ဆ သ ဒ - သုနက္ခကေသရာဇာ
ဆ သ ဒ
မိုးမခ
ဇူလိုင် ၁၊ ၂၀၂၁
နွေဦးမှာ နေရပ်ကိုစွန့်ခွာခဲ့ရသည်။
တနယ်တကျေးရပ်ဝေးဒေသတစ်ခုမှာ ဘဝ၏အခိုက်အတန့်ရက်စွဲများကို ဖြတ်သန်းရှင်သန်ခဲ့ရလေသည်။
ရောက်သည့်အရပ်မှာ ပျော်အောင်နေကာ တွေ့တဲ့လူနဲ့တည့်အောင်ပေါင်းလို့ ရတာလေးကိုဝေမျှစားပြီး နိုင်ရာတာဝန်ကိုကျေပွန်အောင် ကြိုးစားနေဖြစ်ခဲ့ပါ၏။
ဖေ့စ်ဘုတ်မသိ WiFi မရှိ။ သို့ပေသည့် စုပေါင်းရေးဆွဲနေသည့် "မပြီးဆုံးသေးသည့်ပန်းချီကား" ကို ရောက်သည့်နေရာမှ အားစိုက်ခွန်စိုက်ပါဝင်ရေးဆွဲဆဲဖြစ်ပါ၏။
နွေဦးဝပ်ကျင်းသစ်မှာ ခေတ္တခဏခိုလှုံရင်း ငယ်ပေါင်းသူငယ်ချင်းများကို အထူးတလည် သတိရမိနေပါ၏။ ပြောမနာဆိုမနာ ဆဲမနာ ထုမနာ ထောင်းမနာငယ်ပေါင်းများစွာ။ များစွာမှ များစွာ။
"မပြီးဆုံးသေးသည့်ပန်းချီကား" ကိုရေးနေရင်း ငယ်ပေါင်းသူငယ်ချင်းအရင်း 'ဆက်နိုင်' ကို သတိရမိပါ။ 'ဆက်နိုင်'ကား ပန်းချီရေး ကောင်းလှ၏။ မင်ခြစ်ရေးရေး ရေဆေးရေးရေး သူ့လက်မှာ ညက်လှ၏။
အလယ်တန်းကျောင်းသားဘဝမှာ ကျနော်တို့ အားကျခဲ့ရသည့်လက်ရာရှင်ဖြစ်လေ၏။ ကျနော်တို့တွေ 'ပန်းချီသောင်းဟန်'၏ ပုံတူရေးဆွဲနည်းစာအုပ်ကြီးတွေကို ကူးယူလေ့ကျင့်ရေးဆွဲနေချိန်မှာ 'ဆက်နိုင်' ကားကျောင်းမှ ဆရာဆရာမများအတန်းဖော်များ၏ပုံများကို အချိုးကျစွာ လက်စွမ်းပြ ရေးဆွဲနိုင်နေလေပြီ။
၁၉၇၈/၇၉ ခုနှစ် ကျနော်တို့အထက်တန်းကျောင်းသားဘဝ ပြည် အထက( ၃ ) မှာတက်စဉ်။ ကျနော်တို့ကျောင်းအနောက်ဘက်ကပ်ရက်မှာ ကိုခင်ဝမ်း၏သီချင်းထဲက 'ဧရာဝတီ' ရှိ၏။ 'တာရိုး'ရှိ၏။ တာရိုးနှင့်အပြိုင် မီးရထား လမ်းလည်းရှိ၏။ ထိုနေရာမှာ ရထားကုန်တင်တွဲများပေါ်မှ ထုံးကျောက် စကျင်ကျောက်တုန်းများကို လာလာချ၍ ပုံထားလေ၏။
ထိုစကျင်ကျောက်တုန်းများထဲမှ စွန့်ပစ်အတုံးအခဲများအပိုင်းအစများကို ကျနော်တို့ ကောက်ယူလေ့ ရှိခဲ့ကြ၏။
ပြီးတော့ 'ပန်းပု' ထုခဲ့ကြပါ၏။ 'ပုံဆွဲ'မှာ ဆရာဖြစ်သူ 'ဆက်နိုင်' ကား 'ပန်းပု' မှာလည်း 'ဆရာ' တစ်ဆူပဲ ဖြစ်ပါလေ၏။
ကျနော်တို့ကတော့ 'ပုံဆွဲ' မှ မကျွမ်းကျင်မီ 'ပန်းပု' ပါ လိုက်လံ၍သင်ယူလေ့ကျင့်ခဲ့ကြပါလေ၏။ 'ပန်းချီ' ကား စာရွက်ပေါ်တွင် အပြားလိုက် ရေးဆွဲဖန်တီးရသည်ဖြစ်သော်ငြား 'ပန်းပု' ကား 'ထောင့်စုံမြင်' ဖြစ်ကာ ထုနှင့်ထည်နှင့် 'ရုပ်လုံးကြွ' ဖန်တီးရတာဖြစ်၏။ ဒါပေမယ်လို့ ကျနော်တို့ ဇွဲတော့ မလျှော့။ သင်၏။
'ဆက်နိုင်' ထုလုပ်ဖန်တီးထားသည်'ပန်းပုအရုပ်ကလေးများ' အချိုးအစားကျနစွာတစ်ခုပြီးတစ်ခုပေါ်ထွက်နေချိန်မှာ ကျနော်တို့လည်း အားတင်းကာ ဆက်လက်၍ လေ့ကျင့်လျက်ပေါ့ခင်ဗျာ။
သီရိခေတ္တရာဇာတိမြေနေအိမ်ဧည့်ခန်းထဲက မှန်ဘီရိုကြီးထဲမှာ 'ဆက်နိုင်' ရဲ့လက်ဆောင် စကျင်ပန်းပုရုပ်ကလေးနှစ်ခုရှိပါတယ်။ နှစ်ခုစလုံး 'ဗိုလ်ချုပ်' ရုပ်ကလေးတွေပါ။ တစ်ခုက 'ငါးကျပ်တန်'ထဲကလို 'ကိုယ် တစ်ပိုင်း' ဖြစ်ပြီး နောက်တစ်ခုကတော့ ရန်ကုန်တော်လှန်ရေးပန်းခြံထဲက မတ်တပ်ရပ်ပြီး ဓားကို မြေကြီးပေါ် ထောက်ကိုင်ထားတဲ့ ဗိုလ်ချုပ်အရုပ်ကလေးပါခင်ဗျ။
နှစ်ခုစလုံး ဘယ်သူ မြင်လိုက်မြင်လိုက်မြင်လိုက်တာနဲ့ 'ဗိုလ်ချုပ်အောင်ဆန်း'လို့ ချက်ချင်း တန်းခနဲသိကြရတဲ့အထိလက်ရာမြောက်လှပါတယ်။ အိမ်ကဘီရိုရှိုးကေ့စ်ထဲမှာ နှစ်ပေါင်းများစွာကို ရှိနေခဲ့ပါတယ်။
'ဆက်နိုင်' ကို အားကျတာနဲ့ ကျနော်တို့လည်း အဆင်ပြေမယ်ထင်တဲ့အရုပ်တွေကို လေ့ကျင့်ထုလုပ်ဖြစ်ခဲ့ကြပါတယ်။ 'ပုံတူ' အဆင့်တော့ တန်းပြီးမရောက်နိုင်မှန်းရိပ်စားမိတာနဲ့ လွယ်ကူမယ်ထင်တဲ့ဟာတွေရှာကြံပြီး ထုဖြစ်ခဲ့ပါတယ်။
ဒါနဲ့ တခါတော့ သုတစွယ်စုံစာအုပ်ထဲမှာ'ခြင်္သေ့ကြီးဝပ်နေပုံ' ကိုမြင်ပြီး သဘောကျတာနဲ့ အဲသည်ပုံကို ကြိုးစား ပမ်းစား ထုဖြစ်ခဲ့ပါတယ်။ ကျောင်းပိတ်ရက် စနေ တနင်္ဂနွေ နှစ်ရက်တိတိကို မနားတမ်း ကြိုးစားပြီးထုလုပ်ဖန်တီးဖြစ်ခဲ့ပါသဗျ။
တနင်္လာနေ့ကျ ကျောင်းကိုယူသွားပြီး အတန်းဖော်တွေကို 'ငါထုထားတာ' လို့ ကြွားမယ်ပေါ့။ အဲသည်နေ့မနက်က ကျောင်းမတက်ခင် ကျနော်တို့အခန်းထဲမှာ တစ်တန်းလုံး 'တအုန်းအုန်း' ပါ ခင်ဗျ။ အတန်းပိုင်ဆရာမဝင်လာပြီး စားပွဲကို ဒတ်စတာနဲ့တဒေါက်ဒေါက် ခေါက်သံကြားတော့မှမျက်နှာပိုးတွေသတ် ရယ်နေတာတွေကိုရပ်ကြတယ်။
'မင်းတို့တွေ ဘာတွေများ ဒီလောက်ကြီးရယ်နေကြတာလဲ'
ဆရာမမေးတော့ အတန်းဖော်တွေက'ဆသဒ ထုထားတဲ့ ပန်းပုအရုပ်ကိုကြည့်ပြီး သဘောကျကြလို့ပါ ဆရာမ' လို့ သံပြိုင်ကို အော်ဟစ်ဖြေကြားကြပါတယ်။ ဒါနဲ့ဆရာမလည်း မနေသာတော့ပါဘူး။
'ဟေ့ကောင် ဆသဒ . . . မင်းအရုပ်ကိုစားပွဲပေါ် လာတင်စမ်း'
ကျနော်လည်း ချစ်ကြောက်ရိုသေရတဲ့အတန်းပိုင်ဆရာမရဲ့စားပွဲပေါ်ကို ကျနော့်ရဲ့လက်စွမ်းပြအရုပ်ကလေးကိုသွားတင်ပေးလိုက်ပါတယ်။ ဆရာမလည်း ပန်းပုရုပ်ကလေးကို လှည့်ပတ်ကြည့်ပြီး သဘောကျသွားပုံပါပဲ။
'အေးကွ ဆသဒ ရ၊ မင်းထုထားတဲ့ ခွေးပုံလေးက အသက်ဝင်သားဟ'
ဆသဒ
( ဥပဒေသ။ ။ ပုံဖော်မကျွမ်းကျင်ပါက ကေသရာဇာ ခြင်္သေ့မင်းပုံထုလုပ်ရင်း သုနက္ခ ခွေးရုပ် အဟုတ်ကို ထွက်လာတတ်ကြောင်းပါ )
1-6-21 (Tue) 4:05 Pm
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar