Breaking News

ကိုဒီ - ကိုဗစ်ထိန်းချုပ်ရေးဟာ ဆရာဝန်တွေရဲ့ တာဝန်လား

Photo - lowyinstitute.org
ကိုဗစ်ထိန်းချုပ်ရေးဟာ ဆရာဝန်တွေရဲ့ တာဝန်လား 
ကိုဒီ 
(မိုးမခ) ဇူလိုင်၂၆၊ ၂၀၂၁ 

ဒီမေးခွန်းဟာ အတော်တော့ ကြောင်တောင်တောင်နိုင်သလို ရှိတဲ့မေးခွန်းပါ၊ ကျန်းမာရေးကိစ္စပဲ ဆရာဝန်တွေမှာ တာဝန်ရှိတာပေါ့လို့ အလွယ်စဉ်းစားတဲ့လူတွေများလွန်းလို့ ဒီလို အခြေခံတဲ့မေးခွန်းကို မေးရတာပါ။ ဒီမေး ခွန်းအကြောင်း ဆက်မဆွေးနွေးခင် အခုတလောလူပြောများနေတဲ့ကိစ္စလေးအကြောင်း အရင်ပြောချင်ပါတယ်။ အဲဒါကတော့ မအလ က ဆရာဝန်တွေကိုပြန်ခေါ်နေတဲ့ကိစ္စပါ။ အဲဒီအပေါ်မှာတချို့က စကစ ကတော့ ညှိချင်နေပြီ။ ဆရာဝန်တွေလည်း ခေါင်းမမာသင့်ပါဘူး လူ့အသက်တွေနဲ့ဆိုင်တဲ့ကိစ္စပါ ဘာညာနဲ့ နှပ်ကြောင်း ပေး လေသံပစ်နေတာတွေ ကြားလာရတဲ့အတွက်  ပြည်သူ့ကျန်းမာရေးနယ်ထဲက လူတယောက်အနေနဲ့ လူအများ နားလည်မှုမလွဲအောင် အထိုက်အလျောက် ရှင်းပြသင့်တယ်လို့ ခံယူပြီး ဒီ post ကို ရေးရခြင်း ဖြစ်ပါတယ်။  

ကိုဗစ်ကပ်ရောဂါဟာ ကိုယ့်တနိုင်ငံထဲ ဖြစ်နေတဲ့ ရောဂါမဟုတ်ပါဘူး ကမ္ဘာ့ကပ်ဘေးကြီးပါ၊ ဘယ်လောက် လွယ်လွယ်ကူကူ ကူးစက်နိုင်သလဲဆိုတာလည်း အားလုံးအသိပါပဲ။ အခုမှ ထဖြစ်တဲ့ ရောဂါလည်း မဟုတ်ပါဘူး တစ်နှစ်ကျော်ကြာပါပြီ။ အဲဒီလို ရောဂါမျိုးကို ကိုယ့်အိမ်နီးချင်းတိုင်း ပြည်တွေမှာ အကြီးအကျယ်ကူးစက်နေပြီ ဆိုတာ ကြားကတည်းက နယ်စပ်တွေ ပိတ်ပစ်တာမျိုး၊ ပြည်တွင်း အသွားအလာ ကန့်သတ်တာမျိုး၊ လူစုလူဝေးဖြစ်စေမယ့်ကိစ္စမျိုးတွေကို တင်ကြိုတားမြစ်တာမျိုးလုပ်ခဲ့သင့်ပါတယ်၊ ဒီအတွက် တာဝန်ရှိတာ ဆရာ ဝန်တွေလား စကစလား စဉ်းစားကြပါ။ 

ကိုဗစ်ကာကွယ်ဆေးဟာ အာဏာမသိမ်းခင်ထဲက နိုင်ငံထဲရောက်ရှိနေခဲ့ပြီး စတင်ထိုးနှံ့နေခဲ့ပါပြီ။ အရှေ့တောင် အာရှတိုင်းပြည်တွေထဲမှာ အတော်လေး ဦးဦးဖျားဖျားထိုးခွင့်ရတဲ့အရှိန်ကို ဆက်ထိန်းပြီး ဆက်လက်မှာယူထိုးနှံ့ဖို့ စီစဉ်ခဲ့ရင် လက်ရှိအချိန်မှာ သက်ကြီးရွယ်အိုအတော်များများ ထိုးနှံ့ပြီးနေလောက်ပါပြီ။ ဒါဆိုရင် ခုလောက်အထိ ဆိုးဆိုးရွားရွားထိခိုက်ဖို့ မရှိပါဘူး။ အဲဒီလို ကိုဗစ်ကာကွယ်ဆေးတွေကို ဆက်လက်မှာယူထိုးနှံ့ဖို့ မစီစဉ်ခဲ့တာဟာ ဆရာဝန်တွေရဲ့တာဝန်လား စကစ ရဲ့ တာဝန်လား စဉ်းစားကြပါ။ 

ကိုဗစ်ဟာ ကုသစရာဆေးမပေါ်သေးတဲ့ရောဂါပါ။ အဲဒီအတွက် ကူးစက်မှုလျော့ကျအောင် ရောဂါခြေရာခံလိုက်ပြီး ရောဂါပိုးနဲ့ ထိတွေ့မှုရှိတဲ့သူတွေ၊ ကူးစက်ခံထားရသူတွေကို သီးခြားခွဲထားဖို့ အရေးကြီးပါတယ်။ အဲဒီ အတွက် Q Center တွေ ဆောက်ဖို့ မြေနေရာ၊ ဘတ်ဂျတ်၊ ပစ္စည်းပစ္စယ စသဖြင့် ပြင်ဆင်စီမံထားဖို့လိုပါတယ်။ Test Kit တွေ Test Center တွေ အလုံအလောက် စုဆောင်းပြင်ဆင်ထားဖို့လိုပါတယ်။ လက်တွေ့မှာ ရှိပြီးသား Q center တွေကိုတောင် ပြင်ဆင်ထားတာမျိုး လုံးဝမရှိခဲ့ပါဘူး။ အဲဒီအတွက် ဆရာဝန်တွေမှာ တာဝန်ရှိတာလား စကစ မှာ တာဝန်ရှိတာလားစဉ်းစားကြပါ။

အထက်မှာ ပြောခဲ့သလို ကိုဗစ်ဟာ ကုသစရာ ဆေးဝါးမရှိသေးတဲ့အတွက် ရောဂါအခြေအနေဆိုးလာပြီဆိုရင် လည်း ဆေးဝါးထက် အောက်စီဂျင် မပြတ်ပေးနိုင်ဖို့ က ပိုအရေးကြီးလှပါတယ်။ အဲဒီအတွက် O2 plant တွေ Concentrator တွေ အလုံအလောက် စုဆောင်းပြင်ဆင်ထားဖို့လိုပါတယ်။ တခြားနိုင်ငံတွေမှာလည်း ဆေးရုံ ICU တွေ မလုံလောက်တာ၊ အောက်စီဂျင်အလုံအလောက် မပေးနိင်တာတွေ မနှစ်ကထဲက နားနဲ့မဆန့်အောင် ကြားခဲ့ပြီးသားပါ။ အဲဒီအတွက် အရေးပေါ် ပြုစုကုသနိုင်မယ့် ယာယီဆေးရုံဆေးခန်းတွေ Oxygen Corner တွေ ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။ အဲဒီအတွက် ဆရာဝန်တွေမှာ တာဝန်ရှိတာလား၊ စကစ မှာ တာဝန်ရှိတာလား စဉ်းစားကြပါ။ 

ကိုဗစ်ဟာ ကူးစက်မြန်ရောဂါဖြစ်တဲ့အတွက် ကျန်းမာရေးစောင့်ရှောက်သူတွေအတွက်လည်း အင်မတန်အန္တရယ် များလှပါတယ်။ အဲဒီအတွက် PPE အပါအဝင် ကူးစက်ရောဂါထိန်းချုပ်ရေး ပစ္စည်းတွေ အများအပြား လိုပါတယ်။ လူထုကြားထဲမှာ လက်ဆေးရည် နှာခေါင်းစည်းပေါပေါများများရောက်ရှိနေဖို့ ဖြန့်ချိထားဖို့လိုပါတယ်။ ဆရာဝန်တွေကို ဖိတ်ခေါ်၊ စေတနာ့ဝန်ထမ်းတွေကို ဖိတ်ခေါ်ပြီးလိုအပ်မယ့် အကာအကွယ်ပစ္စည်းတွေ  အလုံအလောက်မပေးနိုင်ရင်တော့ ခေါ်ပြီးသတ်တာနဲ့ အတူတူပဲ ဖြစ်ပါလိမ့်မယ်။ အဲဒီအတွက် တာဝန်ရှိတာဆရာဝန်တွေမှာလား၊ စကစ လား စဉ်းစားကြပါ။

ကိုဗစ်ဟာ ဘယ်လောက်အသေအပျောက်များလဲဆိုတာ မနှစ်ကတစ်နှစ်လုံး ကမ္ဘာ့သတင်းတွေဖတ်ကြည့်ရင် သိပါလိမ့်မယ်။ အနည်းဆုံး ကိုယ့်နိုင်ငံမှာ အဲဒီလို များ ကြုံခဲ့ရင် ရုပ်အလောင်းတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ အစီအစဉ်ရှိထားသင့်ပါတယ်။ အနည်းဆုံးအလောင်းထည့်ဖို့ အိတ်လောက်တော့ အလုံအလောက် ရှိသင့်ပါတယ်။ ဒီလို စီမံခန့်ခွဲဖို့ ကိစ္စဟာ ဆရာဝန် တွေလုပ်ရမှာလား၊ စကစ လုပ်ရမှာ လားစဉ်းစားကြပါ။

နောက်တခုက ဆရာဝန် တွေအနေနဲ့ ဟစ်ပိုကရေးတီးအုတ်အရ လူနာတွေကို ပြုစုစောင့်ရှောက်ဖို့ တာဝန်ရှိတာမှန်ပါတယ်။ ဒါပေမယ့်  အစိုးရဆးရုံမှာ တာဝန်ထမ်းဆောင်ပြီး ပြုစုစောင့်ရှောက်ပါမယ်လို့ ကျိန်ဆိုထားတာမဟုတ်ပါဘူး။ ကြိုက်တဲ့ဆေးရုံဆေးခန်းမှာ ကုသနိုင်ပါတယ်။ ကုသမှုလည်းပေးနေခဲ့ပါတယ်။ ဒါကို အနှောင့် အယှက်ပေးဖမ်းဆီးနေတာဟာ ဆရာဝန်တွေမှာတာဝန်ရှိတာလား၊ စကစမှာ တာဝန်ရှိတာလား စဉ်းစားကြစေချင်ပါတယ်။ 

ဟုတ်ပါပြီ၊ မအလဖိတ်ခေါ်လို့ CDM ဆရာဝန်တွေ (တောထဲ ထောင်ထဲ မြေကြီးထဲရောက်နေသူတွေကလွဲလို့) လုပ်ငန်းခွင် အကုန်ပြန်ဝင်ကြပြီပဲ ဆိုပါစို့၊ လိုအပ်တဲ့  ဆေးရုံကုတင်၊ အရေးပေါ် အသက်ကယ်ပစ္စည်းကိရိယာ Test Kit ၊ ဆေးဝါးပစ္စည်း၊ အောက်စီဂျင်၊ သတင်းအချက်အလက်စနစ်၊ အထောက် အကူပြုအဖွဲ့တွေမရှိပဲ ဘယ်လိုမှ လူနာတွေကို ကယ်တင်လို့မရနိင်ပါဘူး။ အဲဒီထဲမှာ အရေးကြီးဆုံးက professional space ပါ။ လုပ်ငန်းခွင်မှာ ပညာရပ်ဆိုင်ရာအရ စဉ်းစားဆုံးဖြတ်ရမှာကို ပါဝါအာဏာနဲ့ အထက်ကနေ ညွှန်ကြားစေခိုင်းတာမျိုး (ဥပမာ လိုအပ်သူထက် လူကြီးဆွေမျိုးကိုဦးစားပေးတာမျိုး) မရှိပါဘူးလို့ ဘယ်သူက အာမခံနိုင်ပါသလဲ။ ဆေးရုံတင်ဖို့လာတဲ့လူနာတင်ကားကိုတောင် သေနတ်နဲ့ထောက်ပြီး ပြန်လှည့်ခိုင်းတဲ့သူတွေအနေနဲ့ ဆေးရုံပေါ်က ဆရာဝန်ခန်းထဲ သေနတ်ပြပြီး ခြိမ်းခြောက်စေခိုင်းတာမလုပ်ပါဘူးလို့ ဘယ်သူအာမခံရဲပါသလဲ။ 

တကယ်တော့ ကူးစက်ရောဂါ ထိန်းချုပ်ရေးမှာ အုပ်ချုပ်သူတွေရဲ့ဦးဆောင်မှု၊ ငွေကြေးသုံးစွဲမှု၊ စီမံခန့်ခွဲမှုနဲ့ အမိန့်အာဏာအသုံးချမှုတွေက အခရာကျပါတယ်။ ကပ်ဘေးဟာ ကျန်းမာရေးဝန်ကြီးဌာနတခုထဲက စီမံနိုင်တဲ့ဘောင်ကို အများကြီး ကျော်နေလို့ပါ။ ဥပမာပြောရရင် အခုကြုံနေရတဲ့ ထောင်တွင်းကူးစက်မှုလိုမျိုးဆိုရင် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ပူးပေါင်းကူညီဆောင်ရွက်မှု ကောင်းကောင်းလိုပါတယ်။ အလားတူပဲ နယ်စပ်ဂိတ်တွေကိုပိတ်ဖို့ဆိုရင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထဲရေးကာကွယ်ရေး  စတဲ့ဝန်ကြီးဌာနတွေ အကုန်ပူးပေါင်းပါဝင်ရပါလိမ့်မယ်။  အဲဒီအတွက် နိုင်ငံတော်ရဲ့ ဝန်ကြီးချုပ်အဆင့်က နေဦးစီးဦးဆောင်ပြုမှသာ အလားတူပူးပေါင်းဆောင်ရွက်မှုမျိုးကို ဖော်ဆောင်နိုင်ပါလိမ့်မယ်။ ဒီလောက်ဆိုရင် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးကိစ္စတခုလုံးဟာ အုပ်ချုပ်ရေးယန္တရားတွေကိုထိန်းချုပ်ထားတဲ့သူတွေလက်ထဲမှာသာ အပြည့်အဝတာဝန်ရှိတယ်ဆိုတာ မြင်လောက်ပြီ ထင်ပါတယ်။ 

လက်ရှိမှာ နိုင်ငံတကာ အလှူရှင်အဖွဲ့အစည်းတွေ ကုလအဖွဲ့အစည်းတွေ NGO တွေအနေနဲ့အကူအညီတွေ အလျင်အမြန်ရရှိရေး ကြိုးစားဆောင်ရွက်နေကြပါတယ်။ အဲဒီအတွက် စကစ နဲ့ကော NUG နဲ့ပါ ဆက်သွယ်ညှိနှိုင်းမှုတွေလည်း ရှိပါတယ်။ စကစ ကျန်းမာရေးဝန်ကြီးကတော့ အကူအညီပေးမယ့်အဖွဲ့တွေကို MOU (အပြန်အလှန် နားလည်မှုစာချွန်လွှာ) ရှိဖို့/လျှောက်ဖို့နဲ့ Report မှန်မှန်လုပ်ဖို့ပဲ တောင်းဆိုနေပါတယ်။ သူ့ဘက်က ဘာအကူအညီ အထောက်အပံ့ (ဥပမာ လုံခြုမှုအတွက် အာမခံတာမျိုး၊ မြေပြင်မှာ ပူးပေါင်းဆောင်ရွက်မှုအတွက် ညွှန်ကြားချက်ထုတ်ပေးတာမျိုး) ပေးမယ်ဆိုတာတော့မပြောပါဘူး။ တကယ်တော့ သူကိုယ်တိုင်လည်း စစ်ဗိုလ်ချုပ်တွေခိုင်းတဲ့အတိုင်းလုပ်နေရတဲ့သူဖြစ်တဲ့အတွက် ရေရေရာရာ ဘာပေါ်လစီမှလည်း မချနိုင်ပါဘူး။

အဲဒီအတွက် လူထုကျန်းမာရေးကိစ္စမှာတော့ ဆရာဝန်တွေကို စကစ နဲ့ ညှိနှိုင်းစေချင်ပါတယ်လို့ပြောနေတဲ့မိတ်ဆွေများကိုမေးချင်တာက မညှိနှိုင်းခင် စကစ ရဲ့ စိတ်ရင်းမှန်နဲ့ နှုတ်ထွက်စကားတွေကို ဘယ်လောက်အာမခံနိုင်ပါသလဲ၊ ဆရာဝန်တွေကိုပြန်လာစေချင်တယ်လို့ပြောတာဟာ အမှန်တကယ် ပြန်လာစေချင်တာထက် ဆရာဝန်တွေ ပြန်မလာလို့ သူ့မှာစိတ်ရှိပေမယ့် ထိထိရောက်ရောက်မလုပ်နိုင်တာလို့ ဆရာဝန်တွေကို အပြစ်ပုံချချင်တာလားဆိုတာ အရင်ကွဲပြားစေချင်ပါတယ်။ ကိစ္စတခုကို ဂဃနဏနားမလည်ဘဲ  လူကြားကောင်းရုံ စေတနာတွေနဲ့လိုင်းပေါ်မှာ လျှောက်ရေးနေမယ့်အစား လိုအပ်နေတဲ့သူတွေအတွက် အောက်စီဂျင်တန်းစီပေးတာက ပိုပြီးအကျိုးရှိပါလိမ့်မယ်ဆိုတာလောက်ပဲ ပြောချင်ပါတော့တယ်။

ကိုဒီ 
This post is written by a medical doctor who also holds a Master degree in Public Health.
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar