Breaking News

အောင်ဝေး - တိုးကြီး

Art - Than Htay Maung
မိုးမခကဗျာ
သြဂုတ် ၄၊ ၂၀၂၁
-
တိုးကြီး
အောင်ဝေး

ညီလေး
မင်း ပြန်ရောက်ပြီလား။
ကဗျာဆရာဆိုပြီးတော့လည်း
အသက်တစ်ချောင်း
အပိုမပါဘူး။
ကိုယ့်အသက်ကို
ကိုယ် ရှင်အောင်မွေး။
လိုအပ်လို့
(မင်းအောင်လှိုင်နဲ့)
အသက်ချင်း ယှဉ်ရိုက်ရမယ်ဆိုရင်
ငါတို့က နိုင်မှ။
အချစ်နဲ့တို့ထိလိုက်ရင်
လူတိုင်းကဗျာဆရာဖြစ်သတဲ့။
ဒါက
ပေလတို ကြ။
ငတိုး မဟုတ်ဘူး
ဒတဝခ မဟုတ်ဘူး။
အေး - ကိုဗစ်နဲ့တွေ့ရင်တော့
လူတိုင်း မသာဖြစ်တာပဲ။
ငဗစ်က
ကဗျာဆရာလည်း ဆောရီးပဲ။
ငဗစ်က
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်း
ဘောပဲ။
အဲဒီအကောင် ငဗစ်က
သူ့ထက်ညစ်တဲ့ စစ်အာဏာရှင်လည်း
ဠိပဲ။
ငါတို့မှာ
ငါတို့ပဲ ရှိတယ်
(အစ်ကိုကြီးမောင်သင်းခိုင်လည်း မရှိတော့ဘူး)
နွေဦးမှာ
ငါတို့ သီကျူးကြမယ်
အနီထဲက ကြယ်ဖြူပွင့်။
ငါတို့ပျံသန်းဖို့
ငါတို့ ကျန်းမာမှ ဖြစ်မယ်။
နှာခေါင်းစည်းကိုလည်း တပ်
ဒလန်ဆိုလည်း သတ်
(ရန်/ငါ ပြတ်မှဖြစ်မယ်)
ဆရာမြသန်းတင့်စကား
ပဲခူးရိုးမက မုဆိုးကြီးကိုဖိုးဇုံရဲ့တရား
ကိုယ်က ကျားကို မသတ်ရင်
ကျားက ကိုယ့်ကို သတ်မှာပဲ တဲ့။
ကိုဗစ်ကို သတ်
အိမ်စောင့်စစ်ခွေးကို သတ်။
ကိုဗစ်ကို နိုင်ရင်
မာရ်နတ်ကို နိုင်ပြီ။
အိပ်ရာဝင်တိုင်း
ဒေါ်အောင်ဆန်းစုကြည်ကိုရည်မှန်း ရှိခိုး။
မိုးလင်းရင်
အသက်ရှူလေ့ကျင့်ခန်း မှန်မှန်လုပ်။
တို့ဘဝ
တို့ မပိုင်ဘူး။
မင့် အနာဂတ်
မင့်သမီးလေး ရှရီပန်ထွာ ပိုင်တယ်။
မယိုင်မလဲနဲ့
ခိုင်စေမြဲစေ။
ငါတို့ ဂျူဒိုမှာ
တစ်ချက်ကောင်း (အိပွန်း) ဆိုတာ
ရှိတယ်။
ကဗျာကို
အိပွန်းဖြစ်အောင်ရေး။
ကဗျာတစ်ပုဒ်တည်းနဲ့
မင်းအောင်လှိုင် ဘုံးဘုံးလဲကျသွားအောင်ရေး၊ ငတိုး။
"ဓားတိုနေရင်
ရှေ့တိုးခုတ်" (ဇော်- ပျဉ်းမနား)
ရှေ့တိုးလိုက်
တိုးကြီး။
ဒေဝဒတ်ကိုကြိုးစင်တင်ဖို့
နွေဦးက
ကြိုးကျစ်နေပြီ။
အပ္ပမာဒေန သမ္ပာဒေထ။      ။

(သြဂုတ် ၃၊ ၂၀၂၁)

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar