Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - ချောဘသစ်၊ ဇင်နှင်းသစ်(ရွှေတောင်မြေ)၊

Art - Than Htay Maung
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ 
မေ ၂၇၊ ၂၀၂၁
ကဗျာကိုပြည်သူတွေ ဆက်ရေးနေတယ်

ဟာမူရာဘီရဲ့အိပ်မက်နဲ့အတူ
ငါတို့ပြည်သူတွေနိုးထလာခဲ့ပြီ ...

မေ့လည်း မပစ်ဘူး
ခွင့်လည်းမလွှတ်ဘူး
ဘီလူးဆိုင်းတီးရင် ဘီးလူးက ကရတာပဲ
အသက်အသက်ချင်း
ငါတို့ဘက်က ဓမ္မဘက်က ​လောင်းထားတယ်

လာလိုလာလော့ရှင်သေမင်း...
မင်းလည်း အဓမ္မဘက်ကဆိုရင်
သေကိုသေရလိမ့်မယ်
ပြည်သူသည်သာ ရှင်နေခြင်း ...

ချောဘသစ်
မေ၂၄ ၊ ၂၀၂၁

...

အခင်းအကျင်း

အခင်းအကျင်းကို ဘဝခေါ်သလား
အလှတရားမှ မရှိရင် ဘာနဲ့ခင်းကျင်းပြသမှာလဲ
ဒုက္ခဟာ အလှပါပဲ
ဒုက္ခကို စိတ္တသုခနဲ့ခင်းကျင်းတော့
ကျောင်းဖြစ်သွားတဲ့ အခင်းမှာ
စိတ်ကို စိတ်တစ်ခုနဲ့ ထိန်းကျောင်းရမယ်ဆိုတဲ့အကြောင်း
အခင်းအကျင်းက ပြောလာတယ်။

ကမ္ဘာမြေကို ဆွဲအားနဲ့
တွန်းအားက ဖြစ်တည်ပေးတယ်
ဘ၀ကို လောကဓံက ဆွဲချ
စိတ်ထန်က တွန်းတင်မပေးခဲ့ရင်။

အလှကို အပူဒဏ်နဲ့အအေးဓာတ်က မျှဝေထိန်း၍
ကြွေကျချိန်ကို ဖူးပွင့်ချိန်ကတရွေ့ရွေ့ ဆွဲခေါ်လာခဲ့၍
သစ်ရွက်တွေ အကာအရံနဲ့ မှ
စိမ်းဆိုခြင်းကို သရုပ်ပြနိုင်သော ပန်းတို့ဘ၀
လေတိုက်မှလည်း ယိမ်းနွဲ့မယ်
မုန်တိုင်လာမှလည်း မာကျောမယ်
မိုးရွာမှလည်း အလှဟာ ထည်၀ံ့မယ်။

          ဇင်နှင်းသစ် (ရွှေတောင်မြေ)
          ၂၆.၅.၁၈ 
ညနေ ၅း၄၅

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar