မိုးမခကဗျာများ - အောင်ဝေး၊ နေနိုင်၊ လင်းနွေးအိမ်
မိုးမခကဗျာများ
စက်တင်ဘာ ၂၃၊ ၂၀၂၁
''အိုးဝေညို''
အောင်ဝေး
ရွက်ကြွေညောင်းလို့
တပေါင်းလွန်လည်း
ဒေါင်းတွန်သံကြားမယ်။
မိုးရေထောင်းလို့
ချောင်းကျွန်ခံလည်း
ဒေါင်းတွန်သံကြားမြဲ။
နှင်းစိတ်ပြောင်းလို့
ဆောင်းကျွံပြန်လည်း
ဒေါင်းတွန်သံကြားတုန်း။
ငါတို့ မရှုံးကြေး
ငါတို့ အရှုံးမပေး
အဆုံးထိသွားမယ်။
သားရဲပေါတဲ့
ဒီတောဟေဝန်မြိုင်
မောင်းပြန်ထမ်းလို့
လွမ်းဖွယ့်ဂနိုင်
အိမ်ပြန်လမ်း
တမ်းတလို့ မမှိုင်လေနဲ့။
နိုင်ငံရေးဟာ
ငါတို့ တက္ကသိုလ်။
အိုးဝေညိုရေ
စနစ်ကို မကြိုက်လို့
စစ်ကိုတိုက်တိုက်။
ခေတ်ကို မကြိုက်လို့
စစ်ကိုတိုက်တိုက်။
စစ်တိုက်တယ်ဆိုတာ
နိုင်ငံရေးကို
ကျည်ဆန်ထဲ
ထည့်တိုက်တာပဲဆိုတာ
ဘယ်တော့မှ မမေ့နဲ့။
နိုင်ငံရေးမှန်ရင်
မုန်တိုင်းထန်လည်း
ရေဆန်ကိုဖြတ်
ကမ်းကိုကပ်မယ်
အနာဂတ်ဟာ ငါတို့လှေ။ ။
September 22. 2021
#First Day of Fall.
-
'' အရေးကြီးသတင်း ''
နေနိုင်
သူတို့ ပျော်နေကြတယ်
သူတို့ ပြုံးနေကြတယ်
သတိထား
လက်တစ်ဖက်ပြတ်နေတဲ့ ကျောင်းသားလေး
သတိထား
ရေငုံနှုတ်ပိတ်နေတဲ့ ကျောင်းသားလေး
တွေးနေ မြင်နေရုံနဲ့
ငါချစ်တဲ့အရာကို ငါပိုင်ဆိုင်နိုင်ပါ့မလား
သိနေ နားလည်နေရုံနဲ့
နာကျင်မှုကို မဖာထေးနိုင်ဘူး
ဗြဟ္မစိုရ်တရား လက်ကိုင်ထားနိုင်ရင်
တရားထူးရပြီလား
အသိ မမှားခဲ့ဘူး
နာကျင်ပါစေ
ယုံကြည်မှု မလွဲခဲ့ဘူး
အပြစ်ကင်းစေကွယ်
ကမ္ဘာဦးကျမ်းကို စွဲကိုင်လို့
လောဘတကြီး
မြေဟာ စားစရာ
အချစ်က မျက်စိမျက်နှာပျက်စရာ
မူဟန်သွယ်အမျိုးမျိုး
အတတ်နိုင်ဆုံး
စစ်မှန်စွာ ပြုံးလို့
ငြိမ်းချမ်းစွာ ပျော်နိုင်ပါစေ။
13-9-2019
...
'' နေထွက်မယ့်နေ့ ''
လင်းနွေးအိမ်
အို ... ချစ်ရသူတို့
အနိစ္စ ဆိုတဲ့ မမြဲချင်းကိုအမြဲသတိရပေးပါ။
ကောင်းတာလဲမမြဲဘူး
ဆိုးတာလဲမမြဲဘူး
အခုတွေ့နေတဲ့ဆိုးခြင်းတွေဟာ မမြဲဘူး
ငါတို့နိုင်တဲ့နေ့
ကောင်းခြင်းအဖြာဖြာနဲ့
အနမ်းပန်းတွေဝေလာမယ်။
ငါတို့နိုင်မှာသေချာတယ်
ငါတို့က ရိုးသားတဲ့ပြည်သူတွေပဲလေ။
...
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar