လင်းလက်နွေဦး - ပျော်တာပေါ့ အမေရဲ့
ပျော်တာပေါ့ အမေရဲ့
လင်းလက်နွေဦး
(မိုးမခ) ဇူလိုင် ၉၊ ၂၀၂၁
စာမရေးဖြစ်တာ လေးငါးခြောက်ရက်ကျော်သွားပြီ။ တွေးထားတာလေးတွေတောင် တစစီပြန့်ကျဲပေါ့ ဗျာ။ စာရေးရင်ပျော်တယ်၊ ပျော်ရင်စာရေးတယ်၊ ဒီလိုအနေအထားကနေ၊ မြွေဖားဖြစ်တော့ (ကန်တော့ပါရဲ့)၊ လထွတ် မွတ်ကုန်တော့တာပဲ။ အဲလိုနော်၊ အရင်က ‘လ’တို့၊ ‘စောက်’တို့ပါရင် ကွေ့ရှောင်ပြီး သုံးတတ်ကြတဲ့ လူ့ယဉ်ကျေးတွေ။ ခုတော့ မိုးလင်းမိုးချုပ် တွင်တွင်ကြီး သုံးနေရတော့တယ်၊ ဒါတောင် စိတ်မပြေချင်ကြဘူး။ သူငယ်ချင်းတစ်ယောက်က ရင်ဖွင့်ဖူးတယ်၊ အဲဒီ ‘မအလ’တွေကို အကုန်ဖမ်း၊ တစ်နယ်တစ်ယောက်လောက် မြို့လယ်ခေါင် ရွာလယ်ခေါင်မှာ တိုင်နဲ့ကပ် ကြိုးတုပ်ထားပေးရမှာတဲ့။ ဒါမှ မနက်မိုးလင်းကနေ မိုးချုပ်၊ သွား သွား ဆဲလိုက်၊ ဖိနပ်နဲ့ ကောက်ပေါက်လိုက်၊ အပ်နဲ့ ထိုးလိုက် လုပ်လို့ရမှာတဲ့လေ။ ဒေါသ ဒေါမနဿတွေလို့ တရားသွားမချလိုက်နဲ့၊ တိတ် တိတ် နေ။ မဟုတ်ရင် ကိုယ်ပါ ဇွပ်ခံနေရအုံးမယ်။
ဟုတ်တယ်၊ ကျွန်တော်တို့က စီးပွားရေး မချောင်လည်ဘူး၊ နိုင်ငံရေး မချောင်လည်ဘူး၊ အသိပညာ အတတ် ပညာ မချောင်လည်ဘူး၊ ဒါပေသိ ‘အာ တော့ ချောင်လည်ကြပါရဲ့’။ ဘယ်နေရာမှ မထူးချွန်တော့ ‘အကပ်ကောင်းတဲ့နေရာ’ထူးချွန်ကြပါရဲ့။ ဝေးဝေးမကြည့်နဲ့၊ ကျွန်တော့်ကိုပဲကြည့် ခေတ်ပျက်ကြီးထဲမှာ ‘ဘုန်းကြီး ကျောင်း’ကပ်နေနိုင်တယ်။ လေးငါးခြောက်လကြီးဗျာ၊ ဘယ်လူဝတ်ကြောင်ကမှ ခေါ်မထားနိုင်ဘူး။ အမေ့အိမ်ကတောင် တစ်နပ်နှစ်နပ် ခေါ်ကျွေးနိုင်တာ။ ထောင့်မျိုးစုံကနေ ပြေးဝင်လာတဲ့ ထိုးနှက်ချက်တွေ၊ ဒီဇိုင်းမျိုးစုံနဲ့ ရောက်လာတဲ့ ကောက်ကျစ်မှုတွေ၊ နူရာစွဲတဲ့ ဝဲစိုဝဲခြောက်တွေပဲ မဟုတ်လား။ အဲတော့ ဘုရားရိပ် တရားရိပ်က အေးချမ်းရတော့တာပေါ့။ ဒါတောင် အထုပ်လေး ပြေးပြေးထုပ်နေရတာနော်။
တချို့က ထင်မှာ၊ ဘုန်းကြီးကျောင်းမှာ ကပ္ပိယလုပ်ရတာ ‘ရေမီးအစုံ လေထီးခုန်တယ်’ပေါ့။ ဘုန်းကြီးကျောင်း ရက်အတော်ကြာအောင်နေဖူးတဲ့သူ၊ ကပ်နေရတဲ့သူမှ ကိုယ်ချင်းစာနိုင်မှာပါ။ ဘုန်းကြီးဆိုတာမျိုးက (အာချောင်လိုက်အုံးမယ်)၊ အကုန် ဘုန်းကြီးချင်တာမျိုး။ ခု ဆို ခု၊ တော်ဆိုတော်။ တနေ့က ဆိတ်ရိုးစွပ်ပြုတ်ပေါ့၊ သူ ဘုန်း ပေးပြီး၊ မကျန်းမာတဲ့ ဦးဇင်းကြီး အကပ်ခိုင်းတယ်။ ‘ရော့…. သွားကပ်ချေ၊ ဟဲ့ ဒီက သွား’နဲ့ပေါ့၊ ပြန်လျှောက်ရတယ် ‘ဖိနပ်လေးစီး ထီးလေး ဆောင်းအုံးမယ်ဘုရား’လို့။ ဘုန်းကြီးဆိုတာမျိုး က ဘုရင်ဝင်စားတာလား မသိ၊ ‘လုပ်လိုက်အုံး’ဆိုတဲ့ ရှေ့မှာ ‘အခု’ဆိုတာလေး မြှုပ်ထားတတ်တယ်။ ဒါကြောင့် ထင်ပါရဲ့၊ ပုံပြင်တစ်ပုဒ် ကြားဖူးတယ်။ ကျောင်းထိုင်ဆရာတော်က မိန့်သတဲ့၊ တောထွက်ဦးဇင်းကြီး တစ်ပါးကိုပေါ့၊ ‘ဦးဇင်းကြီး မနက် တောင်သာကြွစရာ ရှိတယ်’တဲ့။ မနက်ရောက်တော့၊ တုံးမောင်းမခေါက်လို့ ဦးဇင်းကြီး သွားကြည့်တာ၊ ဦးဇင်းကြီးက မည်းမည်းမည်းမည်းနဲ့ ကြွလာတာ မြင်တော့၊ ‘ဟဲ့၊ ဦးဇင်းကြီး စောစောစီးစီး ဘယ်က ကြွလာသလဲ’ဆိုတော့၊ ‘တောင်သာကပါဘုရား’။ ‘အဲ ဘာသွားလုပ်တာလဲဆိုတော့၊ ‘သိဘူးလေ၊ အရှင်ဘုရားပဲ မနက် တောင်သာ ကြွရမယ်ဆိုလို့ သွားလိုက်တာပါဘုရား’ လို့ ပြန်လျှောက်သတဲ့။
ကိုယ့်အိမ်ကိုယ့်ယာမှမဟုတ်ရင် ကိုယ့်စိတ်နဲ့ကိုယ် မနေရတာများပါတယ်။ လွတ်လွတ်လပ်လပ်နေ၊ ကိုယ့်အိမ်လိုသဘောထားဆိုတာ အတော်တာသွားမှန်း သူများအိမ်ကပ်နေရမှ ပိုနားလည်ပါတယ်။ ပြောရအုံးမယ်၊ကျောင်းသားဘဝကလည်း သူများအိမ် ကပ်နေဖူးတယ်၊ တောက်တဲ့များ ဝင်စားတဲ့အတိုင်းပါပဲ။ အိမ်ရှင်မှာ ကလေးငယ်လေးတစ်ယောက်ရှိတော့ ကလေးထိန်းတော့ ခေါ်ထားတာပေါ့။ ဒါပေမယ့် အဖေက ငယ်ကတည်းက ဂျင်းထည့်ထားတယ်၊ ‘အမြင်မတော်ရင် ဝင်လုပ်’ဆိုတာလေ။ ဆိုတော့၊ သောက်ရေအိုးအစ အိမ်သာအိုးအဆုံး ဝင်ပါရတာပေါ့။ ကလေးငိုရင်တောင် ကိုယ့်အပြစ် မကင်းသလို၊ စာ အော်ကျက်မိလို့လား၊ သီချင်းညည်းမိလို့လား၊ ဘာလားပေါ့လေ။ သူငယ်ချင်းတွေလာရင် အိမ်ထဲ အဝင်မခိုင်းတော့ဘူး၊ တခါတည်း လက်ဖက်ရည်ဆိုင်ခေါ်သွားတော့တာပဲ။ အိမ်ရှင် မျက်စိနောက်မှာ စိုးလို့၊ ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ လေ။ အဲတုန်းက လျှပ်စစ်ထမင်းပေါင်းအိုးလေးနဲ့၊ အိမ်က ထည့်ပေးလိုက်တဲ့ အကြော်အလှော်လေးနဲ့၊ အိမ်ရှင် ပေးတဲ့ အရည်သောက်လေးနဲ့ ဖြစ်သလိုပေါ့လေ။ ခုများတော့… ပေါပါပေ့။
ထမင်းတွေ ဟင်းတွေ ဘုန်းကြီးကျောင်းမှာ ပေါတော့၊ မပေါတဲ့ဆီကို သတိရမိတယ်။ ကပ္ပိယသာဝက တွေ စားမကုန်၊ သယ်မကုန်တဲ့ ထမင်းကျန် ဟင်းကျန်တွေ။ ခွေးအုပ်စု သုံးစု စားမကုန်တဲ့ ထမင်းကျန် ဟင်း ကျန်တွေ။ အရင်က ထမင်းခြောက်လှန်းတဲ့ အဒေါ်ကြီးတစ်ယောက်ရှိတယ်၊ သူ ဆုံးရှာတော့ ထမင်းခြောက် လှန်းမယ့်သူ မရှိ။ ရွာမှာပဲ၊ ဘုန်းကြီးသင် ပညာရေးကျောင်း ရှိတယ်၊ ခုတော့ ငဗစ်နဲ့ ငစစ်နဲ့မို့ ပိတ်ထားရ လို့ပေါ့။ ဖွင့်တုန်းကဆိုရင်၊ ဆွမ်းကွမ်း မပြည့်စုံဘူး၊ သံဃာကလည်း များ၊ ကျောင်းသားကလည်း များဆိုတော့ ဘကဘုန်းကြီးက အတော်ရုန်းရတယ်။ ကျွန်တော်စိတ်ထဲမှာ အဲကတည်းက၊ ဒီကျောင်းက ဆွမ်း၊ ဟင်းတွေ ဟိုကျောင်း သွားပို့ချင်နေတာ။ လျှောက်ကလည်း မလျှောက်ရဲတော့၊ ‘သဗ္ဗေသတ္တာ ကမ္မသကာ’ မင်းသိင်္ခ လုပ်နေရတာပေါ့။ ဘုန်းကြီးဆိုတာ ‘ဆရာလုပ်’မခံတာ များတယ် မဟုတ်လား။
ဘုန်းကြီးကျောင်းဆိုတာ လိုအပ်တဲ့အခါ တည်းခိုခန်း၊ ရိပ်သာ၊ အလှူမဏ္ဍာပ်၊ မင်္ဂလာခန်းမ ဖြစ်နိုင်ပါတယ်။ လူရည်လည်တဲ့နိုင်ငံခြားသားဧည့်သည်တွေ၊ တိုင်း ရင်းသားဧည့်သည်တွေဆိုရင် ဘုန်းကြီးဆီခွင့်တောင်းပြီး တစ်ညတာနှစ်ညတာ တည်းခိုလေ့ရှိပါတယ်။ အဲအချိန်ဆို ကျောင်းဆရာတွေ သားဖွားဆရာမ တွေက ဧည့်လမ်းညွှန် ဖြစ်တတ်တယ်။ ဘွတ်တို့ ရွှတ်တို့ ပြောရဲတဲ့သူကို ခေါ်ခိုင်းတာကိုး။ အဲ၊ အစကတည်းက ‘တိုးရစ်ဂိုက်’ပါလာရင်တော့ ရွာက ဂိုက်တွေ မပင်ပန်းတော့ဘူးပေါ့။ တစ်ခါက ကိုယ်တိုင်ကြုံဖူးတယ်၊ ဒကာမကြီးက တစ်ယောက်တည်း၊ ဆရာလာတင်တော့ ဘယ်ရမလဲ စပြောလိုက်တာ၊ ရှမ်းစကားနဲ့ ထွက်လာ တယ်၊ ရှမ်းပြည်မှာ တာဝန်ထမ်းဆောင်ဖူးတာကိုး။ ‘ပီနန်း… မိုင်ဆုန်စောဝ်’ လို့ ထွက်သွားတော့ ဘေးက ဝိုင်းကြည့်နေသူတွေ ကြောင်သွားတယ်။ တိုးရစ်မကြီးကတော့ ပြုံးပြုံးကြီးပါပဲ။ သဘောထားကြီးသူမို့လား၊ ဘာမှ မသိလို့လား။
ရွာက တောမက မြို့မကျ ဆိုတော့ တည်းခိုခန်း မရှိဘူးပေါ့။ အင်းလေးခေါင်တိုင်လို နာမည်ကြီး ရွာတွေမှာ တည်းခိုခန်းရှိပေမယ့် တချို့နိုင်ငံခြားသားတွေ လက်ရှောင်တာက စရိတ်စက ကြီးလို့ပါ။ ဘုန်းကြီး ကျောင်းဆိုတော့ ကျယ်ကျယ်ဝန်းဝန်း ရှိတယ်၊ လွတ်လပ်တယ်ပေါ့။ တချို့ ကျောင်းတွေများ ဧည့်ကောင်း ဆောင်ကောင်းတွေ လာတည်းချင်လောက်အောင် ပြည့်စုံကောင်းမွန်ကြပါတယ်။ အဲကွန်းနဲ့ ဘိုထိုင်နဲ့ အပျံစား။ ဒါကြောင့် မေးငေါ့ခံရတတ်တယ်၊ ဘဂဝါတည်းခိုခန်းတဲ့။ တချို့ကျောင်း တွေကတော့ ကျွန်တော်တို့ လို တိုင်းရင်းသား လိုကယ်(Local)တွေအတွက်လောက်ပဲ ကောင်းတယ်ပေါ့၊ ပေးတဲ့နေရာ ဖုန်ခါ အိပ်တဲ့ ကောင်တွေ။ ကျွန်တော်တို့လိုကောင်ဆီကတော့ ချူတစ်ပြားတောင် မထွက်တဲ့အပြင်၊ ဆွမ်းကျန် ကွမ်းကျန် တောင် ကပ်စားပါလိမ့်မယ်။
ခေတ်ကာလမကောင်းဘူးဆိုရင် ဘုန်းကြီးကျောင်းတွေက ‘ဒုက္ခသည်စခန်း’ ဖြစ်တတ်ပါသေးတယ်။ ဒါကတော့ ရှေးအစဉ်အဆက်ကတည်းကပါပဲ။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးကျဲလို့၊ မြို့တွင်း တိုက်ပွဲ ရှိလို့၊ တောကြောင်တွေသောင်းကျန်လို့… ဆိုရင် ဘုန်းကြီးကျောင်းကိုပဲ အားကိုးတကြီး ပြေးသွားရတာမဟုတ်လား။ ဂန္ဓာရုံဆရာတော်ကြီးလို့ ဝိနည်းဓိုရ်တဲ့ ဆရာတော်ကြီးတောင် ကျောင်းတံခါး ဖွင့်ပေးခဲ့ပါတယ်။ အပ်စပ်ရင်ပေါ့၊ မအပ်စပ်ရင်တော့ ကျောင်းအမကြီးရဲ့ ရွှေထည်ကိုတောင်သိမ်းဆည်းမပေးခဲ့ပါဘူး။ အဲ ဒုက္ခသည်ဆိုပြီးကျောင်းထဲမှာ နေချင်သလို နေ၊ ဓာတ်ပြားဖွင့် သီချင်းဆိုနေရင်တော့၊ ဘယ်မျက်နှာမှ မထောက်ဘဲ နှင်လွှတ်တာပေါ့။ တချို့သော ဘုန်းကြီးတွေကတော့ လိုအပ်တာထက် အရောဝင်၊ သနားပို သဒ္ဓါယိုဖိတ် အချစ်ဆိပ်တက်ရတာမျိုးလည်း ရှိပါတယ်။
တခါက အပျိုကြီးနှစ်ယောက်၊ သဒ္ဓါပေါက်ပြီး သီလရှင်ဝတ်သွားပါတယ်။ ကျောင်းထိုင်ဆရာတော်က ဗေဒင် ဝါသနာပါတယ်။ ဟိုဟိုဒီဒီက မေးကြမြန်းကြပေါ့။ ဘယ်နှယ့်ရာခိုင်နှုန်း မှန်လဲတော့ မသိပါဘူး။ မေးသူများလေလေ မှန်သူများလေလေ မဟုတ်လား။ ဆရာလေးနှစ်ပါးကလည်း ယတြာချေလေ့ရှိတယ်ပေါ့။ ‘ဘဝပြောင်းကိန်း’ ကြုံတယ် လို့ ဟောချက်ထွက်တော့၊ နေ့ရောညပါ ချေကြတယ် ထင်ပါရဲ့။ ဘုန်းကြီးနဲ့ ဂိုင်းတောင့်တောင့် ဆရာလေးတစ်ပါး ပျောက်သွားတယ်။ ဗေဒင်မှန်ချက်ကတော့ လန်ထွက်နေတာပဲ။
‘အိပွဲ့ အိပွဲ့ ငှက်သမ္ဗန် ခတ်သွားတယ်၊ ကြည့်ကွယ့် ကြည့်ကွယ့် ညည်းလူဟာ ကြောင်လွန်းတယ်၊ တစ်စုတဝေး လုံမငယ်၊ ကျိတ်ပုန်းစားကြတယ်၊ ရေချိုးနေရင်းကွယ်၊ လှောင်ပြုံး ပြုံးကြတယ်၊ ကုန်းပေါ်က လူပျိုလေးရယ်၊ ဘာကိုငေးတယ်၊ သိနိုင်ပါဘူးကွယ်’
တကယ်လို့များပေါ့လေ၊ စစ်ဘေးရှောင်တဲ့သူတွေထဲမှာ ဆရာငြိမ်းလို အနုပညာဝမ်းစာပြည့်တဲ့သူတွေ ပါရင်တော့၊ ကဗျာတွေ စာတွေလည်း ဖြစ်နိုင်သလို သီချင်းလေး ဘာလေးလည်း ဖြစ်လာနိုင်ပါတယ်။ အဲလေ၊ ဆရာတင်(နန်းတော်ရှေ့)လို ဖိုးစွံတွေလည်း ပါလာနိုင်တာပေါ့။ စီဒီအမ်တွေ စုပြီး ဂရုထောင်ထားတဲ့အထဲ တနေ့က ရယ်စရာလေး ဖြစ်သွားတယ်။ ဈေးဗန်းခင်းစရာကြုံတော့၊ အာဝဇ္ဇန်းရွှင်တဲ့သူတွေ ပါလာတော့ နောက်ကြ ပြောင်ကြနဲ့ပေါ့၊ စည်စည်ကားကားလေး ဖြစ်သွားတယ်။ ဒါဟာ လပေါင်း(၅)လအတွင်းမှာ တစ်ကြိမ်တည်း ဖြစ်ဖူးခဲ့တာပါ။ စစ်အာဏာဖီဆန်ရတယ်၊ ဘဝဝမ်းစာ ရုန်းကန်ရတယ်၊ ကိုယ့်ထက် နုံချာတဲ့ သူတွေအတွက် ဖြည့်ဆည်းပေးရတယ်၊ အိမ်ထောင်ရေး စီးပွားရေး လူမှုရေး အထွေထွေကြားထဲကနော်။ စိတ်တွေ ပင်ပန်း၊ ကိုယ်တွေ ပင်ပန်းရတော့ တစ်ခါ တစ်ခါ ရယ်တတ်ရဲ့လား၊ ပြုံးတတ်ရဲ့လားလို့ အောက်မေ့မိ တယ်။ ရယ်စရာ ပြုံးစရာ ကြုံရင်လည်း သွားလေသူ အာဇာနည်တွေ အားနာပြီး၊ ကျော်ခွသွားလိုက်မိတယ်။ ဒါပေမယ့် စိတ်အားပြန်တက်ဖို့ ဆိုတာ၊ လောကဓံကို ဟာသအမြင်နဲ့ မြင်တတ်ရမယ် မဟုတ်လား။ ဒီတော့ ဂရုထဲမှာ နောက်ကြ ပြောင်ကြတာကို ခွင့်လွတ်လာတယ်၊ လက်ခံလာတယ်။ နန်းတော်ရှေ့ကြီးလို ဖိုးစွံကြီး တွေ မယ်စွံကြီးတွေ ပါလာပါစေပေါ့။
အဲဒီ အကြည်ဓာတ်ကလေးနဲ့ ဖုန်အလိမ်းလိမ်း တက်နေတဲ့ ဂစ်တာလေးကို ထုတ်၊ ဖုန်တွေ ဘာတွေ ခါခပ်သုတ်မိပါတယ်။ ‘တင်အောင် တင်အောင်’နဲ့ ကြိုးလေးဘာလေး ညှိ။ ဘယ်ညာဟိုဒီ လူလစ်မလစ် အကဲခတ်ရတာပေါ့။ ပါရမီရှင်ဆိုတော့ သီချင်းကို အလွတ်မရသလို လက်ကွက်တွေလည်း မေ့နေတာပဲ။ လက်ပ်တော့ကို ဖွင့်၊ သီချင်းစာသားတွေ ပြန်ရှာ၊ တော်သေးတယ် ကိုယ့်အကြောင်းကိုယ် သိလို့။ အဆိုတော် တွေထဲမှာ ခရေစီဖြစ်တာက လွှမ်းမိုးတို့ ထူးအိမ်သင်တို့၊ ဇော်ဝင်းထွဋ်တို့ ရင်ဂိုတို့၊ လေးဖြူတို့ အငဲတို့၊ ကျားပေါက်တို့ ဂျီဖက်တို့။ တကယ်တော့ ဂျီဖက်က သားတွေ သမီးတွေကြောင့် ကြိုက်ရတာ။ ကိုယ်က မနည်း လိုက်နားထောင်နေရတာရယ်။ အော်၊ ခုတလော ‘ရေမွန်’ရဲ့ ‘ချန်ခဲ့’ကို ပါးစပ်ဖျားက မချမိဘူး။
သီချင်းတွေကို ဇာတ်လမ်းပြောပြသလို ရေးဖွဲ့တတ်တဲ့ သီချင်းရေးဆရာကြီးတစ်ယောက် ရှိတယ်နော်။ သီချင်းတစ်ပုဒ်ဟာ ကာလအကြာကြီး တည်တံ့နေနိုင်ဖို့ဆိုတာ အရည်အသွေး(၃)ရပ်နဲ့ ပြည့်စုံရမယ်လို့ ဆိုပါတယ်။ (၁) ရေးဖွဲ့တဲ့အကြောင်းအရာနဲ့ အတွေးအခေါ်၊ (၂) ရွေးချယ်သီကုံးတဲ့ စကားလုံး (၃) တေးသီချင်းရဲ့ အသွားအလိုက်နဲ့ တီးကွက်ဆိုတဲ့ အပိုင်းသုံးပိုင်းလုံး အရည်အချင်းပြည့်မီရပါမယ်။ ရေးသမျှသီချင်းတွေ အမြဲခေတ်မီနေတဲ့၊ ‘ဘွဲ့ကြီး’လို့ ဂီတသမားတွေ ချစ်စနိုးခေါ်ကြတဲ့၊ ဂီတချစ်သူတွေ လေးစားမြတ်နိုးကြတဲ့ ဂစ်တာသမားကြီးတစ်ယောက် ရှိတယ်။ အိုင်စီ (IC)ဆိုတဲ့ Iron Cross တီးဝိုင်းကြီးရဲ့ ဖခင်ကြီးဆိုလည်း မှန်တယ် ထင်ပါတယ်။ ‘စောဘွဲ့မှူး’ရဲ့ သီချင်းလေးတစ်ပုဒ် ညည်းကြည့်ပါတယ်။
‘အဖေက အသက်(၆၀)၊ ပင်စင်ဘဝနဲ့ အထုပ်ထမ်းပြန်၊ ကျနော့်ရဲ့အမေ ဝါးဓနိတွေ ဝယ်ကာလေ၊ အကြော်ဆိုင်ဘေး ကားဂိတ်နံဘေး၊ ကြော်ရန်အသင့်ဖြစ်တဲ့အချိန်မှာ၊ အချစ်ဆုံးသား အထွေးလေးက ရီဂျင်နယ်မှာ…’
‘ဟိုး… ဆရာကြီး၊ ဟိုး… ဆရာကြီး’
ဟိုက်၊ ဆရာတော် ဘယ်အချိန်က ကျောင်းပြန်ရောက်နေပါလိမ့်။
လင်းလက်နွေဦး
၇.၇.၂၀၂၁
ည ၇ နာရီ ၂၀ မိနစ်။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar