Breaking News

ဘိုးညီတင့် - မြန်မာ့တိုင်းရင်းဆေးပညာရှင်ဆရာကြီးဇကလေး

Image-WIRED
မြန်မာ့တိုင်းရင်းဆေးပညာရှင်ဆရာကြီးဇကလေး
ဘိုးညီတင့်
(မိုးမခ) ဩဂုတ် ၃၊ ၂၀၂၁

       ဝက်လက်နေ ဘိုးညီတင့်၊ ငါန်းဇွန်နေ ဘိုးနွေစမ်း၊ ပုဇွန်တောင်နေ ဇကလေး၊ ဟိုင်းဝေးအမြန်လမ်းပေါ်နေ ကားဆရာ မူးမြင့်အောင်။ သူငယ်ချင်းလေးယောက် သုံးလေးနှစ်တကြိမ် ဆုံမိရန်မလွယ်ကူ။ ယခုအိမ်တွင်းအောင်းကာလတွင်မှ စနေနေ့တိုင်းဆုံဖြစ်ကြ၏။ အွန်လိုင်းပေါ်ချိန်းကာ ဇွန်းမီတင်ပြုလုပ်တွေ့ဆုံကြခြင်းတည်း။ သူငယ်ချင်းလေးယောက်သားအခုမှအတိုးချကာ အတင်းပြော အဲလေ စကားဖောင်ဖွဲ့ရလေသည်။ ကိုဗစ်ကျေးဇူးကားကြီးမားလေစွ။
       ယနေ့လည်းတွေ့ဆုံရန်ချိန်းထားသဖြင့် ဘိုးညီတင့် မနက်ခင်းရေနွေးကြမ်းသောက်ကာ သရက်ခြံသို့ချီတက်ရသည်။ ရွာထဲမှာလိုင်းမကောင်း။ သရက်ခြံထဲမှာပင် မကြာခဏနေရာရွှေ့ပေးရသည်။ ကျန်သူငယ်ချင်းသုံးယောက်ကကွန်ပြူတာကိုယ်စီနှင့် စားပွဲပေါ်မှာဇိမ်ကျကျထိုင်နိုင်ကြ၏။ ဘိုးညီတင့်ခမျာ ဖုန်းစုတ်ကလေးကိုင်ကာ ခြံထဲလှည့်ပတ်ပြေးရရှာ၏။ သရက်ခြံထဲရောက်၌လိုင်းဖွင့်လိုက်သော် အစည်းဝေးစနေပေပြီ။ ဇကလေး၏နောက်ကျောတွင် ဆိုင်းဘုတ်တခုတွေ့ရ၏။ ဘိုးညီတင့်ဖုန်းထဲတွင်ဖတ်မရသဖြင့်  ...

ဘိုးညီတင့် ။ ။ ဇကလေး၊ မင့်နောက်ကျောကဆိုင်းဘုတ်က ဘာဆိုင်းဘုတ်တုန်း။
မူးမြင့်အောင် ။  ။ ကျုပ်လဲ အဲဒါမေးမလို့ဗျ။ ဘိုးညီတင့်မရောက်သေးလို့။ ရေးထားတာကမြန်မာ့တိုင်းရင်းဆေးပညာရှင် နန်းတွင်းသမားတော်ကြီးမြေးဆရာကြီးဇကလေးတဲ့။
ဘိုးနွေစမ်း ။ ။ ကွန်ပြူတာဒီဇိုင်းပညာရှင်က ဘယ့်နှယ့်တိုင်းရင်းဆေးဆရာကြီးဖြစ်သွားရတာတုန်းဇကလေးရဲ့။
ဇကလေး ။  ။ ဒီလိုဗျ။ ကျနော်တို့အဘေးက နန်းတွင်းဆေးဆရာကြီးလေ။ ဆရာဇီဝကတဲ့။ ကနောင်မင်းသားလုပ်ကြံမှုမှာ မြင်ကွန်းမင်းသားကိုဆေးကုပေးမိလို့မင်းတုန်းမင်းက အမျက်တော်ရှသတဲ့။ သေဘေးဆိုတော့ ကျနော့အဘေးလည်းအောက်ပြည်အောက်ရွာထွက်ပြေးရရှာတယ်။ အောက်ပြည်အောက်ရွာရောက်တော့ နန်းတွင်းသမားတော်ကြီးမှန်းလူသိမှာစိုးလို့ ဆေးကုမစားရဲ။ ကုန်သည်လုပ်စားရရှာတယ်။ ဆေးမကုပေမဲ့အဘေးက သူ့ပညာမတိမ်ကောအောင် သားသမီးတွေကိုလက်ဆင့်ကမ်းသင်ပေးခဲ့တာ အခုကျနော့်အထိပေါ့ဗျာ။
ဘိုးညီတင့် ။ ။ မောင်ရင်ကအခုမှ ဘာလို့ဆိုင်းဘုတ်ချိတ်ရတာတုန်း။ ဆေးကုစားတော့မလို့လား။
ဇကလေး ။  ။ သိတဲ့အတိုင်းပေါ့ဘိုးညီတင့်ရယ်။ လူတွေအားလုံးကြပ်တည်းတဲ့ခေတ်ကြီးမှာ ဘယ်ကလာ ကျနော့မှာအလုပ်ရှိတော့မလဲ။ ဒီတော့တတ်သည့်ပညာမနေသာဆိုသလိုဆေးကုဖို့ကြံစည်ရတာပေါ့။
မူးမြင့်အောင် ။ ။ ဒီခေတ်ကြပ်ကြီးထဲ ကြီးပွားချမ်းသာသူတွေလဲရှိပါသေးတယ်ဇကလေးရ။ လက်ဆေးဂျယ်၊ ဆပ်ပြာ၊ မက်၊ ဆေးဝါး ထုတ်လုပ်သူတွေ၊ မတန်တဆဈေးတင်ရောင်းချသူတွေ၊ ဒို့ဇွန်းမီတင်ပေးနေတဲ့တယ်လီဖုန်းအော်ပရေတာတွေ၊ နဂိုကထက်တောင်ဝင်ငွေကောင်းနေကြသဗျာ။

ဘိုးညီတင့် ။  ။ အမယ် လော့ဒေါင်းချတော့မယ်ဆိုပြီး ကြက်ဥကစ စားသောက်ကုန် မတန်တဆဈေးတင်ရောင်းသူတွေလည်း ကြီးပွားကုန်ပါပြီ။
ဘိုးနွေစမ်း ။ ။ အောက်ဆီဂျင်အိုးမတန်တဆ ရောင်းနေသူတွေ။ မီးသင်္ဂြိုလ်စက်နဲ့ပတ်သက်ဆက်နွယ်သူတွေလည်း ဝင်ငွေသောက်သောက်လဲဆိုပဲ။ ရန်ကုန်မှာအလောင်းတလောင်းမြေချပြာဖြစ်ဖို့ လေးငါးဆယ်သိန်းကုန်တယ်ဆို၊ မင်းတိုင်းရင်းဆေးနန်းတွင်းသမားတော်ကြီးမြေးဆိုတာတော့ဟုတ်ပါပြီ၊ ဘာလို့ ကိုဗစ်အထူးကုသည်လို့ ဆိုင်းဘုတ်မှာရေးထားရတာတုန်း။ မင်းအဘေးလက်ထက်က ကိုဗစ်ကုနည်းမပေါ်လောက်သေးပါဘူး။

ဇကလေး ။ ။ ဒါကဒီလိုရှိတယ်ဘိုးနွေစမ်းရ။ နိုင်ငံတော်ကလည်း တိုင်းရင်းဆေးဝါးနဲ့ကိုဗစ်ကုသဖို့ လမ်းညွှန်ထားတယ်မဟုတ်လား။ ကျနော်ကိုယ်တိုင်လဲတိုင်းရင်းဆေးနဲ့ကိုဗစ်ကုသဖို့ သုတေသနလုပ်နေတာကြာပြီဗျ။ စမ်းသပ်စရာလူနာတွေကလဲ မိတ်ဆွေထဲ၊ အမျိုးထဲပေါနေတော့ ဟန်ကျတာပေါ့။ ခုကျနော့်သုတေသနတွေအောင်မြင်လို့ ဆိုင်းဘုတ်ချိတ် ဆေးရောင်းဖို့စိတ်ကူးမိတာ။

မူးမြင့်အောင် ။ ။ မင်းကိုယ်တိုင်လိုက်မကုဘဲ ဆေးပေးရုံနဲ့အဆင်ပြေပါ့မလား ဇကလေးရ။
ဇကလေး ။  ။ ပြေသမှသိပ်ပြေ။ ဆေးညွှန်းနားမလည်ရင် ကျုပ်ကိုဖုန်းဆက်မေး၊ အွန်းလိုင်းကမေးရအောင် စီစဉ်ထားသဗျာ။
ဘိုးနွေစမ်း ။ ။ နို့ ၊ မင်းရဲ့ဆေးဝါးတွေကဘယ်လိုဆေးဝါးတွေလဲ၊ ငါတို့နမူနာပြပါဦးကွ။
ဇကလေး ။  ။ ကျနော့်ဆေးက ကာကွယ်ဆေးနဲ့ကုသဆေးဆိုပြီး နှစ်မျိုးထုတ်လုပ်ထားပါတယ်။
ဘိုးညီတင့် ။ ။ တယ်နေရာကျပါလဇကလေးရ။

ဇကလေး ။ ။(လက်ထဲကဆေးပုလင်းကိုင်မြှောက်ပြလျက်)ဟောဒါက ပဉ္စမဓူကာကွယ်ဆေးရည်ဗျ။ ကွမ်းရွက်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ထန်းလျက်ငါးပါးဆေး။ သူများလိုပြုတ်ရေမဟုတ်ဘူး။ အာနိသင်ပိုကောင်းအောင် ပေါင်းခံထုတ်လုပ်ထားတာ။ ဟောဒါက လက်ဆေးဖို့ ရှားစောင်းလက်ပတ်လက်ဆေးရည်။

မူးမြင့်အောင် ။ ။ ကာကွယ်ဆေးကတော့ကောင်းသားပဲ။ ကုသဆေးတွေကကော။
ဇကလေး ။  ။ ဒါကကိုဗစ်အတွက်ပိုးသတ်ဆေး။ ကက်ဆူးအနေနဲ့ထုတ်ထားတာသောက်ရလွယ်အောင်၊ လောက်သေရွက်ကိုအမှုန့်ကြိတ်ပြီး ဆေး တောင့်လုပ်ထားတာ။ ဟောဒါက ချောင်းဆိုးလာရင်သောက်ရမဲ့ ရဲယိုရွက်ဆေးပြား။ ဟောဒါက သွေးကျဲဆေး၊ သက်ရင်းကြီးရွက်နဲ့ လက်ပံပွင့်ခြောက်မှုန့်ကက်ဆူး။

ဘိုးနွေစမ်း ။ ။ ကုသတာတော့ဟုတ်ပါပြီ။ လူနာတယောက် ကိုဗစ်ဖြစ်မဖြစ် မင်းဘယ်လိုစမ်းသပ်မတုန်းဟ။

ဇကလေး ။ ။ အဲဒီအတွက်လဲဆေးဖော်ထားပါတယ်ဗျာ။ ကိုဗစ်စမ်းသပ်ရှူဆေးနဲ့ လျှာပွတ်ဆေး။ အင်္ဂလိပ်ဆေးတွေက ဓါတ်ခွဲခန်းမှာစမ်း။ စတစ်နဲ့စမ်းလုပ်ရသေးတယ်။ ကျုပ်ရှူဆေးတဗူးနဲ့လျှာပွတ်းဆေးတဗူးဆို လူတွေရာချီပြီးစမ်းနိုင်တယ်ဗျာ။ ကိုဗစ်သံသယဖြစ်ရင် ကျုပ်ရှူဆေးရှူကြည့်၊ အနံ့မရရင်ကိုဗစ်ပေါ့။ တချို့အရသာပျောက်ကြတယ်မဟုတ်လား။ ကျုပ်လျှာပွတ်ဆေးလျက်ကြည့်ပါ၊ အရသာမရှိရင် ကိုဗစ်သေချာပြီလေ။

ဘိုးညီတင့် ။ ။ ပိုးသတ်ဆေး၊ သွေးကျဲဆေးတွေနဲ့ကုတာတော့ဟုတ်ပါပြီ။ လူနာကအောက်ဆီဂျင်ကျရင် ဘယ်လိုလုပ်မလဲ။

ဇကလေး ။ ။ ဟောဒီမှာဝါးကျည်တောက်တွေမြင်တယ်မဟုတ်လား။ ဒါအောက်ဆီဗူးတွေလေ။ ကုန်ရင်စက်ရုံသွားဖြည့်စရာမလိုဘူး။ ခွေးတောက်ရွက်ထောင်းထည့်လိုက်ရင်ပြီးပြီ။ အောက်ဆီဂျင်တိုင်းတဲ့အောက်ဆီမီတာလဲမလိုဘူးဗျ။ ကျုပ်အောက်ဆီဂျင်ဗူးတွေက ဘယ်သူရှူရှူ ဘယ်လိုရှူရှူ အန္တရာယ်မဖြစ်ဘူး။

မူးမြင့်အောင် ။  ။ အော်ဇကလေး။ မင်းကိုအထင်သေးမိတာမှားပြီ။ တယ်ကောင်းတဲ့တိုင်းရင်းဆေးတွေပါလား။ ဒါတွေကိုဘယ်လိုဈေးနှုန်းသတ်မှတ်ရောင်းချမှာလဲ။

ဇကလေး ။  ။ ကိုဗစ်ကုသစရိတ်သိန်းဆယ်ချီကုန်ကျနေချိန်မှာ သောင်းဂဏန်းနဲ့ပျောက်စေရမယ်ဗျာ။ ဈေးချိုချိုနဲ့ရောင်းပေးမှာပေါ့။ ကုန်ကြမ်းပြတ်မှာစိုးလို့ ဘိုးညီတင့်နဲ့ဘိုးနွေစမ်းက ရွာမှာကုန်ကြမ်းရှာပေးကြ။ ခင်ဗျားတို့လဲဝင်ငွေရှိအောင်။

ဘိုးညီတင့် ။  ။ ဒီလိုကုန်ကြမ်းတွေကတော့ လိုသလောက်ရပါစေ့မယ်ဗျာ။

ဇကလေး ။  ။ ပြီးတော့ မူးမြင့်အောင်နဲ့ခင်ဗျားတို့သုံးယောက်စလုံးဆေးကိုယ်စားလှယ်လုပ်စေချင်တယ်။ အားလုံးဝင်ငွေရအောင်လို့။

မူးမြင့်အောင်၊ ဘိုးနွေစမ်း၊ ဘိုးညီတင့် ။ ။ ဟာ လုပ်မှာပေါ့ဇကလေးရာ။

ဇကလေး ။ ။ အရီးဝင့်တို့ အရီးနီတာတို့၊ ဦးညီပုကြီးတို့ကိုလဲ ကိုယ်စားလှယ်လုပ်ခိုင်းရမယ်။ သူတို့ဆီဖုန်းဆက်ရမှာမို့ အစည်းဝေးရပ်ကြစို့ဗျို့။

     မကြာမီမြန်မာတိုင်းရင်းဆေးပညာရှင် နန်းတွင်းသမားတော်ကြီးမြေးဇကလေး၏ ကိုဗစ်ကုသ၊ ကာကွယ်ဆေးဝါးများ ဈေးနှုန်းချိုသာစွာဖြန့်ချိရောင်းချပေးပါတော့မည်။ တိုင်းရင်းသားပြည်ပြည်သူအပေါင်း D dayမျှော်သလိုမျှော်ကြကုန်လော့ ။ ။

တိုင်းရင်းသားညီအစ်ကိုအပေါင်း ပိုးရန်၊ကျည်ဆံအန္တရာယ်အသွယ်သွယ်ဖြတ်ကျော်နိုင်ပါစေ။

ဘိုးညီတင့်

-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar