊ မောနေပွားဆိုတာတွေဟာ စကောကရင် မျိုးနွယ်ကွဲတွေဖြစ်သလို ကရင်ဖြူ၊ ပလေကီးကတော့ ဘွဲကရင်ရဲ့ အမည်ကွဲနဲ့ မျိုးနွယ်ကွဲသာဖြစ်ပါတယ်။ မိုးပွား နဲ့ မွန်ကရင်ဆိုတာ ပိုးကရင်ဖြစ်ပြီး စာဖြူကရင်ဆိုတာကတော့ လူမျိုးကိုပြောတာမဟုတ်ဘဲ ခရစ်ယန်ဘာသာဝင်တွေကို ပြောတာဖြစ်တဲ့အတွက် နအဖရဲ့ ကလိမ်ကကျစ်လုပ်မှုကို ထင်ရှားနေစေပါတယ်။
ကယား၊ ကယန်းလူမျိုးများဟာ ရင်းမြစ်အားဖြင့် ဘွဲကရင်လူမျိုးဖြစ်ပေမဲ့ မျက်မှောက်ကာလမှာတော့ သီးခြား လူမျိုးတွေအဖြစ် ရပ်တည်သွားကြပါပြီ။ ကယားလူမျိုးထဲထည့်ထားတဲ့ ဂေဘားလူမျိုးကလည်း ဘွဲကရင်ဘဲ ဖြစ်ပါတယ်၊ သီးခြားလူမျိုးအမှတ်အသားလက္ခဏာ ခံယူတဲ့အနေအထားမရှိသေးဘဲ ဘွဲကရင်မျိုးနွယ်ကွဲ အမှတ်အသား လဏ္ခာကိုသာ ခံယူနေဆဲဖြစ်ပါတယ်။ ပအိုဝ်းလူမျိုးကတော့ နဂိုမူလရင်းမြစ်အားဖြင့် ပိုးကရင်ဖြစ်ပေမဲ့ အခုတော့ သီးခြားလူမျိုးလက္ခဏာ ခံယူထားပြီဖြစ်တယ်။
နအဖစာရင်း အမှန်စာရင်း
၁ ကရင် စကော၊ ပိုး နှင့် ဘွဲ တို့ကို ခြုံ၍ခေါ်သောအမည်
၂ ကရင်ဖြူ ဘွဲကရင်မျိုးနွယ်စု သို့မဟုတ် အမည်ကွဲ
၃ ပလေကီး ဘွဲကရင်မျိုးနွယ်စု
၄ မွန်ကရင်(စာဖြူ) ပိုးကရင်အမည်ကွဲ၊ စာဖြူဆိုသည်မှာ ခရစ်ယန်ဘာသာဝင်ကို ဆိုလို
၅ စကော ၁ စကော (ပကူး၊ တလှေပွား၊ မောနေပွား နှင့် အခြားမျိုးနွယ်စုများပါဝင်)
၆ တာလှေပွား စကောကရင်မျိုးနွယ်စု
၇ ပကူး စကောကရင်မျိုးနွယ်စု သို့မဟုတ်အမည်ကွဲ
၈ ဘွဲ ၂ ဘွဲ (ကရင်ဖြူ၊ ပလေကီး၊ ဂေဘား နှင့် အခြားမျိုးနွယ်စုများပါဝင်)
၉ မောနေပွား စကောကရင်မျိုးနွယ်စု
၁၀ မိုးပွား ပိုးကရင်မျိုးနွယ်စု
၁၁ ရှူး (ပိုး) ၃ ပိုး (မိုးပွား၊ မွန်ကရင်နှင့် အခြားမျိုးနွယ်စုများပါဝင်)
၁၁ စုစုပေါင်း ၃ စုစုပေါင်း
နအဖစာရင်းထဲမှာ အဆိုးဆုံးကတော့ ချင်းလူမျိုး ၅၃ မျိုးပြထားတာပါဘဲ။ ထုံးစံအတိုင်း ချင်း ဆိုတဲ့နာမယ် နဲ့ လူမျိုးတမျိုးလည်းပြထားပါသေးတယ်။ ၅၃ မျိုးထဲမှာ ချင်းလူမျိုးအဖြစ် အမှတ်အသားလက္ခဏာ identity မသတ်မှတ်နိုင်တဲ့ နာဂ၊ မဏိပူရနွယ်ဘွား ကသည်း နဲ့ နီပေါနွယ်ဘွား လင်းဘု ကိုလည်းထည့်ထားတယ်။ ဒီကနေ့ ချင်း နိုင်ငံရေးပါတီတွေနဲ့ပညာရှင်များ လက်ခံအတည်ပြုထားတာ ချင်းလူမျိုး ၈ မျိုးဘဲဖြစ်ပါတယ်။ လူမျိုး Race/Tribe မဟုတ်တဲ့ မျိုးနွယ်စု/ဆွေမျိုးစု Clan၊ စကားဝဲအစု Dialect တွေကို ရောနှောပြထားတဲ့ ၅၃ မျိုးကို သရုပ်ခွဲလိုက် ရင် အခုလိုတွေ့ရပါတယ်။
နအဖစာရင်း အမှန်စာရင်း
(၁) ချင်း ဇိုမီး၊ ကူကီး၊ လိုင်မီး၊ မရာ၊ ချိုမီး၊ ခမီး၊ ရှိုမီး နှင့် မီဇိုတို့ကို လွှမ်းခြုံခေါ်သောအမည်
(၁၀) ခေါနိုး၊ ဂန်တဲ့၊ ဂွေးတဲ၊ ငွန်း၊ ဆီစာန်၊ ဆိုင်းဇန်၊ ဇို၊ တီးတိန်၊ တေဇန်၊ ဒင်မ် ၁ ဇိုမီးချင်း
(၂) ခေါင်ဆိုင်၊ တာ့ဒိုး ၂ ကူးကီးချင်း
(၁၅) ခွာဆင်းမ်၊ ခွန်လီ၊ ဆင်တန်၊ ဇာဟောင်၊ ဇိုဖေ၊ ဇန်ညှပ်၊ တပေါင်၊ တိုင်ချွန်း၊ တောရ်၊ လင်တဲ၊ လောက်တူ၊ လိုင်၊ လိုင်ဇို ၃ လိုင်မီးချင်း
(၂) မရာ၊ မတူ၊ ဇိုတုံး ၄ မရာ
(၅) ဒိုင် (ယင်ဒူး)၊ မကန်း၊ မွင်း၊ အုပု၊ ရောင်တူ ၅ ချိုမီးချင်း
(၇) ခမီ၊ အဝခမီ၊ ခေါင်စို၊ ပနန်း၊ လေးမြို၊ ဝါကင်းမ်၊ အနူး ၆ ခမီးချင်း(မြို)
(၂) ဆလိုင်း၊ အရှို ၇ ရှိုမီးချင်း
(၃) ကလင်ကော (လူရှိုင်း)၊ လူရှိုင်း (လူရှေ)၊ ဟွာလ်ငို ၈ မီဇိုချင်း (လူရှိုင်း)
(၄) နာဂ၊ တန်ခူး၊ မာရင်၊ အနန် နာဂ
(၁) မေ့ထေး(ကသည်း) မဏိပူရ
(၁) လင်းဘု နီပေါ
၅၃ စုစုပေါင်း ၈+၃ စုစုပေါင်း
ကူကီး (သာဒိုး) ဟာ ရင်းမြစ်အားဖြင့် ဇိုမီးလူမျိုးဖြစ်ပေမဲ့ အခုတော့ သီးခြားလူမျိုးအဖြစ် ရပ်တည်ပါပြီ။ လိုင်မီး ရင်းမြစ်ဖြစ်တဲ့ မရာ ဟာလည်း အခု သီးခြားလူမျိုးအဖြစ် ရပ်တည်နေပါပြီ။ နအဖဟာ ခမွီးနဲ့မြို ကို ရခိုင်လူမျိုး ထဲထည့်မထားရင် ချင်း ၅၅ မျိုး ဖြစ်သွားနိုင်တယ်။ ချင်းပုန်း၊ ချင်းဘုတ် စတဲ့နာမယ်ကွဲတွေ ထပ်ထည့်လိုက်ရင် နအဖရဲ့ ချင်းစာရင်းဟာ ၁၀ဝ နားကပ်သွားနိုင်ပါတယ်။ နာဂလူမျိုးကိုတော့ ချင်းလူမျိုးထဲ သတ်မှတ်ထည့်သွင်းလို့မရဘဲ သီးခြားမြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးတမျိုးအဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ နအဖရဲ့ချင်းတွေလိုဘဲ နာဂထဲက ဆွေမျိုးစု၊ စကားဝဲအစုတွေက အနည်းဆုံး ၆၄ မျိုးရှိလို့ ချင်းထက်များပါတယ်။ နာဂလူမျိုးမှာ ပြည်နယ်မရှိလို့ ချင်းလို လူမျိုး အများကြီး ခွဲမပြတာဖြစ်ပါလိမ့်မယ်။ နို့မဟုတ်ရင် နအဖရဲ့ မြန်မာပြည် “တိုင်းရင်းသားအရေအတွက်” ၃၀ဝ ကျော်သွား နိုင်ပါတယ်။
နအဖစာရင်း အမှန်စာရင်း
၁ ဗမာ ၁ ဗမာ(ယော)
၂ ထားဝယ် ၂ ထားဝယ်
၃ ဘိတ် ထားဝယ်စကားဝဲအစု
၄ ယော ဗမာစကားဝဲအစု
၅ ယဗိန်း ၃ ယဗိန်း
၆ ကဒူး ၄ ကဒူးကနန်း
၇ ကနန်း ကဒူးကနန်းမျိုးနွယ်စု
၈ ဆလုံ ဆလုံ
၉ ဖွန်း ဖွန်း
၉ စုစုပေါင်း ၄+၂ စုစုပေါင်း
နအဖက ဗမာလူမျိုးစုအရေအတွက်ကို နဝင်းကျေအောင် ၉ ခုပြထားပါတယ်။ ယော၊ ထားဝယ်နဲ့ ဘိတ် တို့ကို သီးခြားလူမျိုးတွေအဖြစ် ပြထားတယ်။ စကားဝဲ dialect အစုကွဲသာဖြစ်တယ်လို့ မနုဿဗေဒပညာရှင်များနဲ့ ဘာသာဗေဒပညာရှင်များ သတ်မှတ်ထားတာ အားလုံးအသိပါဘဲ။ အခုအချိန်ထိတော့ ဒီအစုတွေဟာ သီးခြားလူမျိုးသရုပ်လက္ခဏာနဲ့ ရပ်တည်ချင်စိတ်ပြင်းပြတာ ကျယ်ကျယ်ပြန့်ပြန့်မရှိသေးပါဘူး။ နောင်မှာတော့ ဘိတ်နဲ့ထားဝယ်ဟာ သီးခြားသရုပ်လက္ခဏာနဲ့ ရပ်တည်ချင် ရပ်တည်လာနိုင်ပါတယ်။ နအဖဟာ ရှမ်းပြည်က သီးခြားဗမာလူမျိုးစုအနွယ်ဝင် ဓနု၊ တောင်ရိုးနဲ့ အင်းသား ကိုတော့ ရှမ်းလူမျိုးထဲ ထည့်ထားပါတယ်။ ကဒူးနဲ့ကနန်းကိုလည်း ခွဲပြထားသလို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် ထဲက ဖွန်းလူမျိုးနဲ့ တိဘက်-မြန်မာအနွယ်မဟုတ်တဲ့ ဆလုံတွေကို ဗမာလူမျိုးထဲ ထည့်ထားတာတွေဟာ မနုဿဗေဒ အသိ နုံ့နဲ့ရာကျပါတယ်။ စစ်ကိုင်းတိုင်းထဲက နာဂတွေကျတော့ ချင်းလူမျိုးထဲထည့်ထားပေမဲ့ ကချင်ပြည်နယ်ထဲက ကဒူး ကနန်းတွေကိုတော့ ဗမာလူမျိုးထဲ ထည့်ထားတယ်။
နအဖဟာ မွန်ကိုတော့ တမျိုးထဲပဲပြထားပြီး တခြားမွန်ခမာမျိုးနွယ်တွေဖြစ်တဲ့ ဝ၊ ပလောင်၊ ယင်းနက် ယင်းကျား စတာတွေကို ရှမ်းလူမျိုးတွေထဲထည့်ပြထားပါတယ်။
နအဖစာရင်း အမှန်စာရင်း
၁ မွန် ၁ မွန်
၁ စုစုပေါင်း ၁ စုစုပေါင်း
နအဖစာရင်း အမှန်စာရင်း
၁ ရခိုင် ၁ ရခိုင်
၂ ကမန် ၂ ကမန်
၃ ခမွီး ခမီးချင်း
၄ ဒိုင်းနက် ၃ ဒိုင်းနက်
၅ မရမာကြီး ၄ မရမာကြီး
၆ မြို ခမီးချင်းမျိုးနွယ်စု
၇ သက် ၅ သက်
၇ စုစုပေါင်း ၅ စုစုပေါင်း
ရခိုင်လူမျိုးကို ၇ မျိုးစာရင်းပြထားရာမှာ တကယ်တော့ ခမွီး နဲ့မြို (မရို) ဟာ ရခိုင်ပြည်မှာနေတဲ့ ခမီးချင်းတွေ ဖြစ်ပြီး နအဖရဲ့ ချင်း ၅၃ မျိုးဆိုတဲ့အထဲပါပြီးဖြစ်ပါတယ်။ ဒါ့အပြင် ခမွီးနဲ့မြို ဟာ သီးခြားလူမျိုးနှစ်မျိုးမဟုတ်ဘဲ တမျိုးတည်းအောက်က မျိုးနွယ်ကွဲတွေသာ ဖြစ်ပါတယ်။
နအဖစာရင်းပါ ရှမ်း ၃၃ မျိုးကတော့ ရှမ်းတင်မကဘဲ ဗမာမျိုးနွယ်တွေ၊ တခြား တိဘက်ဗမာမျိုးနွယ်တွေ၊ မွန်ခမာ မျိုးနွယ်တွေစသဖြင့် ရောထွေးနေပါတယ်။ ရှမ်းကြီးနဲ့ တိုင်းလုံ ဆိုတာ တခုတည်းဖြစ်ပြီး ရှမ်းကလေးနဲ့ တိုင်းလေ့ ဟာလည်း တမျိုးတည်းဖြစ်တယ်။ ခန္တီးရှမ်း နဲ့ တိုင်းလျမ် ကိုပြထားပေမဲ့ တိုင်းနူ (ရှမ်းတရုတ်)၊ တိုင်းလီ၊ တိုင်းလျန် (ရှမ်းနီ) နဲ့ ဒရယ် ကိုချန်ထားတယ်။ တိုင်း (ရှမ်း) လူမျိုးတွေဟာ သီးခြားလူမျိုးတွေအဖြစ် သရုပ်လက္ခဏာခံယူမလား၊ တိုင်းလူမျိုးကြီးထဲက မျိုးနွယ်ကွဲ၊ စကားဝဲ အစုကွဲတွေအဖြစ်သာ ခံယူမလား ဆိုတာတော့ ဆက်လက်ဖော်ထုတ်ရအုံးမှာ ဖြစ်ပါတယ်။
အင်၊ စုံ၊ ဝ၊ အိုက်ဆွယ် နဲ့ တိုင်းလွယ် တို့ဟာ တမျိုးတည်း ဖြစ်ပါတယ်။ (တိုင်းလွယ် ကိုတော့ သီးခြားမွန်ခမာလူမျိုးတခု အဖြစ် ယူလို့ရနိုင်တယ်။) ကွီ နဲ့ လားဟူ မကွာသလို ဖျင်နဲ့ အခါလည်း အတူတူပါဘဲ။ ပလေးနဲ့ပလောင် တမျိုးတည်း ဖြစ်သလို မြောင်ဇီး၊ ယအို (ယောင်) တမျိုးတည်းဖြစ်ကြပါတယ်။ နယ်ချင်းထိစပ်နေလို့ တရုတ် လူမျိုးကို ဗမာပြည်ရဲ့ တိုင်းရင်းသား ကိုးကန့်လူမျိုးအဖြစ် သတ်မှတ်ထားတာတွေ့ရသလို ယွန်း (မြောက်ပိုင်းထိုင်း) လူမျိုး၊ ခမူ (လော) လူမျိုး၊ ရှမ်းကလေး (ဝါ) တိုင်းလေ့ (ထိုင်း)၊ တိုင်းလျမ် (ယူနန်) လူမျိုးတို့ကိုလည်း မြန်မာနိုင်ငံ တိုင်းရင်းသား လူမျိုးအဖြစ် သတ်မှတ်ထားတာတွေ့ရတယ်။ ချင်းပြည်ဘက်မှာလည်း ကသည်း (မဏိပူရ) လူမျိုး၊ လင်းဘု (နီပေါ) လူမျိုးတို့ကို တိုင်းရင်းသားသတ်မှတ်ထားပေမဲ့ အလားတူ ဗမာပြည်နယ်နိမိတ်ထဲ နေထိုင်နေတဲ့ တိုင်းလိ (ယူနန်)၊ ပသျှူး (မလေး)၊ တိဘက်၊ ဂေါ်ရခါး (နီပေါ)၊ စစ်တကောင်းဘင်္ဂါလီ/ရိုဟင်ဂျာ (ဘင်္ဂလားဒေ့ရှ်) တို့ကိုတော့ တိုင်းရင်းသားအဖြစ် ဖော်ပြထားတာမတွေ့ရပါဘူး။
နအဖစာရင်း အမှန်စာရင်း
(၃) ရှမ်း၊ ရှမ်းကြီး၊ တိုင်းလုံ ၁ တိုင်းလုံ (တိုင်းယိုင်)
(၁) ဂုံ ၂ တိုင်းခွန် (ဂုံ)
(၁) မောရှမ်း ၃ တိုင်းမော
(၁) တိုင်းလျမ် ၄ တိုင်းလျမ် (ယူနန်)
(၁) ခန္တီးရှမ်း ၅ တိုင်းခမ်းတီး
(၂) ရှမ်းကလေး၊ တိုင်းလေ့ ၆ တိုင်းနွဲ့ (ထိုင်း)
(၁) ယွန်း ၇ တိုင်းယွန်း (ဇင်းမယ်ထိုင်း)
(၂) ပလေး၊ပလောင် ၈ ပလောင်
(၃) ဝ၊ အင်၊ စုံ၊ အိုက်ဆွယ် ၉ ဝ
(၁) တိုင်းလွယ် ၁၀ တိုင်းလွယ် (ဝ)
(၁) ဓနု ၁၁ ဓနု
(၁) တောင်ရိုး ၁၂ တောင်ရိုး
(၁) ဓနော ၁၃ ဓနော
(၂) လားဟူ၊ ကွီ ၁၄ လားဟူ
(၂) ကော်၊ ဖျင် ၁၅ အခါ
(၁) ခမူ ၁၆ ခမူ (လော)
(၃) မြောင်ဇီး၊ ယောင် ၁၇ မြောင်
(၁) ကိုးကန့် ၁၈ ကိုးကန့် (တရုတ်)
(၁) အင်းသား ၁၉ အင်းသား
(၁) ပအိုဝ်း ၂၀ ပအိုဝ်း
(၂) ယင်းကျား၊ ယင်းနက် ၂၁ ယင်း
(၁) မိုင်းသာ ၂၂ မိုင်းသာ
၃၃ စုစုပေါင်း ၂၂ စုစုပေါင်း
ဒါကိုချုပ်ကြည့်လိုက်ရင် နအဖပြောတဲ့ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဆိုတာမှာ ၇၆ မျိုးဟာ စာရင်းထပ်နေတာ၊ လုပ်ကြံတည်ထွင်ထားတာဖြစ်နေပြီး (၅၉) မျိုးသာ တကယ်အမှန်အကန်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ဗမာပြည်မှာ လူမျိုး ၅၉ မျိုးသာရှိတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ထမန်၊ တိဘက်၊ ဂေါ်ရခါး၊ တိုင်းလျန်၊ တိုင်းလိ၊ တိုင်းနူ၊ ဒရယ်၊ မလေး-ပသျှူး၊ ဗမာမူဆလင်၊ စစ်တကောင်းသားဘင်္ဂါလီ/ရိုဟင်ဂျာ တို့လို ဒီစာရင်းထဲမပါဘဲ ကျန်နေတဲ့လူမျိုးတွေ ပေါင်းလိုက်ရင် (၆၉) မျိုး ရှိပါတယ်။ ဒီထဲမှာ ယဗိန်း၊ ဓနော၊ ဒရယ်၊ ထမန်၊ ဖွန်း၊ ခမူတို့ဟာ မျိုးတုံးလုဆဲဆဲ၊ သို့မဟုတ် လူဉီးရေရာဂဏန်းလေး သာရှိတဲ့ လူမျိုးတွေဖြစ်ပါတယ်။ ဒါ့အပြင် သီးခြားလူမျိုးအဖြစ် အမှတ်လက္ခဏာသစ်ခံယူလိုတဲ့ သို့မဟုတ် မခံယူလိုတဲ့ မျိုးနွယ်ကွဲတွေ ရှိနိုင်ပါသေးတယ်။
ရှမ်းလူမျိုးကွဲတွေထဲက သီးခြားလက္ခဏာအမှတ်အသား မခံယူလိုတာရှိရင် ၅၉ သို့မဟုတ် ၆၉ မျိုးထက် လျော့နိုင်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဗမာပြည်ရဲ့ တိုင်းရင်းသားလူမျိုးအရေအတွက်ဟာ ၇၀ မကျော်ပါဘူး။ ဒါပေမဲ့ နအဖဟာ တိုင်းရင်းသားလူမျိုး အရေအတွက် ဆယ်ဂဏန်းမပြည့်လည်း အကြောင်းအမျိုးမျိုးပြပြီး စစ်အာ ဏာရှင်စနစ် ထူထောင်မှာပါဘဲ။ နအဖ စကား၊ နအဖ စာရင်းတွေဟာ ဘယ်လိုမှ စိတ်ချယုံကြည်စရာမရှိဘူး ဆိုတာရယ်၊ ကိုယ်အုပ်ချုပ်နေတဲ့ နိုင်ငံထဲက လူမျိုးတွေကိုတောင် မှန်မှန်ကန်ကန် စာရင်းကောက်နိုင်တဲ့ အရည် အချင်းမရှိဘူးဆိုတာကိုတော့ ၁၃၅ မျိုးစာရင်းက သက်သေခံနေပါတယ်။
-
ရည်ညွန်း။ ၁) Ethnologue ၂) Encyclopedia Britannica ၃) Encyclopedia Encarta ၄) မြန်မာ့စွယ်စုံကျမ်း
ဂါမဏိ
-(၂၀၀၅ မတ်လ ခေတ်ပြိုင်စာစောင်အွန်လိုင်းမှာ ဖော်ပြပြီး)
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar