Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၂၂ ရက်မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၇ လ ၂၂ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၂၁

ရန်ကုန်မြို့ တနေ့တာ
စစ်အာဏာသိမ်းပြီး ၇ လကျော်အကြာ ရန်ကုန်မရဲ့တနေ့တာမှာ ညမထွက်ရ အမိန့်ကန့်သတ်နာရီကုန်ဆုံးတဲ့ မိုးမလင်းခင် ၄ နာရီနောက်ပိုင်းမှာ သွားလာကြတာတွေက ကုန်စိမ်းစျေးနဲ့ အသားငါးရောင်းချတဲ့ စျေးသည်တွေဖြစ်ပါတယ်။ သက်ဆိုင်ရာမြို့နယ်အလိုက် စျေးအသီးသီးမှာ ရောင်းချကြဖို့ လက်ကားစျေးကို ကာဖျူးချိန်ကုန်ဆုံးတာနဲ့ သွားဝယ်ကြတာပါ။ မိုးမလင်းခင်စောစော စျေးဝယ်ဖို့သွားကြတဲ့ လိုက်ထရပ်ကားတွေနဲ့ နေ့တနေ့ကို စတင်တာဖြစ်ပါတယ်။ ကိုဗစ်ကန့်သတ်ချက်တွေ မချမှတ်ခင်၊ စစ်အာဏာမသိမ်းခင်ကလို နယ်ကဝင်လာတဲ့ ခရီးသည်တင် ညအဝေးပြေးကားတွေလည်း အောင်မင်္ဂလာအဝေးပြေးဂိတ်ကို ဆိုက်ရောက်လာတာတွေလည်း မရှိတော့သလို မနက်မိုးမလင်းခင် အဝေးပြေးကားတွေကြိုတဲ့ တက္ကစီတွေလည်း ပြေးဆွဲစရာ မရှိသလောက်ဖြစ်သွားပါပြီ။ 

ခရီးထွက်တဲ့အခါ ရပ်ကွက်၊ မြို့နယ်ကျန်းမာရေး ရဲ့ထောက်ခံစာလိုတွေ စစ်ဆေးချိန်၊ ညမထွက်ရ အမိန့်တွေချမှတ်ချိန်တွေကစလို့ အဝေးပြေးခရီးသည်ကားတွေအနေနဲ့ ခရီးသည်အစား ကုန်ပစ္စည်းတွေကိုပဲ သယ်ဆောင်ပေးခြင်းနဲ့  ကားဂိတ်ရဲ့စရိတ်၊ ကားမောင်းသူအချို့ကို ဝင်ငွေရအောင် ထိန်းထားတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

မနက်လင်းလာတဲ့အခါမှာတော့ ဘတ်စ်ကားတွေလည်း ခပ်ကျဲကျဲ စပြေးကြပါပြီ။ ရန်ကုန်မြို့အရင်က လမ်းတွေပေါ်မှာ ပြည့်နှက်နေတဲ့ ဘတ်စ်ကားတွေ တက္ကစီတွေကို ခပ်ကျဲကျဲပဲ မြင်ကြရပါတော့တယ်။ မနက်မိုးလင်းလို့ ရုံးတက်ချိန် နံနက် ၈ နာရီ၊ ၉ နာရီဝန်းကျင်မှာ ခါတိုင်းဘတ်စကားတွေကြပ်တာ အဓိကလမ်းမကြီးတွေဖြစ်တဲ့ ကမ္ဘာအေးဘုရားလမ်း၊ လှည်းတန်း၊ ရွှေဂုံတိုင်၊ တာမွေအဝိုင်းလမ်းဆုံတွေလိုနေရာတွေမှာ မီးပွိုင့်စောင့်တဲ့ ကားတန်းရှည်တွေမမြင်ရတော့ပါဘူး။ ကိုဗစ်ကန့်သတ်ချက်တွေ တင်းတင်ကြပ်ကြပ်ချမှတ်တဲ့ မနှစ် စက်တင်ဘာနောက်ပိုင်း တောက်လျှောက် မမြင်ရသလောက်ဖြစ်သွားတာ ဖြစ်ပါတယ်။ 

အလုပ်သွားသူတွေ ကျိုကျဲ ကျိုကျဲရှိပြီး ကိုယ်ပိုင်ကားတွေ ပစ္စည်းပို့တဲ့ကားတွေသာ နေ့စဥ် လမ်းပေါ်မှာ မြင်တွေ့ရတာပါ။ 

လမ်းတလျှောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ ဆေးရုံနဲ့  စစ်တပ်စခန်းချတဲ့ ကျောင်းလို အစိုးရရုံးဝင်းလို နေရာမျိုးတွေ ရှေ့မှာ သံဆူးကြိုးနဲ့ အတားအဆီးတွေကို ကားတစီးစီ အရှိန်လျော့ပြီး ကွေ့ကောက်မောင်းရအောင် လုပ်ထားတာလည်း တမြို့လုံးမှာတွေ့ရမှာဖြစ်ပါတယ်။ ဗဟန်းရဲစခန်း၊ တောင်ဥက္ကလာရဲစခန်း၊ သင်္ဃန်းကျွန်းရဲစခန်း သာကေတရဲစခန်း စတဲ့ လမ်းမကြီးပေါ်မှာရှိတဲ့ ရဲစခန်းတွေရှေ့မှာ အဲလို ကွေ့ကောက်မောင်းရတာကြောင့် ကားအနည်းငယ် တန်းစီနေကြတာမျိုးတော့တွေ့ရပါလိမ့်မယ်။ 


စီးတီးမတ်လို ကုန်တိုက်တွေ အနီးတဝိုက်မှာတော့ စျေးဝယ်တဲ့ ကိုယ်ပိုင်ကားတွေ စည်ကားနေတာတွေ့ရပါတယ်။ တခါတခါမှာတော့ လမ်းမကြီးတွေရဲ့ တနေရာမှာ စစ်ကား၊​ ရဲတွေနဲ့ လာတဲ့ကားတွေကို စစ်ဆေးတာ၊ ကားနောက်ခန်းဖွင့်ကြည့်တာ ပါလာတဲ့ဖုန်းတို့ပစ္စည်းတို့ကို စစ်ဆေးတာမျိုးတွေလည်း လုပ်တာကြုံရလေ့ရှိပါတယ်။ စစ်သားတွေက လက်နက်တွေကိုင်ထားပြီး တားဆီးကာ ရဲတွေကကားပေါ်ပါလူတွေကို စစ်ဆေးလေ့ရှိပါတယ်။ တခါတရံမှာတော့ စစ်သားတွေကိုယ်တိုင် စစ်ဆေးတဲ့အခါမျိုးလည်း ရှိပါတယ်။ 

ရန်ကုန်မြို့ထဲ မနက်ခင်းလို နေ့ခင်းလို ညနေလိုအချိန်မျိုးတွေမှာ စစ်ထရပ်ကားတွေ၊ တာတာအမျိုးအစား ဒဗယ်ကက် စစ်ကားနဲ့ လက်နက်ကိုင် ကားတစီးမှာ ၃/၄ ဦးကနေ အများဆုံး ၅/၆ ဦးလောက်ပါတဲ့ ကင်းလှည့်တာတွေလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အများအားဖြင့် တစီး နှစ်စီး လောက်သာပါလေ့ရှိပါတယ်၊ တခါတရံမှသာ စစ်ကားနဲ့ ရဲကား ၄/၅ စီးတန်းစီပြီး လှည့်တာတွေ့ရလေ့ရှိပါတယ်။
 
စက်တင်ဘာ ၇ ရက်နေ့ NUG ရဲ့ တော်လှန်ရေးစတင်ပြီ ဆိုတဲ့ နှိုးဆော်တဲ့ ရက်နောက်ပိုင်းရက်တွေမှာတော့ စစ်ကားတွေ မြို့ထဲလှည့်တာ ပိုစိပ်လာတာတွေ့ရသလို လမး်ပိတ်စစ်ဆေးတာလည်း အကြိမ်ရေများလာတာတွေ့ရပါတယ်။ 

စက်တင်ဘာ ၇ ရက်နေ့နောက်ပိုင်း ပေါက်ကွဲမှုလည်း အကြိမ်ရေများလာသလို သတင်းပေး၊ လို့ဆိုသူတွေ၊ ထွေ/အုပ် ဝန်ထမ်း၊ ရာအိမ်မှုး၊ အုပ်ချုပ်ရေးမှူးတွေကို လုပ်ကြံသတ်ဖြတ်မှု တွေပိုများလာတာတွေ့ရပါတယ်။ 

ရပ်ကွက်ထွေအုပ်ရုံးတွေမှာလည်း ရှေ့မှာ ကြိုးတွေနဲ့ ကားအမြန်မောင်းလို့မရအောင် အတားအဆီးတွေနဲ့ ရုံးနားကပ်လို့မရအောင် ကြိုးတားတာ၊ သံဆူးကြိုးတွေ အကာအရံလုပ်တာတွေ ကားတာယာ၊ သဲအိတ်လိုတွေနဲ့ ရပ်ကွက်တိုင်း လုပ်ထားကြပါတယ်။ 

ဧည့်စာရင်းစစ်ဖို့ အကြောင်းပြပြီး လူဝင်ဖမ်းတာလည်းရှိသလို အချို့ လူနေထူထပ်တဲ့ ရပ်ကွက်၊ မကြာခဏ ဗုံးကွဲတဲ့ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေ ပစ်သတ်ခံရတဲ့ရပ်ကွက်တွေမှာတော့ ဧည့်စာရင်းစစ်တာမျိုး တခါတရံ လုပ်လေ့ရှိပါတယ်။ 

ဧည့်စာရင်းစစ်တယ်လို့သာ ဆိုပေမယ့်လည်း ဧည့်စာရင်းတုိင်ချင်ရင်တောင်မှ ရပ်ကွက်ရုံးက နေ့စဥ်မဖွင့်ကြပါဘူး။ ဘယ်နေ့ဖွင့်မယ်ဆိုတာ တိတိပပ မပြောတဲ့ ရပ်ကွက်လည်း အများအပြားရှိသလို တချို့ရပ်ကွက်မှာတော့ ရာအိမ်မှူးလိုလူက ရုံးမှာမထိုင်ပဲ လမ်းထဲက ထောင့်တထောင့်မှာ တနေ့တနေရာပြောင်း အချိန်ပြောင်းပြီး ထိုင်တဲ့အခါမျိုးမှာ တိုင်ကြရတယ်လို့ဆိုပါတယ်။ ရန်ကုန်မြို့နယ်တခုမှာဆို ရပ်ကွက်ရုံးကို အုပ်ချုပ်ရေးမှူးလည်းမလာ၊ ရာအိမ်မှူးလည်းမလာပဲ ဧည့်စာရင်းတိုင်ချင်ရင် ရပ်ကွက်ထဲက ပွဲစားလုပ်သူ ကြားခံတယောက်ကို ဖုန်းဆက်ပြီး စာရင်းသွားပေးရတာ၊ တလစာ ဧည့်စာရင်းအတွက် လက်ဖက်ရည်ဖိုး တသောင်းကျပ်ပေးလိုက်ရတယ်လို့လည်း ကြားသိရတာတွေရှိပါတယ်။

မြို့ထဲက တချို့ရပ်ကွက်ကတော့ တပတ်လုံးမှာမှ ၂ ရက်သာဖွင့်ပြီး တရက်မှာ ဖွင့်ချိန် ၂ နာရီသာဖွင့်တဲ့ ရပ်ကွက်တွေလည်း ရှိပါတယ်။ 

အုပ်ချုပ်ရေးက ပြန်မတည်ဆောက်နိုင်သေးတာ အမှန်ပဲဖြစ်ပါတယ်။ တဖက်မှာလည်း ဧည့်စာရင်းမတိုင်ရင် ဖမ်းမယ် ဆီးမယ်ဆိုတဲ့ ခြောက်လှန့်ထားတဲ့အချက်ကြောင့် စိုးရိမ်သူတွေက သွားတိုင်ကြတဲ့အခြေအနေမျိုးလို့ဆိုရမှာ ဖြစ်ပါတယ်။  ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်က လှိုင်မြို့နယ်မှာ ဧည့်စာရင်းမတိုင်ထားသူ ၁၀၀ ကျော်ကိုဖမ်းသွားပြီး စခန်းမှာ တညထားကာ နောက်နေ့မှ ပြန်လွှတ်ပေးခဲ့တဲ့အဖြစ်မျိုးလည်း ဖြစ်ခဲ့တာပါ။ 

ရန်ကုန်မြို့ရဲ့ နောက်မြင်ကွင်းတခုကတော့ ကိုဗစ်ကန့်သတ်မှုကြောင့် ဖွင့်လိုက်ပိတ်လိုက် အကြိမ်များစွာလုပ်ခဲ့ရတဲ့ စားသောက်ဆိုင်တွေထဲက တချို့က ခုရက်ပိုင်း တရားဝင်မကြေညာပေမယ့်လည်း ဆိုင်မှာထိုင်စားသောက်နိုင်တဲ့အနေအထားကို စမ်းသပ်လုပ်ကိုင်ကြည့်နေကြပါပြီ။ 
ပစ်ခတ်မှု၊ လုပ်ကြံမှု၊ ဖမ်းဆီးမှု၊ သတ်ဖြတ်မှုတွေရှိနေတဲ့ကြားထဲ ကိုဗစ်ကူးစက်မှု အမြင့်ဆုံး ဇူလိုင်နဲ့ သြဂုတ်လဆန်းကျော်လာတဲ့နောက် ရန်ကုန်မြို့ပေါ်က စားသောက်ဆိုင်ကြီးတချို့၊ ဘီယာဆိုင်တချို့နဲ့ လက်ဘက်ရည်ဆိုင်တချို့ကတော့ ပါဆယ်စနစ် သို့မဟုတ် လုံးဝနားထားခဲ့ကြတာ ဖြစ်ပါတယ်။ 

ကိုဗစ်ကန့်သတ်မှု ၈ လ၊ ၉ လကျော်ကာလကို ပါဆယ်သာရောင်းချရတဲ့ အခြေအနေနဲ့ ဖြတ်ကျော်ပြီး ဖေဖော်ဝါရီ စစ်အာဏာသိမ်းအပြီးမှာတော့ မတည်ငြိမ်မှုများနဲ့ စီးပွားရေးအနာဂတ်က မှုန်ဝါးသွားတာကို သဘောပေါက်သွားတဲ့စားသောက်ဆိုင်တွေ အများအပြား၊ လည်ဖက်ရည်ဆိုင်၊ ကေတီဗွီစတာတွေ အပြီးတိုင်ရပ်နားသွားကြတာ တွေ့ရပါတယ်။ 

ပြီးခဲ့တဲ့ ဆယ်စုနှစ် စီးပွားရေးအခွင့်အလမ်းတွေကောင်းနေစဥ်က စားသောက်ဆိုင်၊ ကေတီဗွီတွေနဲ့ တောက်လျောက်ဆက်နေတဲ့ ဆရာစံလမ်းလိုမျိုးကို အခုနေ ဖြတ်သန်းကြည့်တဲ့အခါ ပေ ၆၀ လောက် မျက်နှာစာရှိတဲ့နဲ့ ဗျူးတီးဟေ့ာပေါ့ဆိုင်ဆိုရင် အပြီးတိုင်ပိတ်သိမ်းသွားပြီး ဆိုင်းဘုတ်တွေ ဖြုတ်ချထားကာ အဆောက်အဦက ဘယ်စီးပွားရေးလုပ်ငန်းမှ အစားထိုးလုပ်ကိုင်ခြင်းမရှိတာ မြင်ရမှာပါ။ အလားတူပဲ ဝေဇယန္တာလမ်းလို သစ္စာလမ်းလို လမ်းမကြီးတွေပေါ်က စားသောက်ဆိုင်ကြီးတွေ ဟော့ပေါ့ဆိုင်ကြီးတွေလည်း အများစုပိတ်ထားကြပြီဖြစ်ပါတယ်။ 

ခုသီတင်းပတ်တွင်း ရှားရှားပါးပါးပြန်ဖွင့်တဲ့ ဘီယာဆိုင်လိုမျိုးမှာတော့ မွန်းလွဲပိုင်းလောက်ကစလို့ ဘီယာသောက်သူတွေ ဆိုင်ထိုင်သူတွေရှိလာနေတာ ယခုတပတ်ထဲ တွေ့လာရပါတယ်။ ပုံမှန်ကာလမှာ ဘီယာဆိုင်နဲ့တွဲလျှက် စားသောက်ဆိုင်တွေက ညနေ ၆ နာရီလောက်မှ စတင်ပြီး ဧည့်သည်ဝင်ကြပေမယ့်လည်း အခုလိုကားဖျူးရှိတဲ့ကာလ၊ ညနေမမှောင်ခင် အိမ်ရောက်အောင် ကြိုးစားပြန်ကြသူများတဲ့ကာလမှာ မွန်းလွဲ ၂ နာရီခွဲ ၃ နာရီလောက်ကတည်းက ဘီယာဆိုင်တွေမှာ လူစည်ကားနေတာလည်း တွေ့ရပါတယ်။ ညမမှောင်ခင် ၇ နာရီ ၈ နာရီမထိုးခင် အားလုံးနီးပါး ပြန်ကြ တိတ်ဆိတ်သွားကြတာလည်း ဖြစ်ပါတယ်။ 

ညဘက် ၈နာရီဝန်းကျင်လောက်ဆိုရင်တော့ ရန်ကုန်မြို့ရဲ့လမ်းတွေေပါ်မှာ ကားအသွားအလာ အတော်နည်းသွားပြီး လမ်းသွားရင် ကိုယ်တယောက်ထဲလို့တောင် ထင်မြင်ကြပါတယ်။ ရပ်ကွက်တွေထဲ လမ်းတွေထဲမှာလည်း လမ်းပေါ်ထွက်ပြီး ဆော့ကစားကြတာတွေ ပြီးခဲ့တဲ့ ဇူလိုင်လ ကိုဗစ်ကူးစက်မှုတွေ ပြင်းထန်ချိန်ကတည်းက မတွေ့ရသလောက်ြဖစ်သွားခဲ့တာပါ။ 

ခါတိုင်း ကလေးတွေဆော့ကစားနေလေ့ရှိတဲ့ လမ်းသွယ်တွေထဲ ညနေ ၆ နာရီကျော်လောက်ဆိုရင်ပဲ လူကြီးလူငယ်တယောက်မျှ မတွေ့ရတော့ပဲ ရှင်းလင်းနေတဲ့လမ်းတွေကို တွေ့ရတာ ဖြစ်ပါတယ်။ 

ကားအသွားအလာတော့ ဆယ်မိနစ် မိနစ် ၂၀ လောက်မှာ တခါတခါရှိတတ်ပေမယ့် လမ်းထဲ တိတ်ဆိတ်ကာ ညမထွက်ရ သတ်မှတ်ချိန်က ၁၀ နာရီဖြစ်ပေမယ့် ည ၇ နာရီဝန်းကျင်ကတည်းက ရပ်ကွက်တွေထဲ ဘယ်သူမှ အပြင်မထွက်ကြတော့တဲ့သဘောလည်း ဖြစ်ပါတယ်။ တနည်းအားဖြင့် ရှင်းလင်းနေတဲ့ လမ်းတွေကိုကြည့်ရင် ကြောက်လန့်မှုက ကြီးစိုးနေသလို ခံစားရပါတယ်။ 

ကိုဗစ်ကူးစက်မှု ပြင်းထန်တဲ့ ဇူလိုင်နဲ့ သြဂုတ်လအစောပိုင်းတုန်းကတော့ ပရဟိတလူမှုကူညီရေးအသင်းတွေရဲ့ လူနာသယ်၊ အရေးပေါ်ကားတွေရဲ့ အချက်ပေးသံတွေကို ညဘက်တွေမှာလည်း ကြိုကြား ကြိုကြား ကြားခဲ့ရတာဖြစ်ပြီး အခုလမှာတော့ အရေးပေါ်ကားသံတွေ ညဘက် သိပ်မကြားကြရတော့ပါဘူး။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar