Breaking News

အောင်ဝေး - အရိုးများ

Image- Google.com

အရိုးများ
အောင်ဝေး
မိုးမခ
ဇူလိုင် ၁၊ ၂၀၂၁


မြေကြီးကို ဖွင့်လိုက်ရင်
ကျဆုံးသွားတဲ့ ပန်းပွင့်တွေရဲ့အရိုးကို တွေ့မယ်။
မြေကြီးကို ဖွင့်ကြည့်လိုက်ရင်
ကျဆုံးသွားတဲ့ လမ်းတွေရဲ့အရိုးကို တွေ့မယ်။
မြေကြီးကို ဖွင့်လိုက်ကြစမ်း
ကျဆုံးသွားတဲ့ ဓားတွေရဲ့အရိုးကို တွေ့မယ်။
မြေကြီးကို ဖွင့်ကြည့်လိုက်ကြစမ်း
ကျဆုံးသွားတဲ့တံတားတွေရဲ့အရိုးကို တွေ့မယ်။
မြေကြီးကို ဖွင့်လိုက်ပေါ့
ပျောက်ဆုံးနေတဲ့ ကြယ်တွေရဲ့အရိုးကို တွေ့လိမ့်မယ်။
မြေကြီးကို ဖွင့်ကြပေါ့
ပျောက်ဆုံးနေတဲ့ ရနံ့တွေရဲ့အရိုးကို တွေ့လိမ့်မယ်။
မြေကြီးကို ဖွင့်လိုက်စမ်း
ပျောက်ဆုံးနေတဲ့ အော်သံတွေရဲ့အရိုးကို တွေ့လိမ့်မယ်။
မြေကြီးကို ဖွင့်ကြစမ်း
ပျောက်ဆုံးနေတဲ့ ပင်လယ်ရဲ့အရိုးကို တွေ့လိမ့်မယ်။
ငါတို့ တော်လှန်ရေးလုပ်နေတာ
ဘုရားသခင်နဲ့ ကြွေအန် ကစားနေတာမဟုတ်ဘူး။
ငါတို့ အရေးတော်ပုံ ဆင်နွှဲနေတာ
အစိမ်းရောင်ဝံပုလွေတွေနဲ့ ကခုန်နေတာ မဟုတ်ဘူး။
တော်လှန်ရေးလုပ်နည်းသိလို့
တော်လှန်ရေးသမား ဖြစ်လာတာမဟုတ်ဘူး။
တော်လှန်ရေးလုပ်ပြီး
တော်လှန်ရေးသမား ဖြစ်လာတဲ့ကောင်တွေပါကွ။
အရေးတော်ပုံစာအုပ်ဖတ်ပြီး
အရေးတော်ပုံတပ်သား ဖြစ်လာတာ မဟုတ်ဘူး။
အရေးတော်ပုံစာအုပ်ရေးပြီး
အရေးတော်ပုံတပ်သား ဖြစ်လာတဲ့ကောင်တွေပါကွ။
ဟရောင် ... မင်း မသေနဲ့ဦးကွ
သေရင် ဘာမှ လုပ်လို့ မရတော့ဘူး။
ဒါပေမဲ့၊ သေသွားရင်လည်း
သေတဲ့လူတွေက ရှင်တဲ့လူတွေထက်သာသတဲ့
ကဗျာဆရာကပြောတယ်။
"လူသေတွေက
ငါတို့ထက်သာတယ်
လျှိူ့ဝှက်လာတဲ့အရာကို
ဘယ်တော့မှ ဖော်ကောင်မလုပ်ကြဘူး" တဲ့
ကဗျာဆရာနိုင်မွန်အောင်သွင်က ပြောတယ်။
ငါတို့ မသေသေးလည်း
သေသူတွေအပေါ်မှာ သစ္စာရှိရမယ်
လျှို့ဝှက်အပ်တဲ့အရာကို လျှို့ဝှက်ရမှာပေါ့သားကြီးရာ။
ငါတို့ လျှိူ့ဝှက်လာတဲ့အရာ
မြေကြီးကို ဖွင့်ကြည့်လိုက်
အရိုးတွေ တောင်လိုပုံနေတာ တွေ့ရမယ်။
အဲဒီ အရိုးတွေကို ကြည့်လိုက်
မင်း ကြည့်လိုက်
အရိုးတစ်ခုချင်း တစ်ခုချင်းဆီမှာ
နှင်းဆီနီ တစ်ပွင့်စီ တစ်ပွင့်စီပွင့်နေတာ
မင်း မြင်ရင် မအံ့သြနဲ့။
တစ်တောလုံး ကြွေရင်
တစ်တောလုံး ဝေမယ် သူငယ်ချင်း။
အဲဒါ၊ စစ်အာဏာရှင်ခေတ်အဆက်ဆက်
အသက်ပေးခဲ့တဲ့
တော်လှန်သူတို့ သွေးစက်တွေ။
မပ်က္မျပယ္ပဲ
စေးခဲမာကျော ကျောက်သားလို
အရိုးဖြစ်လာတဲ့ အရိုးတွေပေါ့။
နှင်းဆီတောကြီးတစ်ခုလုံး
မီး ဟုန်းဟုန်းတောက်
မြေကြီးအောက်ရောက်ရတဲ့အခါ
တောက်ပကျန်ရစ်တဲ့ အရိုးတွေပေါ့။
မင်းတို့ ငါတို့မှ မဟုတ်ပါဘူးကွာ
ပန်းကလေးတစ်ပွင့်မှာလည်း အရိုးရှိတာပဲ။
လမ်းတွေမှာ အရိုးရှိသလို
ဓားတွေမှာလည်း ရှိသပေါ့။
တံတားရဲ့ အရိုး
ကြယ်တွေရဲ့ အရိုး
ရနံ့ရဲ့ အရိုး
အော်သံရဲ့ အရိုး
ပင်လယ်ရဲ့ အရိုး။
အရိုးတွေ၊ အရိုးတွေ
အရိုးတွေက အရိုးတွေကို
အရိုးတွေလို ပုံထားတဲ့ အရိုးတွေပေါ့။
ဟော- ဆဲဗင်းဂျူလိုင်က စရင်
အခု၊ မပြီးဆုံးသေးတဲ့ နွေဦးတော်လှန်ရေးအထိ။
အားလုံးဟာ ပန်းပွင့် ဖြစ်တယ်
အားလုံးဟာ လမ်း ဖြစ်တယ်
အားလုံးဟာ ဓား ဖြစ်တယ်
အားလုံးဟာ တံတား ဖြစ်တယ်
အားလုံးဟာ ကြယ် ဖြစ်တယ်
အားလုံးဟာ ရနံ့ ဖြစ်တယ်
အားလုံးဟာ အော်သံ ဖြစ်တယ်
အားလုံးဟာ ပင်လယ် ဖြစ်တယ်
အားလုံးဟာ အနာဂတ်ကို တွန်ကျူးမဲ့ အရိုးတွေ ဖြစ်တယ်။
ကိုဗဆွေလေးလမ်းပေါ်မှာ
မြသွဲ့သွဲ့ခိုင်ပန်းပွင့် တွေ့လား။
ဆလိုင်းတင်မောင်ဦးဓားသွားမှာ
ကေဇဝင်းကြယ် မြင်လား။
ကိုဖုန်းမော်တံတားထက်မှာ
ခန့်ပြားဟိန်းအော်သံကြားလား။
ရွှေဝါရောင်ပင်လယ်မှာ
အိန်ဂျယ်ရနံ့ ရလား။
အားလုံးဟာ နွေဦးကို စိုက်ပျိုးပြီးရင်
အောင်ပွဲကို မလွဲမသွေရိတ်သိမ်းရမဲ့
ဇာတ်သိမ်းခန်းရောက်တဲ့အခါ။
အားလုံးဟာ ရာဇဝင်ကို အသစ်ရေးထိုးမဲ့
သူရဲကောင်းတို့ရဲ့ အရိုးတွေပေါ့။
ငါတို့ တစ်သက္လုံး လျှိူ့ဝှက်လာတဲ့အရာ
မြေကြီးကို ဖွင့်ကြည့်လိုက်
မိုးကောင်းကင်ကို တွေ့ရလိမ့်မယ်။     ။

အောင်ဝေး
ဇွန် ၃၀၊ ၂၀၂၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar