မြန်မာနွေဦးတော်လှန်ရေးကဗျာများ - မောင်သစ်ကြည်၊ မြင့်အောင်သန့်၊ လင်းနွေးအိမ်
မြန်မာနွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဇူလိုင် ၉၊ ၂၀၂၁
တောက်ပနေဆဲ သမဂ္ဂအလံ
"သမဂ္ဂအဆောက်အဦကိုသာဖြိုလို့ရမယ်
အမောင်တို့ရင်ထဲကသမဂ္ဂစိတ်ဓာတ်ကိုတော့
ဘယ်သူမှဖြိုလို့မရပါဘူး "
သခင်ကိုယ်တော်မှိုင်း
( မတ်၁၀-၁၉၆၃)
စိန်ပန်းပွင့်ထဲကကြယ်ပွင့်များ
သွေးစက်ထဲကမျက်ရည်စက်များ
အဓိပတိလမ်းမပေါ် ပြန့်ကျဲ
အဝါရောင်နေကြာပန်းထဲကဒေါင်းအိုးဝေတွန်သံများ
ဆဲဗင်းဂျူလိုင်မှ နွေဦးတော်လှန်ရေးအထိ
လွှင့်ထူခဲ့တဲ့သမဂ္ဂအလံ
တောက်ပနေဆဲ...ချွန်မြနေဆဲ...
မောင်သစ်ကြည်
၇ ဇူလိုင် ၂၀၂၁
...
ရမယ်
ဖြစ်ကိုဖြစ်ရမယ်
ရကိုရရမယ်
လုပ်ကိုလုပ်ရမယ်
ချကိုချရမယ်
တိုက်ကိုတိုက်ရမယ်
ဖိုက်ကိုဖိုက်ရမယ်
မိုက်ကိုမိုက်ရမယ်
စွန့်ကိုစွန့်ရမယ်
ပေးကိုပေးဆပ်ရမယ်
(အသက်ကိုတောင်ပေးဆပ်ထားပြီးပြီပဲ)
နောင်မျိုးဆက်တွေအတွက်
စိုက်ကိုစိုက်ရမယ်။
တိရစ္ဆာန်ထက်တောင်နိမ့်ကျတဲ့
လူ့ယဉ်ကျေးမှုအသိုင်းအဝိုင်းက
ဘယ်လိုနည်းနဲ့မှလက်မခံနိုင်တဲ့
လူ့ငတေ
အရိုင်းအစိုင်း
စစ်အာဏာရူးမိစ္ဆာတွေရဲ့
ရင်ဝတည့်တည့်မှာ
ငါတို့ရဲ့အောင်လံကို
မတ်မတ်ကြီးစိုက်ထူပြမယ်
နိုင်ကိုနိုင်ရမယ် ။
မြင့်အောင်သန့်
(၀၂၊ ၀၇၊ ၂၀၂၁)
...
ဝေစု
နေ့သစ်ဟာ
ပြည်သူအားလုံးနဲ့ထိုက်တတ်တယ်
နေဝင်ချိန်ဟာ
အာဏာရှင်အားလုံးနဲ့ထိုက်တန်တယ်။
ပိန္နဲသီးမှည့်အောင်သပ်ရိုက်သွင်းရသလိုမျိုး
တော်လှန်ရေးရင့်မှည့်ဖို့ထိုးစိုက်ခံရတဲ့
ဘဝတိုင်းအတွက်နာကြင်တယ်။
ပြည်သူတယောက်ကြွေတိုင်း
ခန္ဓာကိုယ်မှာသွးတစက်ခဲသလိုတစ်ဆို့တယ်။
လှုပ်နိုင်သမျှ
ငုံ့ငိုင်မနေကြတာက
ရင့်မာလာခြင်းတရားပေါ့။
သတ္တိရှင်လူငယ်တွေရင်းပေးခဲ့သမျှ
ဂရိတ်နေးရှင်းဖြစ်ရမယ်။
နေ့သစ်ဟာ
ပြည်သူအားလုံးနဲ့ထိုက်တန်တယ်
နေဝင်ချိန်ဟာ
အာဏာရှင်အားလုံးနဲ့ထိုက်တန်တယ်။
လင်းနွေးအိမ်
ဂျူလိုင် ၄ ရက်၊ ၂၀၂၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar