အိုက်နီ(ဖြူး) - ပညာရေးသပိတ်တိုက်ပွဲမှသည် အခန်းဆက်တိုက်ပွဲအဖြစ် လက်နက်စွဲကိုင်တော်လှန်ရေးဆီသို့
အိုက်နီ(ဖြူး) - ပညာရေးသပိတ်တိုက်ပွဲမှသည် အခန်းဆက်တိုက်ပွဲအဖြစ် လက်နက်စွဲကိုင်တော်လှန်ရေးဆီသို့
( ၇ ဇူလှိုင်ကျောင်းသားအရေးတော်ပုံ နှစ် ၅၉ ပြည့် အထိမ်းအမှတ် သုံးသပ်တင်ပြချက်)(မိုးမခ) ဇူလိုင် ၈၊ ၂၀၂၁
ဗမာပြည်သမိုင်းမှာ ကျောင်းသားသပိတ်များစွာ ဖြတ်သန်းကြုံတွေ့ဖူးတဲ့ အတွေ့အကြုံများစွာ ရှိပါတယ်။ သပိတ်တိုက်ပွဲ တခုစီတိုင်းမှာ အောင်ပွဲဆင်တဲ့အခြေအနေမျိုးမဟုတ်ဘဲ ပကတိမြေပြင်အနေအထားအရ သပိတ်တိုက်ပွဲ ချေမှုန်းခံခဲ့ရတာရှိပါတယ်။ သမိုင်းမှာ တိုက်တိုင်းအောင်တဲ့ အခြေအနေမျိုး မရှိခဲ့ဖူးပါဘူး။
နိုင်ငံရေးအာဏာကို အုပ်စိုးသူ ဗြူရိုကရက်ယန္တရားက ချုပ်ကိုင်ထားတဲ့ကာလပတ်လုံး ဖိနှိပ်ဖြိုခွင်းခံရမှာပဲ ဖြစ်ပါတယ်။ သမိုင်းမှာ တိုက်ပွဲတခုပြီးတိုင်း နောက်ထပ်နည်းလမ်းတခုကို ရွေးချယ်ရတာပဲဖြစ်ပါတယ်။ အုပ်စိုးသူလူတန်းစား၏ရဲ့ယန္တရားကို ဖြိုချဖျက်ဆီးပြီး လူမျိုးပေါင်းစုံပြည်သူလူထုကို ကိုယ်စားပြုတဲ့ လူထုယန္တရား အစားထိုးခြင်းကသာ အောင်ပွဲရရှိနိုင်မှာမို့ တိုက်ပွဲနည်း သဏ္ဍာန်မျိုးစုံ ပေါင်းစပ်တိုက်ပွဲဝင်ကြ ရမှာပဲဖြစ်ပါတယ်။
ဒီမိုကရေစီပညာရေးတိုက်ပွဲဆိုတာကို မနေ့တနေ့ကမှ တိုက်ပွဲဝင်ခဲ့ကြတာမဟုတ်ဘဲ နယ်ချဲ့ ကိုလိုနီအရင်းရှင်စနစ်ကနေ ယနေ့ စစ်ဗြူရိုကရက်အရင်းရှင်စနစ်ထိ တိုက်ပွဲဝင်နေရတာမို့ ဖြတ်သန်းမှုမျိုးစုံ၊ အတွေ့အကြုံမျိုးစုံက လုံလောက်တဲ့ အခြေအနေမျိုးရရှိနေတာပဲဖြစ်ပါတယ်။
၁၉၂၀ခုနစ်က ဗမာပြည်မှာ နယ်ချဲ့စနစ်ကို ဒီမိုကရေစီပညာရေးသပိတ်တိုက်ပွဲအဖြစ် ပထမဆုံးရင်ဆိုင်ရတဲ့ တိုက်ပွဲ ဖြစ်ပါတယ်။ နယ်ချဲ့စနစ် အောက်မှာ ဒီမိုကရေစီပညာရေးတောင်းဆိုလို့ရမှာ မဟုတ်ဘူးဆိုတဲ့အသိက ပထမကျောင်းသားသပိတ်က ရရှိလိုက်တာကြောင့် နယ်ချဲ့စနစ်ဆန့်ကျင်ရေးအားကောင်းလာပေမယ့် ၁၉၂၀ကျောင်းသားသပိတ်တောင်းဆိုမှုတော့ မရခဲ့ပါဘူး။၁၉၁၇ခုနစ် ရုရှားက အောက်တိုဘာတော်လှန်ရေးအမြှောက်သံက နယ်ချဲ့စနစ်ကို လက်နက်ကိုင်တော်လှန်ရမယ်ဆိုတဲ့ တော်လှန်ရေးအသိက ကျောင်းသားလူငယ်တွေ တိုးတက်တဲ့နိုင်ငံရေးသမားတွေဆီ ပြန့်နှံ့လာခဲ့ပါတယ်။ မာ့က်စ်ဝါဒကလည်း ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂကို အခြေပြုပြီး ဗမာပြည်အနှံ့အပြား တောမီးပမာပျံ့နှံ့သက်ဝင်ယုံကြည်လာခဲ့ကြပါတယ်။
၁၉၂၀ ဒီမိုကရေစီပညာရေးသပိတ်တိုက်ပွဲအဆက် - ၁၉၃၆ ဒုတိယကျောင်းသားသပိတ်၊ ၁၉၃၈ တတိယကျောင်းသားသပိတ်တွေ ဆင်နွှဲခဲ့ပေမယ့် လက်နက်မဲ့ လူထုတိုက်ပွဲ သဏ္ဍာန်ဖြစ်တာမို့ လက်နက်ကိုင်ထားတဲ့အုပ်စိုးသူနယ်ချဲ့အစိုးရက ဖြိုခွင်းခဲ့ပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ကျောင်းသားသပိတ်တွေကို လက်နက်နဲ့ဖြိုခွင်းသတ်ဖြတ်လာတဲ့နယ်ချဲ့စနစ်ကို လက်နက်စွဲကိုင်ပြီး တော်လှန်မှသာ နယ်ချဲ့စနစ် ကျေပြုန်းပျက်စီးမယ်ဆိုတာကို ကျောင်းသားလူငယ်မျိုးဆက်များက လက်ခံယုံကြည် လာခဲ့ပါတယ်။
၁၉၃၇ ခုနစ်မှာ မာ့က်စ်ဝါဒပြန့်ပွားရေးနဲ့ နယ်ချဲ့ဆန့်ကျင်ရေးအတွက် နဂါးနီလက်ဝဲစာဖတ်အသင်းကို ထူထောင်လာခဲ့ပါတယ်။ ၂ နှစ် အကြာ ၁၉၃၉ခုနစ်၊ သြဂုတ်လ(၁၅)မှာ မာ့က်စ်ဝါဒအခြေခံပြီး ဗမာပြည်ကွန်မြူနစ်ပါတီကို ထူထောင်ခဲ့ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီဉီးဆောင်မှုနဲ့ မြို့ရွာအနှံ့ ကျေးလက်တောရွာပါ မကျန် လက်နက်ကိုင်ပြောက်ကြားတပ်များဖွဲ့စည်းလာပြီး ဗမာ့လွတ်လပ်ရေးအတွက် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)နဲ့ ပေါင်းစပ်ကာ လက်နက်စွဲကိုင်တော်လှန်ရေးက နယ်ချဲ့ဗြိတိသျှကိုရော၊ နယ်ချဲ့ဖက်ဆစ်ဂျပန်ကိုပါ အောင်ပွဲအလီလီရရှိပြီး ဗမာ့လွတ်လပ်ရေးရရှိခဲ့တာပဲဖြစ်ပါတယ်။
ဗမာပြည်ရဲ့စည်းလုံးညီညွတ်မှု တည်ဆောက်ရာမှာ အအောင်မြင်ဆုံးကာလဖြစ်သလို တော်လှန်တဲ့အတွေးအခေါ်၊ တော်လှန်တဲ့ပါတီ တော်လှန်တဲ့တပ်ပေါင်းစုတွေကြောင့် အောင်ပွဲဆင်နွှဲနိုင်ခဲ့တာပဲဖြစ်ပါတယ်။
လွတ်လပ်ရေးရရှိပြီး လပိုင်းအကြာမှာတော့ လက်ယာစွန်း ဖဆပလအစိုးရက ဗမာလူမျိုးကြီးဝါဒကျင့်သုံးတာ၊ အခြေခံဒီမိုကရေစီအခွင့်အရေးဆုံးရှုံးတာ၊ တပြည်ထောင် စနစ်ကျင့်သုံးတာတွေက ပြည်တွင်းစစ်ကိုမွေးဖွားပေးလိုက်တာပဲဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီး ၁၀နှစ်အကြာ မှာ ဗိုလ်ချုပ်နေဝင်းဉီးဆောင်ပြီး စစ်အာဏာရှင်စနစ်ကိုထူထောင်ခဲ့တာက ၁၉၆၂ခုနစ်။ အဲသည် နှစ် ဇူလိုင်လ (၆) ရက်နေ့မှာ ၇ ဇူလိုင်အရေးတော်ပုံ ပေါ်ပေါက်လာခဲ့ပါတယ်။
၇ ဇူလိုင်အရေးတော်ပုံကြီးက ဗမာပြည်မှာလွတ်လပ်ရေးရပြီး စစ်ဗြူရိုကရက်အရင်းရှင်စနစ်ကို ပထမဆုံးဆန့်ကျင်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးပဲဖြစ်ပါတယ်။ ၇ ဇူလိုင်အရေးတော်ပုံကို လက်နက်ကိုင်ဆောင်ထားတဲ့ ဗိုလ်နေဝင်းစစ်အစိုးရက အကြမ်းဖက်သတ်ဖြတ် ဖြိုခွင်းခဲ့တာမို့ အခန်းဆက်တိုက်ပွဲအဖြစ် ၁၉၆၉၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆ သပိတ် တိုက်ပွဲများ ဆက်စပ် တိုက်ပွဲဝင်ခဲ့ရပါတယ်။ ၁၉၈၈ခုနစ်မှာ စစ်အာဏာရှင်စနစ်ကို လူတန်းစားစုံလူ့အလွှာစုံ အထွေထွေသပိတ်ကြီးဆင်နွှဲမှုက ၇ ဇူလိုင်အရေးတော်ပုံက သန္ဓေတည်ပေးလိုက်တဲ့ ဒီမိုကရေစီအရေးတော်ပုံ ကြီးပဲဖြစ်ပါတယ်။
၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကို အကြမ်းဖက် သတ်ဖြတ် ဖြိုခွင်းတာကြောင့် လက်နက်ကိုင်တော်လှန်ဖို့ တိုင်းရင်းသားတော်လှန်ရေးဒေသအသီးသီးဆီ ရောက်ရှိကာ တော်လှန်ရေးဆင်နွှဲပေမယ့် အောင်ပွဲတော့ မရယူနိုင်ခဲ့ပါဘူး။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတိုက်ပွဲက အခန်းဆက်တိုက်ပွဲဖြစ်လာပြီး ရွှေဝါရောင်တော်လှန်ရေးကြောင့်ပဲ အုပ်စိုးသူ စစ်အစိုးရက ၂၀၀၈ ခုနစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဉပဒေကို ပြဌာန်းပြီး စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးအားထုတ်လာကြပါတယ်။
၂၀၁၀ ခုနစ်မှာ ဟန်ပြဒီမိုကရေစီ၊ အတုအယောင်စနစ်ကို ပုံဖော်ပေမယ့် ၂၀၁၅ခုနစ် ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း (လက်ပံတန်း) ရဲ့ ငြိမ်းချမ်းတဲ့ဆန္ဒတိုက်ပွဲကိုလည်း ဗိုလ်သိန်းစိန်အစိုးရကလည်း အကြမ်းဖက်ဖြိုခွဲပြီး ဘီးလူးအစွယ် ထုတ်ပြခဲ့ပါတယ်။ နောက်ဆုံး ၂၀၂၁ ခုနစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ ဗိုလ်မင်းအောင်လှိုင်က စစ်အုပ်စုရဲ့ မင်းသားမျက်နှာဖုံး ခွာချပြပြီး ဘီးလူးအစွယ် ထုတ်ပြ စစ်အာဏာသိမ်းလိုက်ပါတယ်။
ဒါကြောင့်မို့ ဒီမိုကရေစီပညာရေးတိုက်ပွဲတွေဖြစ်တဲ့ ၁၉၂၀မှသည် ၂၀၂၁ခုနစ်၊ နွေဉီးတော်လှန်ရေးအထိ ကျောင်းသားတိုက်ပွဲ၊ လူထုတိုက်ပွဲပေါင်းများစွာ အခန်းဆက်တိုက်ပွဲများကနေ ဗမာပြည် ကိုလိုနီခေတ်မှာရခဲ့ဖူးတဲ့ စည်းလုံးညီညွတ်မှုမျိုးနဲ့ တော်လှန်သော စုစည်းညီညွတ်တဲ့တပ်ပေါင်းစုက ဉီးဆောင် ပြီး လက်နက်စွဲကိုင်တော်လှန်ခြင်းကသာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မှာဖြစ်ကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar