Breaking News

မြန်မာနွေဦးတော်လှန်ရေးကဗျာများ- မောင်မှိုင်းလွင်(အင်းဝ)၊ ခွန်ဆိုင်း

Art - Than Htay Maung
မြန်မာနွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဇူလိုင် ၂၆၊ ၂၀၂၁

ကြယ်ကြွေမိုး
မောင်မှိုင်းလွင်(အင်းဝ)

ကောင်းကင်ကိုယ်တိုင် ဝမ်းနည်းနေမှတော့
လမင်းခမျာ ဘယ်မှာသာရက်ပါတော့မလဲ။

မိုးကြီး သဲသဲမဲမဲရွာချ‌နေသလို
ကြယ်တွေ ကြွေကျလိုက်ပုံများ
ပိုးစိုးပက်စက်။

မီးစာမကုန် ဆီမခန်းပါပဲ
အစိမ်းကြွေ အခြွေခံရ
ညမရောက်ဘူး နေ့မြင်နေ့ပျောက်။

သေဆုံးခြင်းက လတ်လတ်ဆတ်ဆတ်
ရှင်သန်ခြင်းက တံလှပ်ပဲလား
ကပ်ကြီးသုံးပါးရဲ့ ဖလားလုပွဲမှာ.....။

တိုက်ပွဲတခုလို
ကိုယ့်အသက်ကို
သိက္ခာရှိရှိ လုယူကြဆဲ
သူတော်ရော တောင်ဝှေးပါ လဲမှတော့
အားပေး၊ ဆုတောင်းရုံမှတပါး
အားနာနာနဲ့ ဥပေက္ခာရပြီ။

မျက်ရည်ရဲ့ သစ္စာတရား
ကမ္ဘာကြီး ကြားပါလေစ။

တိုင်းပြေ မြန်မြန် နာလန်ထူပါမှ
လွင့်စင်လုလု တို့လိပ်ပြာတွေ
သက်ဝင် ဆက်လက်ရှင်သန်နိုင်မယ်
တက်ညီလက်ညီ ရုန်းလိုက်ကြစို့။       ။

၂ ၅ . ၇ . ၂ ၀ ၂ ၁


-

သွေးသစ္စာ
ခွန်ဆိုင်း

သွေးသစ္စာ နဲ့
သက်သေပြုနေကြပြန်ပြီ
လေးစားရင်နင့်ရပါတယ် ရဲဘော်တို့ရေ
မိဘဆွေမျိုး မိတ်ဆွေတွေကတော့
အပြင်းအထန်ရိုက်နှက်ခံထားရတဲ့
သံခြေကျဉ်း သံဒေါက် လက်ထိပ်တွေနဲ့
တုတ်နှောင်ခံထားရတဲ့
ကိုယ့်သား ကိုယ့်သမီးလေးတွေကို
ကိုယ့်ရဲဘော်ရဲဖက်တွေကို
ဝေးလံခေါင်ဖျား အရပ်က
အကျဉ်းထောင်တွေဆီ လိုက်ရှာဖွေကြရပေဦးမယ်
သေသလား ရှင်သလား
ကျိုးသလား ကန်းသလား
ခမ်းတီး လား - ဗန်းမော်လား
စစ်တွေလား- ကလေးလား
ဘာသတင်းမှ မရ
ဟိုရှာ ဒီရှာ
တလ တန်သည် - နှစ်လ တန်သည်
အပူထုတ်ကိုယ်စီ ပိုက်ပြီး
ရင်သွေးပျောက် ရှာပုံတော်
ဖွင့်ကြရပေဦးမည်
ပျောက်ဆုံးရဲဘော်တွေကို
 ရှာကြရပေဦးမည်
ဘာပဲဖြစ်ဖြစ်
တော်လှန်ရေးထဲမှာ 
အုတ်တချပ် သဲတပွင့် သေချာသူ
ခင်ဗျားတို့ အားလုံးကို
အထူးလေးစား
ဦးညွှတ်ပါရစေ
အလေးပြုပါရစေ

၂၃-၇-၂၀၂၁

...

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar