မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ဟာရှိန်း၊ မြသွေးနှင်းဆီ၊ ဘုန်းနိုင်လင်း
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
မေ ၂၁၊ ၂၀၂၁
-
တော်လှန်ရဲဘော်
မြင်ရတဲ့တောင်တန်းကိုရောက်ဖို့
ငါဆင်းပြီးတက်ခဲ့မယ်
မြွေလိမ်မြွေကောက် မတ်တပ်တက် မတ်တပ်ဆင်း
ကျောက်ကြမ်း ကျောက်တော
သစ်ခိုးထုတ်တဲ့သစ်ဆွဲလမ်းတွေမှာ
အသက်ကိုမျှော်လင့်ချက်နဲ့သယ်ပိုးကြ
ဆာလောင်နေတဲ့မျက်ဝန်းတွေအတွက်
တော်လှန်ရေးကိုယုံကြည်ချက်နဲ့ ထုပ်ပိုးကြ
ဘဝဟာအိပ်မက်လိုပါလား
ကြုံနေရတာတွေဟာ ဇာတ်လမ်းတပုဒ်လိုပါလား
ငါ့ညီကဗျာဆရာကပြောတယ်
ဒီပွဲမနိုင်ရင် စစ်ထဲဝင်မယ် ကြိုးစားမယ်
အောင်မြင်တဲ့တနေ့ ခေါင် ကိုတေ့ဖြုတ်ပစ်လိုက်မယ်
ငါကပြန်ပြောပါတယ်
မင်းရုပ်ကစစ်သားရုပ်ဘယ်တော့မှထွက်လာမှာမဟုတ်ဘူးလို့
နောက်ထပ်ဘာညာသာရကာတွေ
ဒီပွဲကိုငါတို့နိုင်မှရမယ်
မင်းဆီကိုရောက်ဖို့ ငါဆင်းပြီးတက်ခဲ့မယ်
တောင်ထိပ်မှာ အောင်ပွဲအလံကိုငါတို့လွှင့်ကြဖို့။
ဟာရှိန်း
- (ဆရာဟာရှိန်းသည် ချင်းပြည်နယ်တနေရာတွင် မိသားစုနှင့်အတူ စစ်ဘေးရှောင်ရင်း ကဗျာရေးသားကာ စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲဝင်လျက်ရှိသည်။)
...
မပျော်တဲ့ နေ့ညများ
အသက်နဲ့မမြဲလို့ အိမ်မပြန်နိုင်တဲ့ကလေးတွေ
အသက်နဲ့တွဲလည်း အိမ်မပြန်ရဲတဲ့ကလေးတွေ
မိခင်တွေအားလုံး ကြေကွဲရအသည်းတွေ။
ကတ်ထဲရှိလည်း သုံးမရ
စက်ထဲရှိလည်း ထုတ်မရ
ရပ်မြဲရပ်နေလည်း တုံကင်မရ
ခက်ဆဲခက်နေရတဲ့ မရှိခြင်းဘဝတွေ။
ကံဆိုတာ လူလုပ်သမျှတဲ့
လုပ်သမျှလူက မှန်ဖို့တော့လိုမှာပေါ့။
အကြံရခက်ဘူးလား
လကုန်လို့ အိမ်လခမပေးနိုင်တာမျိုး
နေမကောင်းလို့ စပ်ဆေးလေးနဲ့မှိန်းနေရတာမျိုး
ဥပုသ်စောင့်တယ်ပြောပြီး တစ်နပ်စာလျှော့ပေးလိုက်မိတာမျိုး။
အေးပါ
ငါတို့ပဲမှားတာပေါ့
အငိုခက်တဲ့နေ့တွေ စာလုံးပေါင်းပြီး
အရှိုက်ခက်တဲ့ညတွေ မြိုမြိုချရင်းနဲ့လေ။
မြသွေးနှင်းဆီ
၂၀ မေ ၂၀၂၁
...
တော်လှန်ရေးပန်း
စိန်ပန်းနီနီတွေကိုငေးရင်း
ယုံကြည်ချက်နဲ့ပွင့်ဝေနေပုံက
မျော်လင့်ချက်ရဲရဲ နွေထဲမှာ။
သမိုင်းခြေရာအငေးထဲ
ခေတ်စနစ်ကိုပြောင်းသစ်စေတဲ့အရာ
ယုံကြည်ချက်ခိုင်မာတ ဲ့နိုင်ငံရေး
နိုင်ငံရေးခိုင်မာတဲ့ တော်လှန်ရေး
ရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်တွေ ပွင့်ခဲ့အနီ။
ယုံကြည်ခြင်းရဲ့အောင်ပန်းဆိုတာ
တော်လှန်ရေး ရင့်မှည့်ချိန်ပေါ့။
ရုန်းထွက်ရာလမ်းပေါ်.....
ကမ္ဘာ့မြေ မြန်မာ့နွေမှာ
ပွင့်လိုက်စမ်း စိန်ပန်းနီနီတွေ။
ဘုန်းနိုင်လင်း
6 May 2021
...
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar