Breaking News

မြန်မာနွေဦးတော်လှန်ရေးကဗျာများ - နှင်းခါးမိုး၊ မင်းငြိမ်းအေး

မြန်မာနွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဇွန် ၃၀၊ ၂၀၂၁
-
ဟေတုပစ္စယော

ဟိုနေ့က တောကြီးမျက်မည်း မိုးသဲသဲမှာ
ရွှဲရွှဲစိုနေတဲ့ကလေးလေးတ‌ယောက်၊
ဒီနေ့ အငွေ့တလူလူနဲ့
ပြာကျနေတဲ့ရွာတရွာ၊
မနက်လင်းလင်းချင်းတွေ့ရတာက
မြို့လယ်လမ်းတွေပေါ်က ‌ခွေးသေဝက်သေတွေ၊ 
ညအိပ်ရာမဝင်ခင် ဘာသံတွေကြားရအုန်းမလဲ
တစ္ဆေသရဲတွေက ပဌာန်းရွတ်တော့
လူတွေနတ်တွေမှာ နေစရာမရှိတော့ဘူး။

နှင်းခါးမိုး

-

မြန်မာပြည်မြေပုံ

သဲလွန်စအဖြစ်
လက်ထဲဆုပ်ကိုင်ထားတဲ့ကျောက်တုံးရယ်
ကျောပိုးယူလာတဲ့ရေနဲ့
အရိုးပုံပဲရှိတော့တယ် ။
ဘာဆက်လုပ်မှာလဲမေးတော့
ဘာမှလုပ်စရာမရှိဘူးလို့ဖြေခဲ့တယ်
တစ်ချိန်ကတောင်တန်းတွေပေါ်
တက်ရောက်စရာမလိုတော့
တစ်ချိန်ကမြစ်ကြီးမြစ်ငယ်များဆီ
လှော်ခတ်စရာမလိုတော့
ကျမ်းစာအရ
ဒီနေရာမှာ၊ဓါးသွေးကျောက်တစ်ခုရှိတယ်
မြေတွင်းဓါတ်တွေရှိတယ်
ဘာဆက်လုပ်မှာလဲဆိုတော့
ဘာမှလုပ်စရာမရှိလို့ပြန်ဖြေလိုက်တယ်
သဲလွန်စအဖြစ်
ဒီကဗျာကိုထားခဲ့ပါတယ်
တိုင်းပြည်ရဲ့အကျယ်အဝန်းကို
ခန့်မှန်းတွက်ချက်နိုင်အောင်ပေါ့။

မင်းငြိမ်းအေး
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar