Breaking News

မြန်မာနွေဦးတော်လှန်ရေးကဗျာများ - မစ္စတာ ဟွန်ဒါ၊ ကျော်စွာ


Art- SKB

မြန်မာနွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဇူလိုင် ၈၊ ၂၀၂၁

မိတ်အင်ဘားမား ဆွဲသားဘောင်းဘီ


ဟောသည်မှာ
တိုင်းပြီးချုပ်ထားတဲ့
လေဘေးထည်တွေ

ပင်လယ်လေညင်းဟုအမည်ရသော
စစ်ရေးလေးကျင့်မှု

ရေမရောသောအမှောင်

နောက်ကပိတ်ကားကိုသာရွှေ့ပေးနေသော
ပြကွက်များ

အသည်းပုံ လက်လုပ်ဗုံးများ

အော်ဂဲနစ် ဒုက္ခသုက္ခနှင့်
ကြယ်ငါးပွင့် အလိမ်အကောက်များ

ပယ်တေးဖိလစ်
အနိုင်ကျင့်မှုများ

လာပါ လာပါ
ဒီနိူင်ငံထွက် အော်ရီဂျင်နယ်တွေပါ
တခြားဘယ်နိုင်ငံမှာမှ မရပါဘူး
ရွေးထားလိုက် ရွေးထားလိုက်

အရောင်းအဝယ်အရ
ပိုက်စံရေတဲ့အခါ
ပိုက်စံတွေကြားက
ကလေးငိုသံတွေ
ထွက်ကျလာပါလိမ့်မယ်

စာချုပ်မှာလက်မှတ်ထိုးကြရင်
ခင်ဗျားနာမည်ကို 
သေနတ်ထဲထည့်ပစ်လိုက်ရုံပါပဲ

ဒိုင်း  ဒိုင်း ဒိုင်း။

မစ္စတာ ဟွန်ဒါ

...

အကောင်ပဲ

နံရံထဲကိုတိမ်တွေထည့်ဖွက်မယ်လုပ်တော့
မိုးကရွာပြီ

မင်းအသက်ဘယ်လောက်လည်းတဲ့
ကျနော်မသိဘူး

ကျနော်တို့အသက်က
ဘယ်သူ့လက်ထဲမှာလည်း
ကျနော်ပြန်မေးတော့

ရီစရာပြောတာတာပါကွာဆိုပြီးထွက်သွားတယ်
ကိုယ့်မှာသာမောပြီးကျန်ခဲ့ရတယ်

ကိုယ့်ကိုကိုယ်စမ်းမိပါတယ်
တိမ်တွေကိုစမ်းမိတယ်

ဒီကောင်က
ခပ်ဝေးဝေးရောက်မှအော်ပြောတယ်

ကိုယ့်အသက်ကို
ကိုယ်စမ်းမိရင်
အကောင်ပဲတဲ့

ဒီကောင်လူမှဟုတ်ရဲ့လားလို့တွေးမိတယ်
ကိုယ့်အသက်တော့ကိုယ်မစမ်းမိသေးဘူး
ခက်တယ်

ကျော်စွာ
၅ ဂျူလိုင် ၂၀၂၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar