မြန်မာနွေဦးတော်လှန်ရေးကဗျာများ - ထွန်းဝင်းငြိမ်း၊ ဝင်းဌေးဦး
မိုးမခ
ဇူလိုင် ၁၊ ၂၀၂၁
-
ကျောက်ထွင်းအက္ခရာ
မပျောက်သေးသော
အတိတ်မြားနဲ့
ကောက်ကွေးသော
အရိပ်များမှာ
ဇာချဲ့နေရ။
သတိရတတ်သူရဲ့
အလွမ်းဓာတ်ဟာ
နွေဦးကိုအနားသတ်မယ်ဆိုတဲ့
အဆီတထပ် အသားတထပ်
မျှော်လင့်ချက်အထပ်ထပ်ကို
"ကတ်" လို့ အော်ချင်နေမိ။
အချစ်ရေ
ဆီဝယ်
ကြက်ဝယ်ဖို့
မလွယ်တဲ့ အရပ်မှာ
ကျည်ကွယ်မျက်ကွယ်ကို
ရှာတတ်နေပြီလား။
ဒီမှာတော့
ညညဆို
ခွေးဟောင်သံတွေကြားတိုင်း
လက်သီးကိုတင်းတင်းဆုပ်မိ
မီးတွေပိတ်လိုက်ပေမယ့်
စိတ်တွေက အိပ်လို့မရဘူး။
ထွန်းဝင်းငြိမ်း
၃၀၊ ၆၊ ၂၀၂၁
-
အိပ်မက်ဆိတ်တဲ့နွေဦးလ
သန်းခေါင်ကျော်မှပြတင်းပေါက်ကိုလူးလိမ့်လို့
မျက်စိထဲငွေရောင်တွေကြဲပက်ရင်း
နောက်ကျဒဏ်ကြေးလို
တဖက်သပ်အနမ်းတွေနဲ့
ငါ့ ခေါင်းအုံးကိုဆွဲလုမြဲပေါ့ ။
ငါ မျှော်လင့်နေခဲ့ပါရဲ့
အိပ်မပျော်စေတဲ့လမင်းငယ်
ခဏငယ်များစွာ
ညဟာဆစ်ထုံးရှည်ခဲ့တယ် ။
ဆင်းရဲစွာ
ချမ်းသာခဲ့ပုံ
မေ့လျော့ခြင်းမြစ်မှာ
ရေစီးရေလာတွေအသစ်အဆန်းတွေနဲ့ ။
ဆင်းရဲစွာ
ချမ်းသာခဲ့ပုံ
ပူပမ်တတ်တဲ့လမ်းမရဲ့ညညများ
ခဏရောင်ကို ဆီဆမ်းလို့။
ဆင်းရဲစွာ
ချမ်းသာခဲ့ပုံ
ချွေးနဲ့ပေါက်တဲ့သစ်ပင်တစ်ပင်ရဲ့ဖြစ်ထွေ
မျက်လုံးကြောင်တဲ့အငေးတွေပြတင်းပေါက်ပေါ်တင်ရင်း ။
ငှက်တစ်ကောင်လို ခဏခဏဆိတ်ခဲ့ရ
အို…အိပ်မက်လ နွေဦးအဖြူလှိုင်းအစအန
နောက်ကျတဲ့သန်းခေါင်ကျော် လမင်းရေ…… ။
ဆင်းရဲစွာ
ချမ်းသာခဲ့ပုံ
မမောတဲ့ရင်ခုန်သံနဲ့နှုတ်ဆက်
ငါ့ ညညကိုအပြီးတိုင် ဖျက်ဆီးပေးပါတော့
အပြီးတိုင် ဖျက်ဆီးပေးပါတော့ ။ ။
ဝင်းဌေးဦး
၃ ၀ ၆ ၂ ၁
...
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar