Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၂ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၂ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၊ ၂၀၂၁

မြန်မာတပ်မတော် စစ်ကောင်စီက နိုင်ငံတော်အာဏာသိမ်းထားတာ ၅လနဲ့ ၁ရက် ရှိသွားပြီ။ ကိုဗစ်တတိယလှိုင်းဟာ မြန်မာပြည်ကို အကြီးအကျယ်ချိန်းခြောက်နေပါတယ်။ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းကနေ အခုဆို ရှမ်းပြည်နယ်အတွင်းမှာလည်း ကိုဗစ်ရောဂါကူးစက်မှုတွေ ရှိနေပါတယ်။ ရှမ်းပြည်နယ်တွင်းမှာ ကိုဗစ်ကူးစက်ခံရသူ တထောင်ကျော်နဲ့ သေဆုံးသူ ၂၀ ကျော်ရှိလာပြီလို့ သတင်းများက ဆိုပါတယ်။ ပြည်နယ်နဲ့ တိုင်းအားလုံးမှာ ကိုဗစ်ကူးစက်ခံရသူ ပျမ်းမျှ ၁ထောင်ကျော်နဲ့ သေဆုံးသူ ၁၀ဦးထက်မနည်း ရှိတယ်လို့ သည် ရက်သတ္တပတ်အတွင်းဖြစ်စဉ်ကနေ ကောက်ချက်ဆွဲနိုင်ပါတယ်။ သည်နှုန်းအတိုင်းသွားရင် ကိုဗစ်လှိုင်းအောက်မှာ မြန်မာပြည်အတွက် ကျရှုံးနိုင်ငံတခုဖြစ်ဖို့ ပိုပြီး အရှိန်မထိန်းနိုင်ဖြစ်ဖို့ ရှိပါတယ်။

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက သူတို့နိုင်ငံသားတွေကို ကာကွယ်ဆေးထိုးပေးထားပြီး လူဦးရေ၏ ၅၀% ဆေးထိုးပြီးချိန်မှာ ကိုဗစ်ထိန်းချုပ်မှုများကို ဖြေလျော့ပေးတာ ဖြစ်ပါတယ်။ ဇွန်လလယ်ခန့်မှာ စတင်ပြီးနောက် ကိုဗစ်ပိုးနောက်တမျိုးဖြစ်လာတယ်ဆိုလို့ ပြန်လည် ထိန်းချုပ်မှုတွေ လုပ်လာကြပါတယ်။ သည်အချိန်မှာ အာရှနိုင်ငံတွေက ထိုင်းအပါအဝင် ကာကွယ်ဆေးထိုးတဲ့ လူဦးရေ% များများစားစား မရှိသေးဘဲနဲ့ ကိုဗစ်ထိန်းချုပ်မှုကို ဖြေလျော့ပေးပြိးနောက် အခုလို ပိုးကူးစက်မှုတွေ ရင်ဆိုင်ကြရတာဖြစ်ပါတယ်။ မြန်မာပြည်မှာကတော့ ကိုဗစ်ကို ထိန်းချုပ်ခြင်း၊ သက်သာချောင်ချိရေးဆောင်ရွက်ခြင်း၊ ဆေးကုသခြင်းတို့ကို ဒေါ်စုအစိုးရလက်ထက်ဆောင်ရွက်ခဲ့ပြီး ကာကွယ်ဆေးထိုးနိုင်အောင် အစိုးရပေါ်လစီချဆောင်ရွက်ဆဲ အာဏာသိမ်းခံရတာဖြစ်လို့ စစ်ကောင်စီက နိုင်ငံတခုဖြစ်တည်မှုနဲ့ ခံနိုင်ရည်တွေအားလုံး ရိုက်ချိုးထားပြီးသား ဖြစ်နေပါပြီ။

စစ်အာဏာသိမ်းပြီး ပထမ ၅ လမှာ စစ်ကောင်စီ၏ ဖိနှိပ်သတ်ဖြတ်မှု နှီမ်နင်းမှု ဘက်စုံချွတ်ခြုံကျမှုကို ဖြတ်သန်းခဲ့ပြီးနောက် ၅ လ နောက်ပိုင်းမှာ ကိုဗစ်ရောဂါပိုး ပျံ့နှံ့ဖိဆီးမှုကိုသာ ဆိုးဆိုးဝါးဝါးခံရမယ်ဆိုရင် အကာအကွယ်နဲ့ ကုသရေး အစီအစဉ်မရှိတဲ့ စစ်ကောင်စီအနေနဲ့ ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်တာ ထင်ရှားပါတယ်။ အဲသည်အချိန်မှာ ပြည်သူ့အစိုးရလို့ ကြွေးကြော်ထားတဲ့ NUG အစိုးရက ပြည်သူတွေအတွက် ထိရောက်သော လမ်းညွှန်ချက် အကာအကွယ်ပေးမှု စောင့်ရှောက်မှုနည်းနာတွေ ဖော်ထုတ်နိုင်မယ် ဖြန့်ချိနိုင်မယ်ဆိုရင် အလွန်ကောင်းမွန်တဲ့ ခြေလှမ်းတွေဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

NUG ဝန်ကြီးဌာနအများအပြားဖွင့်လှစ်ခဲ့ပြီးနောက် လူသိများ ထင်ရှားတဲ့ ဝန်ကြီးတွေက ပြည်တွင်း ပြည်ပက ပြည်သူလူထုနဲ့ ချိတ်ဆက်စကားပြောတာ ဆွေးနွေးစည်းရုံးတာ လှုံဆော်တာတွေ အွန်လိုင်းကနေ အတော်လုပ်လာကြပါတယ်။ ဖေ့စ်ဘွတ်ကြိးဟာ တော်လှန်ရေးအစိုးရနဲ့ တော်လှန်သောပြည်သူတွေအတွက် အဝေးပြေးလမ်းမကြိးသဖွယ် လူးလာ ခေါက်တုန့် သွားလာစရာ နေရာတခုပါပဲ။ စစ်ကောင်စီကလည်း အဲသည်ဆိုရှယ်မီဒိယာတွေကနေ လူထုကို စိတ်ဓာတ်ရေးရာအရ ထိုးနှက်နိုင်ရေး ဝါဒဖြန့် လုပ်ကြံသတင်းတွေ ထုတ်လွှင့်ဖို့ အကြီးအကျယ်ဆက် အသုံးချလျက်ရှိပါတယ်။

သည်တပတ်ထဲမှာ ထူးခြားဖြစ်စဉ်ကတော့ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ ထဲမှာ သီးသန့်ရပ်တည်လှုပ်ရှားနေတဲ့ NDF အမည်ခံ တော်လှန်ရေးတပ်ဖွဲ့တဖွဲ့၏ ခေါင်းဆောင် ဗိုလ်ခင်ကျော်နဲ့တကွ ခေါင်းဆောင်အများအပြား၊ ရဲဘော်အများအပြား စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းလိုက်နိုင်တဲ့ သတင်းဖြစ်ပါတယ်။ အဲသည်တပ်ကို အဝေးကနေ ဦးဆောင်မှုပေးနေတယ်ဆိုတဲ့ ကိုထွန်းအောင်ကျော် (ဂျပန်နိုင်ငံ) (ABSDF ကျောင်းသားတပ်ဥက္ကဌဟောင်း) ကတော့ အဲသည် NDF ဦးဆောင်သူအဖြစ်ကနေ နှုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။ စစ်ကောင်စီက ဗိုလ်ခင်ကျော်ကို မမိခင် ပြည်တွင်းမှာရှိတဲ့ တော်လှန်ရေးပြောက်ကြားရဲဘော်အချို့ကို ဖမ်းမိထားတာ ဧပြီ၊ မေလကတည်းက ဆိုပါတယ်။ အဲသည်ကနေ နှိပ်စက်ညှင်းပမ်း သတ်ဖြတ်ခြိန်းခြောက် စစ်မေးမှုတွေ၊ လိုက်လံဖမ်းဆီးနှီမ်နင်းတာကနေ သူတို့ခေါင်းဆောင် ဗိုလ်ခင်ကျော်နဲ့ အခြားခေါင်းဆောင်တွေကို ထောင်ခြောက်ဆင်ဖမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်ကနေ နယ်စပ်ဒေသကို သွားရောက် တော်လှန်ရေးဆင်နွဲဖို့ သွားရောက်တဲ့ ကိုကိုနိုင် အပါအဝင် NLD လွှတ်တော်ကိုယ်စားလှယ် အမတ်တွေနဲ့ ပါတီဝင် ၉ ဦးကိုလည်း ဖမ်းဆီးထားပါတယ်။ အခြား ရာဂဏန်းရှိတဲ့ ပြောက်ကျားရဲဘော်တွေကိုလည်း စစ်ကောင်စီက ဖမ်းထားပါတယ်။ ပြီးတော့ သတင်းထုတ်ပြန်ချက်ကနေ မြန်မာပြည်တွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု လုပ်ကြံမှု ဗုံးဖောက်ခွဲမှုများအားလုံးဟာ NUG အစိုးရနဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲ ထုတ်ပြန်ထားပါတယ်။

NDF စစ်ခေါင်းဆောင် ဗိုလ်ခင်ကျော်နဲ့ အဆက်အသွယ်ပြုလုပ်ထားတဲ့ ကွန်ယက်တွေ အများအပြားရှိနေနိုင်တာမို့ အဲသည်အဖွဲ့အစည်းနဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့ကြသူတွေ မည်ကဲ့သို့ ဆင်ခြင်သုံးသပ်မလဲ၊ သင်ခန်းစာယူကြမလဲတော့ မခန့်မှန်းနိုင်ပါ။ ဇွန် ၁၆ မှာ NDF က အရာရှိငယ်သင်တန်းဆင်းခဲ့ပါတယ်။ ဇွန် ၁၈ ခန့်မှာ ဗိုလ်ခင်ကျော် အဖမ်းခံရပါတယ်။ ဇွန် ၂၄ မှာ ကိုကိုနိုင်ကို စစ်ကောင်စီက မိသွားပါတယ်။ အဲသည်ကြားထဲမှာ NDF ကို PDF အဖြစ် လွှဲပြောင်းမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဇွန် ၃၀ မှာ NDF အဖွဲ့ဥက္ကဌ ကိုထွန်းအောင်ကျော် (ဂျပန်နိုင်ငံ) က ဒီဖြစ်ရပ်တွေက သတင်းပေါက်ကြားမှုကြောင့်ဖြစ်တာ၊ သူ့မှာလည်း တာဝန်ရှိတယ်ဆိုပြီး ဥက္ကဌကနေ နှုတ်ထွက်ကြောင်း ထုတ်ပြန်ပါတယ်။ အဲသည်တော့ လက်ရှိ NDF ရဲဘော်များ၏ ကံကြမ္မာကို ဘယ်သူကမှ ထုတ်ဖော်ပြောဆိုခြင်း မရှိတာ စိတ်မကောင်းစရာပါ။

စစ်ကောင်စီကတော့ CRPH NUG NUCC PDF အဖွဲ့အစည်း လှုပ်ရှားမှု အင်အားများ ထောက်ခံသူများအားလုံးကို အကြမ်းဖက်သမားတွေ၊ အကြမ်းဖက်လုပ်ရပ်တွေအဖြစ် တိုးမြှင့် စွပ်စွဲ နာမည်ဖျက်ဖို့ သည်အရေးကို အသုံးချမှာ သေချာပါတယ်။ သည်ကြားထဲမှာလည်း NUG ဝန်ကြီးတွေက D-Day ဆိုတဲ့ အသံကိုလည်း ထုတ်ပြန်ခဲ့ကြဖူးပါတယ်။ ပြည်တွင်း PDF တွေကလည်း သည်ကာလအတွင်းမှာ အချင်းချင်း မဟာမိတ်တွေ ဖွဲ့နေကြပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြပါတယ်။ သည်တော့ မေးခွန်းက NDF နဲ့ မြေအောက်ပြောက်ကြားတွေ အဖြိုခွဲခံရတဲ့ နောက်ဆုံးရက်သတ္တ ၂ ပတ်မှာ တော်လှန်ရေးအင်အားစုတွေကြားထဲ စစ်မှန်သော ထောက်လှမ်းရေးသတင်း စီးဆင်းမျှ ေ၀မှု ဘယ်လောက် ရှိခဲ့သလဲက မေးခွန်းဖြစ်ပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ - စစ်ကောင်စီဖက်က တိုးမြှင့် ဖြိုခွဲ နှိမ်နင်းမှုတွေ တိုးလာတာနဲ့အမျှ ပြည်တွင်း ပြောက်ကျားရဲဘော်တွေဘက်ကလည်း တန်ပြန် ရှေ့တိုးပြီး တွန်းလှန်ကြမည်လား၊ နောက်တလှမ်းဆုတ် အချိန်ကောင်းပြန်စောင့်ကြမည်လားကတော့ ဆက်လက်ရှုစားကြရမယ့် အနာဂတ်ဖြစ်ပါလိမ့်မယ်။
(ဓာတ်ပုံ - စစ်ကောင်စီသတင်းထုတ်ပြန်ချက်)



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar