Breaking News

ညိုထွန်းလူ - ဥယျာဥ်မှူး

(ဓာတ်ပုံ-ဦးမျိုးခင်-ထန်းရိပ်ညို)
ဥယျာဥ်မှူး
ညိုထွန်းလူ
(မိုးမခ)ဩဂုတ် ၃၊ ၂၀၂၁

ခြံဝန်းရှေ့မှာပေါက်ပြားနဲ့တူရွင်းကိုကိုင်ပြီးရပ်နေတဲ့သူ့ကိုကြည့်လိုက်ရင် အရွယ်နဲ့မလိုက်အောင်ဟန်တွေမာန်တွေနဲ့ တကယ့်ကိုအင်ပြည့်အားပြည့်။ သစ်ပင်
စိုက်တာဟာ အသက်ရှည်စေတယ်တဲ့။ ဟုတ်ပါပြီ။ ဘာအပင်တွေစိုက်မှာလဲ။ ဒါတော့မစဥ်းစားရသေးဘူး။ လောလောဆယ်တော့မိုးဦးကျချိန်မှာ မစိုက်ခင်မြေကြီးကိုအရင်ဆုံးတူးဆွထားလိုက်မယ်။ သစ်ပင်တွေစိုက်ချင်ပေမယ့်စိုက်ပျိုးစရာမြေနေရာကရှားတော့ ရှိတဲ့မြေနေရာကလေးမှာ တစ်ပင်လောက်ပဲစိုက်ရတော့မှာပါ။ ကိုယ်စိုက်တဲ့အပင်ကိုယ်ပဲတာဝန်ယူပြီ းရိပ်သိမ်းရစမြဲတဲ့။

ဟုတ်တာပေါ့။ ပေါက်လာတဲ့သစ်ပင်ကအကျိုးမပြုရင် ခုတ်ပစ်လိုက်ရုံပဲပေါ့။ ဘာခဲယဥ်းတာမှတ်လို့။ ဒါပေမယ့်ကိုယ့်ရဲမြေကွက်လပ်မှာမစိုက်ပျိုးဘဲနဲ့အလို
လိုရှင်သန်နေတဲ့သစ်ပင်တွေကလည်းတော်တော်ဒုက္ခပေးတယ်။ သူ့မျက်လုံးတွေကအညွန့်ထွက်နေတဲ့ သစ်ငုတ်ဆီကိုရောက်သွားတယ်။ စိတ်ပျက်စရာကောင်းတယ်။ အရိပ်လည်းမရ အသီးလည်းမစားရ ဘာတခုမှအကျိုးမပေးတဲ့ဒီအပင်ကို နှစ်တိုင်းခုတ်ပစ်နေပေမယ့် အချိန်တန်ရင်ပြန်ပြီးရှင်သန်လာပြန်တယ်။

တကယ်ဆိုရင် နောက်တကြိမ် အညွန့်ထွက်ပြီးပေါက်မလာအောင် အစကတည်းကအမြစ်ကိုလှန်ပြီး တစ်ပင်လုံးဖယ်ပစ်လိုက်ရမှာပါ။ အခုတော့ သစ်ပင်ကမြေကြီးထဲကိုနက်နက်ရှိုင်းရှိုင်အမြစ်တွယ်နေတဲ့အထိရောက်သွားပါပြီ။ တွေးရင်းနဲ့ဒေါသထွက်သွားတယ်။ ချက်ချင်းပဲသူ့ရဲ့ဆုံးဖြတ်ချက်ပြောင်းသွားတယ်။သစ်ပင်စိုက်စရာမြေနေရာရှားနေတဲ့အချိန်မှအကျိုးမပေးတဲ့အပင်ကို အစအနမကျန်အောင်လုပ်မှရတော့မယ်။

ဒီအချိန်မှာပဲဆိုင်ကယ်ဟွန်းသံကိုကြားရလို့လှမ်းကြည့်လိုက်တော့ စားသောက်ကုန်ပစ္စည်းတွေကို အိမ်အရောက်လိုက်ပို့နေတဲ့လူတယောက်ကိုတွေ့ရတယ်။ဆိုင်ကယ်သမားကသူ့ကိုလက်မတစ်ချောင်းထောင်ပြလိုက်တယ်။ သူ့အလုပ်ကိုအားပေးလိုက်တဲ့သဘောပါ။ ဆိုင်ကယ်သမားနဲ့သိတာသိပ်မကြာသေးဘူး။ အဲဒီလူကအရင်တုန်းက တက္ကသိုလ်ကလက်ထောက်ကထိကတစ်ယောက်။ အလုပ်ထုတ်ခံလိုက်ရတာတဲ့။ သူပြုံးမိသွားတယ်။ ဆိုင်ကယ်ဆရာကိုလေးစားမှုနဲ့ခေါင်းငြိမ့်ပြလိုက်ပါတယ်။ ပြီးတော့ စောစောကသူရွံမုန်းနေတဲ့သစ်ငုတ်ကိုလက်ထဲကပေါက်ပြားနဲ့ အားကုန်ခုတ်ထည့်လိုက်တယ်။ သူ့စိတ်အာရုံကနေ့စဥ်နေ့တိုင်းလိုလိုသစ်ပင်တွေဆီမှာပဲရှိနေတယ်။ ပင်စင်ယူခါနီးမှာအလုပ်ထွက်ခဲ့ရတဲ့အ လယ်တန်းကျောင်းအုပ်ရာထူးကိုတောင်မေ့လျော့နေတာကြာပါပကော။

(ဓာတ်ပုံ-ဦးမျိုးခင်-ထန်းရိပ်ညို)
ညိုထွန်းလူ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar